Ethnic Issues

တိုင်းရင်းသားဒေသများ အပစ်ရပ်ပြီး မြေသိမ်းဖို့လား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူထားသော တိုင်းရင်းသားဒေသများသို့ ကုမ္ပဏီများ ဝင်ရောက်လာပြီးနောက် မြေယာသိမ်းယူမှုများ တိုးပွားလာနေသည့်ကိစ္စနှင့် ပတ်သက်ပြီး အစိုးရဖက်မှ ဖြေရှင်းဆောင်ရွက်ပေးရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံတကာ အသိုင်း အဝိုင်းမှ တောင်းဆိုလိုက်ကြသည်။

တိုင်းရင်းသားအရေး တက်ကြွဆောင်ရွက်သည့် အဖွဲ့ပေါင်း ၄၀ခန့်မှ တွေ့ဆုံဆွေးနွေးခွင့်ပြုရန် တောင်းခံမှုကို အစိုးရ၏ မြေယာနှင့် သက်ဆိုင်သည့် ကော်မတီ နှစ်ခုက ယခင်အပတ်က ပယ်ချလိုက်သည်။ သို့သော် သမ္မတဦးသိန်းစိန်၏ အကြံပေးပုဂ္ဂိုလ်တဦးက နေပြည်တော်တွင် တွေ့ဆုံ၍ နှစ်သိမ့်အားပေးရန် ကြိုးစားခဲ့ကြောင်း သိရသည်။

နယ်သာလန်အခြေစိုက် Transnational Institute မှ သုတေသီတဦး ဖြစ်သည့် Kevin Woods က ဧရာဝတီသို့ ပြောကြားရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်အမတ် ဦးတင်ထွဋ် ဦးဆောင်သည့် မြေယာ ရင်းနှီးမြှုပ်နှံမှု ကော်မတီနှင့် သဘာဝပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ဦးဝင်းထွန်းမင်း ဦးဆောင်သည့် မြေယာခွဲဝေချထားမှုနှင့် အသုံးပြုမှု စိစစ်ရေးကော်မတီ များက တွေ့ဆုံခွင့်ပြုရန် မေတ္တာရပ်ခံမှုကို ငြင်းပယ်ခဲ့ကြသည်ဟု ဆိုသည်။

“ဒီကော်မတီ နှစ်ခုက အရေးပါတဲ့ အတွက် ကျနော်တို့တွေ့ဖို့ လိုအပ်ပါတယ်။ တကယ်လို့ သူတို့က မြေယာအငြင်းပွားမှု တွေ အများဆုံးဖြစ်ပွားနေတဲ့ တိုင်းရင်းသားလူမျိုးစု ဒေသတွေက အရပ်ဖက်လူမှုရေးအဖွဲ့အစည်းတွေနဲ့ မတွေ့ချင်ဘူးဆိုရင် သူတို့က ဒီလိုပြဿနာတွေကို ဘယ်လိုဖြေရှင်းဖို့ မျှော်လင့်နေကြသလဲ မသိဘူး” ဟု မေလ ၉ ရက်နေ့ တိုင်းရင်းသား အရေးလှုပ်ရှားသူများ အစိုးရရုံးစိုက်ရာ နေပြည်တော်သို့ ထွက်ခွာရန်ပြင်ဆင်နေကြချိန်တွင် Kevin Woods က ဆိုသည်။

သမ္မတ၏ အကြံပေးအဖွဲ့ အချို့ဖြစ်သည့် မြန်မာငြိမ်းချမ်းရေးစန်တာ နှင့် အမျိုးသား စီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ တို့ကမူ တွေ့ဆုံဆွေးနွေးရန် လက်ခံခဲ့သည်။

