မြန်မာနိုင်ငံတွင်း တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ စာချုပ်များသည် ပွင့်လင်း မြင်သာမှု မရှိခဲ့၍ စာချုပ်အားလုံး ပွင့်လင်းမြင်သာသည့် စာချုပ်သစ်များ ဖြစ်စေလိုကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က တရုတ် သံအမတ်ကြီးကို တောင်းဆိုလိုက်ကြောင်း သိရသည်။
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ Yang Houlan တို့သည် ပထမဆုံးအကြိမ် အဖြစ် ရန်ကုန်မြို့တွင် မေလ ၁၃ ရက်နေ့က တွေ့ဆုံ ဆွေးနွေးစဉ် ယင်းသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ယင်းဆွေးနွေးပွဲတွင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဘက်မှ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးဂျင်မီတို ပါဝင်ကြောင်း သိရှိရသည်။
“စီမံကိန်းတွေနဲ့ ပတ်သက်လို့ရှိရင်လည်း ဒီဟာတွေ အားလုံးဟာ ဘယ်သူမှ မသိလိုက်ဘဲနဲ့ လူထုဆန္ဒမပါဘဲ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေ ဖြစ်တယ်။ ဒါကြောင့်မို့လို့လည်း အခုလို ပြဿနာတွေ ပေါ်နေတာဖြစ်တယ် ပြောလိုက်တယ်။ အဲဒီတော့ ပွင့်လင်းမြင်သာမှု ဖြစ်အောင် စာချုပ်စာတမ်းတွေက တာဝန်ယူမှုရှိရမယ်၊ ဒေသခံတွေရဲ့ နစ်နာမှုတွေကို ထိထိရောက်ရောက် ပြန်ပြီး ကုစားပေးနိုင်ရမယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ဦးကိုကိုကြီးက ဆိုသည်။
၈၈ မျိုးဆက် ကျောင်းသားများက မြန်မာလူထု၏ တရုတ်အစိုးရနှင့် တရုတ်နိုင်ငံအပေါ် အမြင်များကို ပွင့်လင်းစွာ ပြောဆိုခဲ့ကြောင်း ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ဦးကိုကိုကြီးက ဧရာဝတီသို့ ပြောသည်။
“အရင်တုန်းက သူတို့ ရပ်တည်ခဲ့တဲ့ ပုံစံ၊ ဆက်ဆံခဲ့တဲ့ ပုံစံ၊ အဲဒါဟာ အစိုးရချင်း ဆက်ဆံလာတာ။ အဲဒီတုန်းက မြန်မာ အစိုးရကလည်း လူထုရဲ့ ထောက်ခံမှုမရှိတဲ့ အစိုးရဘက်က ရပ်တည်ထောက်ခံခဲ့လို့ မြန်မာလူထုက ယေဘူယျ အားဖြင့်တော့ မကျေနပ်ဘူး။ အဲဒါကို ပြောတာဟာ အရှိတရားကို ခင်ဗျားတို့ သိဖို့ ပြောတာ။ ဒါကို အပြစ်တင်ဖို့ ပြောတာ မဟုတ်ဘူး။ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့ အနာဂတ်ကိုပဲ ကျနော်တို့ မျှော်လင့်တယ်ဆိုတာ ပြောလိုက်တယ်” ဟု ဦးကိုကိုကြီးက ဆိုသည်။
ထို့အပြင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် သဘာဝက ပေးသည့် လက်ဆောင်အဖြစ် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြောင်း၊ မြန်မာနှင့် တရုတ်ဆက်ဆံရေးကိုလည်း ရေရှည် ရင်းနှီးသော ဆက်ဆံရေးအဖြစ် မျှော်လင့်ကြောင်း၊ အစိုးရချင်း ဆက်ဆံရေးသာမက ပြည်သူချင်း ဆက်ဆံရေးကို လေးစားဦးတည်သင့်ကြောင်း တို့ကိုလည်း ၈၈ မျိုးဆက် ကျောင်းသားများဘက်က ပြောဆိုလိုက်ကြောင်း သူက ဆက်ပြောသည်။
