ရန်ကုန်မြို့နေလူထု၏ နေ့စဉ်ခရီးသွားလာမှု ပုံစံများကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)က လာမည့် ၂လအတွင်း စစ်တမ်း ကောက်ယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။
မြို့ပြသယ်ယူပို့ဆောင်ရေး စီမံကိန်းရေးဆွဲရာတွင် အထောက်အကူ ပြုစေရန်အတွက် ရန်ကုန်မြို့နေလူထုအား ကိုယ်စားပြုသော အိမ်ထောင်စု ၁၁၂၈၆ စုမှ အသက် ၅နှစ်နှင့်အထက် မိသားစုဝင်များကို လာမည့် ဇွန်လနှင့် သြဂုတ်လ အတွင်း စစ်တမ်း ကောက် ယူ မည်ဖြစ်ကြောင်း၊ ရွေးချယ်ခံရသော မိသားစုဝင်များက ဝိုင်းဝန်းကူညီပေးရန် JICA ၏ စီမံကိန်း ရေးဆွဲရေးအဖွဲ့က မြို့နယ် အလိုက် ရပ်ကွက်ရုံးများမှတဆင့် လူထုသို့ သတင်းထုတ်ပြန်၍ မေတ္တာရပ်ခံထားကြောင်း သိရသည်။
အဆိုပါစစ်တမ်းတွင် အိမ်ထောင်စုနှင့်သက်ဆိုင်သော အခြေခံ လူမှုစီးပွားရေး အချက်အလက်များ၊ မိသားစုနှင့် သက်ဆိုင်သည့် ခရီးစဉ်ရွေးချယ်မှုနှင့် ဆက်စပ်သော အချက်အလက်များ(အလုပ်၊ ကျောင်းလိပ်စာ၊ အလုပ်အကိုင်၊ အလုပ်ချိန်)၊ မိမိ၏ ယမန်နေ့တနေ့တာအတွင်း ခရီးသွားလာမှုနှင့် ဆက်စပ်ပတ်သက်နေသော အချက်အလက်များ(ခရီးစဉ်အစနှင့်အဆုံး၊ ခရီးစဉ်၏ ရည်ရွယ်ချက်၊ ခရီးစဉ်အတွင်း အသုံးပြုသော ယာဉ်အမျိုးအစား၊ ကြာချိန်နှင့် ခရီးစဉ်တခုလုံး ကုန်ကျစရိတ်) စသည့် အချက်အလက်များကို ရယူမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြို့ပြနေလူထု၏ နေ့စဉ်ခရီးသွားလာမှုပုံစံနှင့် လက်ရှိ ပို့ဆောင်ရေးစနစ်၏ အရေးကြီးသော သယ်ယူပို့ဆောင်ရေး အရင်းအမြစ်များ (ခြေလျင်၊ စက်ဘီး၊ ဆိုက်ကား၊ မော်တော်ဆိုင်ကယ်၊ ကား၊ ရထား၊ လှေ၊ သင်္ဘော)၏ အသုံးပြုပုံနှင့် လိုအပ်ချက်များသည် အနာ ဂတ် မြို့ပြ သယ်ယူပို့ဆောင်ရေး စီမံကိန်းရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားရန် လိုအပ်သည့် အရေးကြီးသတင်းအချက်အလက်များဖြစ်ကြောင်းလည်း ပါရှိသည်။
JICA ၏ စီမံကိန်းရေးဆွဲရေးအဖွဲ့သည် မြို့ပြသယ်ယူပို့ဆောင် ရေး လုပ်ငန်းစီမံကိန်း အတွက် လူထုစစ်တမ်းအမျိုးအစား ၁၁ မျိုးကို ကောက်ယူလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ (မ.ထ.သ) ဥက္ကဋ္ဌ က ပြောသည်။
ရန်ကုန်မြို့တွင်း သွားလာရေးအတွက် မော်တော်ယာဉ်လိုင်းပေါင်း ၁၇ လိုင်းက ကားအစီးရေ ၆၃၃၈ စီးကို အသုံးပြုပြေးဆွဲလျက်ပြီး ရန်ကုန်မြို့နေ လူဦးရေ ၂ ဒသမ ၃သန်း မှ ၂ ဒသမ ၅ သန်း အထိ မော်တော်ယာဉ် အသုံးပြုလျက်ရှိကြောင်း မ.ထ.သ(ဗဟို) မှ သိ ရသည်။
အစိုးရကလည်း ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (Yangon City Public Transport Authority) ကို ဖွဲ့စည်း တာဝန်ပေးအပ် လိုက်ကြောင်း မေ ၁၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။