မြန်မာနိုင်ငံ တဝှမ်းမှ အစိုးရမဟုတ်သည့် တိုင်းရင်းသားအဖွဲ့အစည်း ၄၀ ကျော်နှင့် ထိုင်းနိုင်ငံ နယ်စပ်တွင်အခြေစိုက်သည့် အဖွဲ့များသည် အရင်အပတ်အတွင်းက ရန်ကုန်မြို့တွင်တွေ့ဆုံကြပြီးနောက် တစထက်တစ ပိုမိုများပြားလာသည့် တိုင်းရင်း သားဒေသများမှ မြေယာအငြင်းပွားမှုများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးမှုများ ပြုလုပ်ချိန်တွင် တိုင်းရင်းသားရေး လှုပ်ရှားသူများက သတ္တုတွင်းလုပ်ငန်းများနှင့် စိုက်ပျိုးရေးကုမ္ပဏီများ ကြောင့် တိုင်းရင်းသားဒေသခံများ၏ လယ်မြေဆုံးရှုံးမှုများ မြင့်တက်လာရခြင်းသည် မြေယာပိုင်ဆိုင်မှုနှင့် ပတ်သက်သော ဥပဒေ၏ အကာအကွယ်ကင်းမဲ့ခြင်းကြောင့် ဖြစ်သည်ဟု ထောက်ပြပြောဆိုခဲ့ကြသည်။

၂၀၁၂ မြေယာဥပဒေသည် မိရိုးဖလာ ရွှေ့ပြောင်း တောင်ယာ စနစ်ကို အားထားလုပ်ကိုင်သည့် လယ်သမားများ၏ မြေယာပိုင်ဆိုင်မှုကို သတ်မှတ်ရာတွင် အားနည်းချက်များ ရှိနေသည်။ ထို့အတူ မြေယာနှင့် စပ်လျဉ်းသော ဒေသဆိုင်ရာ အစဉ်အလာ ဥပဒေများ နှင့်လည်း မကိုက်ညီခြင်းများရှိနေသည်။ ကျေးလက်မှ တိုင်းရင်းသား လယ်သမားများအတွက် မြေယာပိုင်ဆိုင်ခွင့်ကို မှတ်ပုံတင်ရာ တွင်လည်း လုပ်ငန်းစဉ် အရပ်ရပ်အတွက် ကုန်ကျစရိတ်ကြီးမားခြင်းနှင့် လယ်သမားများတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြား မရှိခြင်း စသော အခက်အခဲများကြုံတွေ့နေရသည်။

“လယ်သမားတွေမှာ လယ်နဲ့ ပတ်သက်တဲ့ စာချုပ်စာတမ်း အထောက်အထားဘာမှကို မရှိဘူး၊ ဒီတော့ ဒီမြေကို ပိုင်ပါတယ် ဆိုတာ သက်သေပြလို့ မရတော့ဘူးပေါ့၊ ၂၀၁၂ မြေယာဥပဒေ အရဆိုရင် အသိမ်းခံလိုက်ရတဲ့ မြေအတွက် တရားရုံးသွားပြီး တရားစွဲလို့ မရတော့ဘူး” ဟု တောင်သူလယ်သမားအရေးဆောင်ရွက်နေသူ မစုစုနွေး က ဧရာဝတီသို့ ပြောပြသည်။

မြန်မာနိုင်ငံမှ လူနည်းစုဖြစ်သော တိုင်းရင်းသားလူမျိုးများသည် သတ္တုသိုက်များ၊ သစ်တော နှင့် မြေသြဇာကောင်းသည့် မြေများ ရှိပြီး ရေအားလျှပ်စစ်ထုတ်ယူရန် ဆည်တည်ဆောက်ဖို့ သင့်လျော်သည့် မြစ်များလည်း ရှိသော နယ်စပ်ဒေသ များတွင် နေထိုင်ကြသည်။ ထို့အပြင် ထိုဒေသများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် ဗဟိုအစိုးရတို့ အကြား စစ်ပွဲများ ကာလရှည်ကြာစွာ ဖြစ်ပွားခဲ့သည့်နေရာလည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် သြဇာအာဏာပြင်းသည့် စစ်တပ်သည် တိုင်းရင်းသားဒေသများမှ သဘာဝအရင်းအမြစ်များကို လိုချင်သည့် အခါတွင် လက်နက် အားကိုးနှင့် အနိုင်ကျင့်ရယူလေ့ရှိခဲ့သည်။ သို့သော်လည်း တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များနှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများ ရရှိခဲ့ပြီးသည့်နောက်တွင် သတ္တုတူးဖေါ်ရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်လိုသော ပြည်တွင်းပြည်ပ ကုမ္ပဏီများ တိုင်းရင်းသားတို့၏ ဒေသသို့ အလုံးအရင်းနှင့် ဝင်ရောက်လာခဲ့ကြသည်။ အချို့သော ကုမ္ပဏီများကို အစိုးရစစ်တပ်က ထောက်ပံ့ကူညီပြီး အချို့မှာတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ အထောက်အကူကို ရရှိကြသည်ဟု သိရသည်။