ထို့အပြင် နယ်စပ်ကုန်သွယ်ရေးပုံစံ ပြုပြင်ရန်လိုပြီး တရုတ်နိုင်ငံက မြန်မာပြည်ဘက်မှ သယံဇာတပစ္စည်းများ မှောင်ခို ကုန်သွယ်မှုပုံစံ လုပ်ဆောင်နေခြင်းကြောင့် မြန်မာပြည်သူများ အမြင်တွင် တရုတ်နိုင်ငံအပေါ် အဆိုးမြင်နေကြောင်းလည်း ၈၈ မျိုးဆက် ကျောင်းသားများဘက်က ဆွေးနွေး ပြောဆိုခဲ့ကြောင်း သိရသည်။
“မြန်မာ့သစ်တွေ၊ ကျောက်တွေ အဲဒါတွေအားလုံးက မြန်မာ့သယံဇာတတွေလေ။ ဒါတွေကို မှောင်ခို လုပ်နေတာဟာ ကျနော်တို့ ပြည်သူတွေရဲ့ အမြင်မှာ ဒါ သက်သက်မဲ့ တိုင်းပြည်ကို ဖျက်နေတယ်လို့ ခံစားရတယ်ဆိုတာလည်း ပြောလိုက်တယ်” ဟု ဦးကိုကိုကြီးက ဧရာဝတီသို့ ပြောသည်။
ထို့အပြင် နယ်စပ်ကုန်သွယ်ရေး နှစ်နိုင်ငံ ကုန်သွယ်မှုတွင် တရုတ်နိုင်ငံက ဈေးကွက်ကို တဖက်သတ် လွှမ်းမိုးနေသည့်အပေါ် မဖြစ်သင့်ကြောင်း၊ အဆိုပါ ကိစ္စများသည် မြန်မာလူထုအကြား တရုတ်ဆန့်ကျင်ရေးစိတ်များ ဖြစ်ပေါ်စေကြောင်းလည်း တရုတ်သံအမတ်ကြီးကို ရှင်းပြလိုက်သည်ဟု သိရသည်။
“ဥပမာ တခုပြောရရင် မြန်မာဘက်က ကြက်သွန်တွေကို ဟိုဘက်က ပိတ်လိုက်တော့ အကုန် ပုပ်သိုးသွားတယ်။ ဒီတော့ ကုန်သွယ်မှုမှာ နှစ်နိုင်ငံ အကျိုးတူ နှစ်ဖက် အကျိုးဖြစ်အောင် လုပ်ရမယ့်ဟာကို အဲဒီလိုလုပ်တာ မြန်မာကုန်သည်တွေနဲ့ မြန်မာပြည်သူတွေအကြား တရုတ်တွေအပေါ် မကျေနပ်မှု ဖြစ်ပေါ်လာစေတယ်ဆိုတာ ပြောလိုက်တယ်” ဟု ဦးကိုကိုကြီးက ဆိုသည်။
၈၈ မျိုးဆက် ကျောင်းသားများက တရုတ်သံအမတ်ကြီးအား လူမှောင်ခိုကိစ္စ အပါအဝင် တိုင်းရင်းသား ပဋိပက္ခ ပြဿနာများ ပြေငြိမ်းပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် တရုတ်နိုင်ငံ အနေဖြင့်လည်း စိတ်ကောင်း စေတနာကောင်းများနှင့် ကူညီပေးပါရန် မေတ္တာရပ်ခံလိုက်ကြောင်းလည်း သိရသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် တရုတ် သံအမတ်ကြီး အဖွဲ့တို့ တွေ့ဆုံမှုသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရက် မစ်ချယ်လ်နဲ့အဖွဲ့နှင့် တွေ့ဆုံအပြီး တဆက်တည်း ရှေ့ဆင့်နောက်ဆင့် ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံဟာ နိုင်ငံကြီးတွေရဲ့ ကစားကွက်ထဲက ကွင်းတခုတော့ မဖြစ်သင့်ဘူးလို့လည်း (တရုတ်သံအမတ်ကြီးကို) ပြောလိုက်တယ်” ဟု ဦးကိုကိုကြီးက ပြောသည်။
တရုတ်က အကောင်အထည် ဖော်နေသည့် မြစ်ဆုံစီမံကိန်းအား မြန်မာပြည်သူများက ကန့်ကွက်၍ ယာယီ အကန့်အသတ်မရှိ ရပ်ဆိုင်းပြီးနောက်ပိုင်း လူထုဆက်ဆံရေးတွင် တရုတ်နိုင်ငံအနေဖြင့် မျက်နှာစာသစ် ဖွင့်လှစ်ကာ ပြောင်းလဲ ထိတွေ့ ဆက်ဆံလာရာတွင် ဤတွေ့ဆုံမှုလည်း အပါအဝင်ဖြစ်သည်။
တရုတ်သံအမတ်ကြီးသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ပြီး NLD အပါအဝင် တခြားသော နိုင်ငံရေးပါတီများကိုလည်း တရုတ်နိုင်ငံသို့ အလည်အပတ် ဖိတ်ခေါ်လျက်ရှိသည်။