“ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က “ဝ” ဒေသအား သီးသန့် “ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်” တောင်းဆိုမှုကို လွှတ်တော်သို့ တင်ပေးမည်ဟု သိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့နှင့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေးပါတီ ဒု ဥက္ကဋ္ဌ ဦးရှောင်းမီးလျှံနှင့် ဦးပေါက်ယိုရီ တို့ ဦးဆောင်သော အဖွဲ့သည် ရှမ်းပြည်နယ် အထူးဒေသ (၂) ၌ မေလ ၁၀ ရက်နေ့က တွေ့ဆုံရာတွင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် ရရှိရေးကို ထပ်မံတောင်းဆိုခဲ့ကြောင်း မေလ ၁၃ ရက်နေ့ထုတ် အစိုးရ သတင်းစာများက ရေးသားဖော်ပြထားသည်။
“ဝ” ခေါင်းဆောင်များ၏ တောင်းဆိုမှုကို တရားဝင် စာရေးတောင်းဆိုရန်နှင့် ထိုစာအား နိုင်ငံတော် သမ္မတနှင့် ဗဟိုအစိုးရအဖွဲ့ထံ တင်ပြပေးမည်ဖြစ်ကြောင်း၊ ၎င်းတို့ ငြိမ်းချမ်းရေးအဖွဲ့ အနေဖြင့်လည်း အလေးထား စဉ်းစားပေးမည်ဖြစ်ကြောင်း ဦးသိန်းဇော်က ပြောဆိုသွားသည်ဟု သိရသည်။
“နှုတ်နဲ့မပြောဘဲ တရားဝင် စာရေးပေးပါ။ အဲဒီစာကို ဗဟိုအစိုးရနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေကို တင်ပြပေးမယ်။ လွှတ်တော်မှာလည်း တင်ပြပေးမယ်လို့တော့ ဦးသိန်းဇော်က ပြောသွားတယ်” ဟု UWSA ၏ ပြောခွင့်ရသူ ဦးအောင်မြင့်က ဆိုသည်။
ထိုသို့ တောင်းဆိုနေရခြင်းသည် မိမိတို့ဒေသအား မိမိတို့ ကိုယ်တိုင်သာ အုပ်ချုပ်လိုခြင်း၊ စီမံခန့်ခွဲလိုခြင်း၊ ရှမ်းပြည်နယ် အစိုးရအောက်တွင် မဟုတ်ဘဲ ဗဟိုအစိုးရ၏ တိုက်ရိုက် အုပ်ချုပ်မှုအောက်တွင် နေလိုခြင်းတို့ကြောင့်ဟု ဦးအောင်မြင့်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သီးသန့်ပြည်နယ် လိုချင်တယ်။ ဗဟိုနဲ့တိုက်ရိုက် ဆက်သွယ်ရတာမျိုး လိုချင်တယ်၊ ရှမ်း ပြည်နယ်အစိုးရ လက်အောက်က တဆင့်ခံမျိုး မလိုချင်ပါဘူး” ဟု ဦးအောင်မြင့်က ဆိုသည်။
လက်ရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများသည် မိမိတို့ကိုယ်ပိုင် ပြဌာန်းခွင့်၊ စီမံလုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။ ထို့ကြောင့် “ဝ” တိုင်းရင်းသားတို့ အနေဖြင့် ကိုယ်ပိုင်လုပ်ပိုင်ခွင့် အပြည့်အ၀ ရရှိသော ပြည်နယ်မျိုးကိုသာ လိုအပ်နေသည်ဟု ဆိုသည်။
“ဝ” ကိုယ်ပိုင် ပြည်နယ် တောင်းဆိုနေခြင်းသည် မိမိတို့ဒေ ဖွံ့ဖြိုးရေးအတွက်သာ ရည်ရွယ်ပြီး ပြည်ထောင်စုမှ ခွဲထွက်၍ နိုင်ငံတခုအဖြစ် ထူထောင်ရန် မဟုတ်ကြောင်းလည်း UWSA က ဆိုသည်။
“ဘာမှ လုပ်ပိုင်ခွင့် မရှိတာမျိုး ကျနော်တို့က မလိုချင်ပါဘူး။ လုပ်ပိုင်ခွင့် မရှိရင် ဘာမှလုပ်လို့ရမှာ မဟုတ်ဘူးလေ။ ဒါပေမယ့် ကိုယ်ပိုင်ပြည်နယ်ရမယ့် ကိစ္စကလည်း အများကြီး ဆွေးနွေးရ ဦးမှာပါ” ဟု ဦးအောင်မြင့်က ဆိုသည်။
UWSA ၏ ရှမ်းပြည်နယ်မှ ခွဲထွက်၍ “ဝ” ကိုယ်ပိုင်ပြည်နယ် တခုအဖြစ် တောင်းဆိုနေခြင်းအပေါ် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များနှင့် ရှမ်းပြည်သူ အများစုက လိုလားမှု မရှိကြောင်း သိရသည်။ သို့သော် ထိုကိစ္စသည် ရှမ်းပြည်နယ်၌ နေထိုင်သည့် ပြည်သူတရပ်လုံး၏ ဆန္ဒသဘောထားကို ကောက်ခံရန် လိုအပ်ကြောင်း၊ ရှမ်းပြည်သူ တရပ်လုံးက သဘောတူညီမှု ရရှိပါက ရှမ်းခေါင်းဆောင်များက ကန့်ကွက်မည် မဟုတ်ဟု ရှမ်းခေါင်းဆောင်များက ဧရာဝတီ ကို ပြောသည်။
“ဝ” ပြည်နယ် ထူထောင်ရေး ကိစ္စသည် ကျယ်ပြန့်ကြောင်း၊ ထို့ကြောင့် ရှမ်းခေါင်းဆောင်များ အပြင် တခြား တိုင်းရင်းသား ခေါင်းဆောင်များ၊ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့များ၊ ဗဟို အစိုးရအဖွဲ့၊ လွှတ်တော်အသီးသီး တို့တွင် ဝိုင်းဝန်းဆွေးနွေးကြပါက အဖြေတခု ရရှိလာမည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူပါတီ၏ ပြောခွင့်ရသူ ဦးစောသန်းမြင့်က ဧရာဝတီသို့ ပြောသည်။
UWSA တပ်ဖွဲ့သည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအနက် အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ တခုလည်း ဖြစ်သည့်အပြင် တရုတ်အစိုးရနှင့်လည်း ရင်းနှီးသည့် ဆက်ဆံရေး ရှိနေခြင်းကြောင့် ပြည်ထောင်စုမှ အချိန်မရွေး ခွဲထွက်ရန် ကြိုးပမ်းနိုင်ကြောင်း နိုင်ငံရေး အကဲခတ်များကလည်း ပြောဆိုမှုများ ရှိနေသည်။
တိုင်းရင်းသား အားလုံးသည် တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး တို့ကို တောင်းဆိုနေကြောင်း၊ “ဝ” တို့လည်း တိုင်းရင်းသား အခွင့်အရေး တောင်းဆိုပိုင်ခွင့်ရှိကြောင်း၊ သို့သော် လက်ရှိ ပြည်နယ်များကဲ့သို့ ပြည်ထောင်စု ပုံစံ မဟုတ်ဘဲ သီးသန့်ပုံစံ တခုအဖြစ် တောင်းဆိုပါက နောင်တွင် ပြဿနာများ ဖြစ်ပွားလာနိုင်ကြောင်း မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။
ပြည်ထောင်စုထဲတွင် နေထိုင်သည့် တိုင်းရင်းသားများ အနေဖြင့် မိမိတို့ တိုင်းရင်းသား တစုတဖွဲ့တည်း အတွက် မဟုတ်ဘဲ ဖက်ဒရယ်ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တိုင်းရင်းအားလုံး တန်းတူ အခွင့်အရေး ရရှိရေးကိုသာ ကြိုးစားသင့်ကြောင်း ၎င်းက ဆက်ပြောသည်။
“ဝ” တို့သည် မိမိတို့ ကိုယ်ပိုင် ပြည်နယ် ရရှိရေးအတွက် နဝတ၊ နအဖ အစိုးရတို့ လက်ထက် ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ်ထိုးစဉ် ၁၉၈၉-၉၀ ခုနှစ် အချိန်မှစ၍ တောင်းဆိုခဲ့သည့်အပြင်၊ ၁၉၉၃ ခုနှစ်တွင် ကျင်းပသည့် ညောင်နှစ်ပင် ညီလာခံ တက်ရောက်ခဲ့သူ “ဝ” ကိုယ်စားလှယ်ကလည်း တောင်းဆိုခဲ့သည်။ သို့သော် အစိုးရအနေဖြင့် တုံ့ပြန်မှု တစုံတရာ မရှိခဲ့ဟု UWSA အဖွဲ့က ဆိုသည်။
“ဝ” ခေါင်းဆောင်များသည် အစိုးရအဖွဲ့ ငြိမ်းချမ်းရေး ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံစဉ်ကလည်း ကိုယ်ပိုင် ပြည်နယ် ရရေးအတွက် အလွတ်သဘော ပြောဆိုဖူးကြောင်း၊ သို့သော် ၎င်းတွင် ဆုံးဖြတ်ပိုင်ခွင့်မရှိ၍ လွှတ်တော်၌သာ တင်ပြရန် ဦးအောင်မင်းက ပြောဆိုခဲ့ကြောင်း သိရသည်။ ယင်းကိစ္စကို ယခုအခါ အလေးထား စဉ်းစားပေးမည်ဟု အစိုးရဘက်က ပြောဆိုလာ ခြင်းဖြစ်သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့နှင့် တွေ့ဆုံခဲ့သည့် “ဝ” ခေါင်းဆောင်များသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ပြောဆိုခဲ့သော်လည်း ဖွဲ့စည်းပုံပါ ၎င်းတို့ဒေသအား “ ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း” ဟူသော စကားရပ်ကို “ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်” အဖြစ် ပြင်ဆင်ပေးရန် အတွက်သာ အဓိကထား ပြောဆိုခဲ့ကြောင်း သိရသည်။
ခေတ်နှင့် လိုက်လျောညီထွေ မဖြစ်တော့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက်တချို့ကို သုံးသပ်သင့်ကြောင်း၊ “ဝ”ဒေသ ကိုလည်း “ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်” အဖြစ် ခွင့်ပြုနိုင်ရေး တောင်းဆိုကြောင်း အစိုးရ သတင်းစာများ၌ ရေးသားထားသည်။
အလားတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ကုမ္ပဏီများနှင့် “ဝ” တို့ ပူးပေါင်း၍ ၎င်းတို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် နေခြင်းကြောင့် ထို တရုတ်ကုမ္ပဏီများ၊ လုပ်ငန်းများကို တရားဝင် ဖြစ်ရေးအတွက် မြန်မာအစိုးရက ကူညီပေးရန်လည်း “ဝ” ခေါင်းဆောင်များက တောင်းဆိုခဲ့သည်။
“ကျနော်တို့ နယ်မြေထဲမှာ မူူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေကို တရုတ်ကုမ္ပဏီတွေနဲ့ လုပ်နေတာ အများကြီးရှိတယ်။ ရာဘာတို့၊ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ အရောင်းအဝယ် လုပ်ငန်းတွေပါ။ ဒါတွေကို တရုတ်တွေ အနေနဲ့ မြန်မာအစိုးရက တရားဝင်အဖြစ် အသိအမှတ် ပြုစေချင်တယ်လို့ ပြောလာကြတယ်။ ဒါကြောင့် အစိုးရကို တင်ပြတာပါ” ဟု UWSA ပြောခွင့်ရသူက ဆိုသည်။