ရန်ကုန်မြို့တွင် စုစည်းမိကြသည့် တိုင်းရင်းသားအရေး ဆောင်ရွက်သူများနှင့် လူမျိုးစု ကိုယ်စားလှယ်များက ငြိမ်းချမ်းရေး ဟုဆိုသော်လည်း မြေယာလုယက်သိမ်းယူခံရခြင်း၊ သစ်တောများပျက်စီးဆုံးခြင်းနှင့် မြစ်ချောင်းများကို ရေကာတာများ နှင့် ပိတ်ဆို့ခံရခြင်း အဖြစ်များဆီသို့ ရောက်ရှိသွားမှာကို စိုးရိမ်ထိတ်လန့်နေရကြောင်းပြောကြသည်။

“တိုင်းရင်းသားတွေဟာငြိမ်းချမ်းရေးကို လိုချင်ပေမယ့် ငြိမ်းချမ်းရေးကို ပြန်ကြောက်နေကြတယ်။ သူတို့ရဲ့ မြေ၊ သူတို့ရဲ့ ရေနဲ့ သူတို့ရဲ့သစ်တောတွေ ဆုံးရှုံးလိုက်ရမှာကို စိုးရိမ်နေကြတယ်၊ ခုချိန်မှာ အစိုးရနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့  တိုင်းရင်းသား လူ့အဖွဲ့အစည်းတွေရဲ့ ယုံကြည်မှုကိုရအောင်လုပ်ဖို့ လိုပါတယ်” ဟု Karen Environmental and Social Action Network (KESAN) မှ စောအဲလက်စ် က ဆိုသည်။

ကရင်ပြည်နယ်အနေဖြင့် ၂၀၁၂ ဇန်ဇဝါရီလတွင် အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီးသည့်နောက်တွင် မြေယာသိမ်းယူမှုများ ကြောင့် ဒေသခံများ စိတ်အနှောက် အယှက် ဖြစ်ခဲ့ရသည်။

စောအဲလက်စ်က နောင်ပြုလုပ်မည့် ငြိမ်းချမ်းရေးသဘောတူညီချက်များ တွင် မြေယာလုပ်ပိုင်ခွင့်နှင့် ကရင်ပြည်နယ် အတွင်းမှ သဘာဝအရင်းအမြစ် ပြဿနာများကို အဖြေထွက်အောင် လုပ်ဖို့ လိုအပ်နေသည် ဟုဆိုသည်။ “အစိုးရမြေယာဥပဒေက KNU ဖက်ကကျင့်သုံးတဲ့ ရိုးရာလုပ်ထုံးလုပ်နည်း ဥပဒေသတွေနဲ့ ဆန့်ကျင်နေတယ်၊ ငြိမ်းချမ်းရေး ရပြီဆိုရင် ကျနော်တို့က ဘယ်ဥပဒေကို လိုက်နာကြရမှလဲ” ဟု သူက မေးခွန်းထုတ်လိုက်သည်။

စစ်တပ်၏ အထောက်အပံ့ခံ ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းများအတွက် အရင်းအမြစ်များကို သိမ်းယူခြင်းတွေ များပြားလာသည့် ကိစ္စကလည်း လူမျိုးရေးပဋိပက္ခတွေကို ဖြစ်စေနိုင်သည်ဟုလည်း စောအဲလက်စ် က သတိပေးလိုက်သည်။ “တကယ်လို့ ဒီကိစ္စကို ပြေလည်အောင်မဖြေရှင်း နိုင်ဘူးဆိုရင် ကျနော်တို့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်နေပါတယ်လို့ ပြောလို့မဖြစ်နိုင်ဘူး” ဟု သူက ဆိုသည်။

ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးကာလ အတွေ့အကြုံများ ရှိထားသည့် ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ တိုင်းရင်းသားရေး ဆောင်ရွက်သူများကလည်း မြန်မာစစ်တပ်သည် သက်ဆိုင်ရာဒေသများမှ အရင်းအမြစ်များကို နိုင်ငံပိုင် အဖြစ်သိမ်းယူသည့် နေရာတွင် ခရီးတွင်ကျယ်အောင် အပစ်အခတ်ရပ်စဲရေးကို အသုံးချခဲ့သည်ဟု သတိပေးပြောဆိုကြသည်။

“ကျနော်တို့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ၁၉၉၅ ကထဲက ဆွေးနွေးနေကြတယ်ဆိုပေမယ့် စစ်အစိုးရက ရတနာဓါတ်ငွေ့ပိုက်လိုင်းဆောက်ဖို့ အတွက် မွန်ပြည်နယ်က မြေတွေ အများကြီးသိမ်းယူသွားတာ မြင်ခဲ့ရတယ်။ ပိုက်လိုင်းကြီးလည်းပြီးသွားရော ကျနော်တို့နဲ့ ငြိမ်းချမ်းရေးဆက်လက်ဆွေးနွေးဖို့ အစိုးရဖက်က စိတ်ဝင်စားတဲ့ပုံ မပြတော့ဘူး” ဟု မွန်နယ်မြေ လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ နိုင်ကဆောမွန် က ပြောသည်။

Myanmar Peace Support Initiative မှ သုတေသီတဦးဖြစ်သည့် Ashley South ကလည်း အပစ်အခတ်ရပ်စဲရေးသည် တိုင်းရင်းသား လူမျိုးစုများအတွက် ရောထွေးသော သက်ရောက်မှုကို ဖြစ်စေနိုင်ကြောင်းပြောသည်။ “ ငြိမ်းချမ်းရေးဖြစ်စဉ် တွေဟာ သူတို့အတွက် အများကြီး အကျိုးအမြတ်ရှိပါတယ်။ ဆူပူမှုတွေ၊ အဓမ္မပြုခံရတာတွေ၊ စစ်တပ်က ပေါ်တာဆွဲခံရတာတွေ အတွက် စိုးရိမ်ကြောက်လန့်နေစရာ မလိုတော့ဘူး။ ဒါပေမယ့် တချိန်ထဲမှာပဲ စည်းကမ်းမဲ့ သတ္တုတူးဖေါ်မှုတွေ နဲ့ စိုက် မျိုးရေးလုပ်ငန်းတွေ အဆမတန်တိုးပွားလာတာကိုလည်း ရင်ဆိုင်ရပါ လိမ့်မယ်” ဟု Ashley South ကဆိုသည်။

“တကယ်လို့ ဒီပြဿနာတွေကို မကိုင်တွယ်နိုင်ဘူးဆိုရင် အဲဒါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုကို ထိခိုက်ကျဆင်းသွားစေနိုင်ပါတယ်၊ ဒီနေရာမှာ အရပ်ဖက်လူ့အဖွဲ့ အစည်းတွေရဲ့ အဓိက အခန်းကဏ္ဍက တော့ အစိုးရအရာရှိတွေ၊ သံတမန်တွေ၊ အလှုရှင်တွေနဲ့ သုတေသနသမားတွေကြားမှာ သဘောပေါက်နားလည်မှုတွေ တိုးတက်မြင့်မားလာအောင် ဆောင်ရွက်ပေးဖို့ပါပဲ” ဟု သူက ထပ်ပြောသည်။

သမ္မတ၏ စီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ (NESAC) ဥက္ကဌ ဦးတင်ထွဋ်ဦးက အစိုးရမှ “ဥပဒေစိုးမိုးရေး” ကို တည်ဆောက်ခြင်းအားဖြင့် တိုင်းရင်းသားတို့ ၏ ဒေသများတွင်ဖြစ်ပေါ်နေသော မြေယာသိမ်းယူမှုများကို အကာအကွယ်ပေးမည်ဟု တိုင်းရင်းသားရေး ဆောင်ရွက်သူများအား ပြောကြားလိုက်သည်။

နယ်သာလန်နိုင်ငံအခြေစိုက် Transnational Institute နှင့် Karen Environmental and Social Action Network တို့ ဦး ဆောင်သည့် တိုင်းရင်းသားအရေးဆောင်ရွက်သူများကို လက်ခံတွေ့ဆုံစဉ် ဦးတင်ထွဋ်ဦးက မြေယာလုပ်ပိုင်ခွင့်နှင့် သက်ဆိုင်သော ဥပဒေများကို အကောင်အထည်ဖေါ်နိုင်မှု အား နည်းခဲ့သည့် အချက်က  စိုက်ပျိုးရေးနှင့် သတ္တုတွင်းလုပ်ငန်းကြီးများက တိုင်းရင်းသားဒေသများမှ သဘာ၀ အရင်းအမြစ်များကို သိမ်းယူနိုင်ရန် အခွင့်အလမ်းဖြစ်စေခဲ့သည် ဟု ပြောကြားခဲ့သည်။

လယ်ယာမြေများ သိမ်းယူခံရခြင်းနှင့် ပတ်သက်၍ ဦးတင်ထွဋ်ဦး က “တချို့က ဥပဒေကို နားမလည်ဘူး၊ ဒါကြောင့် မလိုက်နာနိုင်ကြဘူး၊ တချို့ကျတော့ ဥပဒေကို နားလည်တယ်၊ ဒါပေမယ့် လည်း မလိုက်နာကြဘူး၊ အလွဲသုံးစားလုပ်ကြတယ်။ ဒါမျိုးတွေလဲရှိတယ်။ မြေယာ အငြင်းပွားမှုတွေကို ရပ်တန့်စေဖို့အတွက် ဥပဒေတွေကို စနစ်တကျ အသက်ဝင်လာအောင် လုပ်ဆောင်ဖို့ လိုနေပါတယ်။” ဟု ပြောသည်။ “ဥပဒေ ကိုချိုးဖောက်သူတွေ၊ အလွဲသုံးစားလုပ်သူတွေကို ကျနော်တို့ ဒီတိုင်းကြည့် နေမှာ မဟုတ်ပါဘူး” ဟုလည်း သူက ဆိုသည်။

“ကျနော်တို့ နိုင်ငံမှာ ကြုံတွေ့နေရတဲ့ အဓိက ပြဿနာက ရင်းနှီး မြှုပ်နှံမှုနဲ့ စီမံကိန်းတွေက ပွင့်လင်းမြင်သာမှုမရှိဘူး၊ ရင်းနှီးမြှုပ်နှံသူတွေက အကျိုးအမြတ်ရဖို့အတွက် သြဇာ အရှိန်အဝါကို သုံးကြတယ်။ မြေသိမ်းပြဿနာတွေ ရှိလာရတာ အဲဒါကြောင့်ပါပဲ”  ဟု ဦးတင်ထွဋ်ဦး ကပြောခဲ့သည်။

ဦးတင်ထွဋ်ဦးက အစိုးရအနေဖြင့် စီမံကိန်းနှင့် ပတ်သက်သော သတင်းအချက်လက်များကို ဒေသခံပြည်သူများ သိရှိစေရန် ထုတ်ပြန်ပေးသင့်ကြောင်း၊ သို့မှသာလျှင် စီမံကိန်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကို နားလည်နိုင်ကြမည်ဖြစ်သလို ၎င်းတို့ ၏ ခံစားချက်များ၊ အမြင်များကို ဖွင့်ဟပြောဆိုနိုင်ကြမည် ဖြစ်သည်ဟု ဆိုသည်။

( Paul Vrieze ၏ Ethnic Activists Warn of Surge in Land Grabs After Ceasefires နှင့်  Lawi Weng ၏ ‘Rule of Law’ Will End Land Grabs in Ethnic Areas, Official Tells Activists ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading