ဒုက္ခသည် ၇ သောင်းခန့် မုန်တိုင်းဘေးလွတ်ရာ ရွှေ့ပြောင်းရန် ငြင်းဆန်
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ်အစိုးရက စစ်တွေမြို့ အနီးရှိ ဒုက္ခသည်များကို မဟာစင်မုန်တိုင်းဒဏ် ကင်းလွတ်နိုင်သော နေရာများသို့ ရွှေ့ပြောင်းပေးလျှက် ရှိသော်လည်း ဒုက္ခသည် ၇၀၀၀၀ ခန့်မှာ ရွှေ့ပြောင်းရန် ငြင်းဆန်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဦးလှသိန်းက ပြောသည်။
ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မဟာစင် မုန်တိုင်းသည် မေလ ၁၆ ရက်နေ့တွင် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် ကမ်းခြေဒေသများကို ဖြတ်သန်းမည်ဟု ခန့်မှန်းထားရာ စစ်တွေမြို့အနီး ဒုက္ခသည်စခန်းမှ တသိန်းနီးပါးရှိသော ဒုက္ခသည်များကို မုန်တိုင်းဒဏ် ကင်းလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းပေးရန် ရခိုင်ပြည်နယ်အစိုးရက စီစဉ်ခဲ့ကြောင်း၊ သို့ရာတွင် ဒုက္ခသည် စခန်း ၁၁ ခုမှ လူဦးရေ ၇၀၀၀၀ ခန့်မှ နေရာပြောင်းရွှေ့ပေးရန် ငြင်းဆန်ခဲ့ကြောင်း သိရှိရသည်။
ဒုက္ခသည်များ ပြောင်းရွှေ့ရန် ငြင်းဆန်ကြခြင်းမှာ နိုင်ငံတကာ အဖွဲ့အစည်း တချို့နှင့် ရန်ကုန်အခြေစိုက် အစ္စလမ် ဘာသာရေး ခေါင်းဆောင်များ၏ လှုံ့ဆော်မှုကြောင့် ဖြစ်နိုင်ကြောင်း၊ မူလက မုန်တိုင်း အန္တရာယ် ကင်းလွတ်နေရာများသို့ ဒုက္ခသည်များက ပြောင်းရွှေ့မည်ဟု သဘောတူခဲ့ သော်လည်း နောက်ပိုင်းတွင် မပြောင်းရွှေ့ဟု ငြင်းဆန်ကြကြောင်း ဦးဦးလှသိန်းက ဆိုသည်။
“တနေ့က ကုလသမဂ္ဂ အဖွဲ့တွေနဲ့ လာစည်းရုံးတော့ ရွှေ့မယ်ပြောတယ်။ ဒီနေ့ ဖယ်ခိုင်းတော့ မရတော့ဘူး။ သူတို့ ဘာသာရေး ခေါင်းဆောင်တွေကြောင့် ဖြစ်မယ်။ စခန်း တာဝန်ခံကလည်း ရှောင်နေတယ်။ ဘယ်လိုမှ ရွှေ့ဖို့ ပြောမရဘူး” ဟု
ဒုက္ခသည်များကို အကူအညီပေးနေသော စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။
မုန်တိုင်းအန္တရာယ် ကင်းလွတ်ရာ နေရာများသို့ ပြောင်းရွှေ့ရန် ငြင်းဆန်ကြသော ဒုက္ခသည် စခန်းများအနက် မြေစိုက်တဲ များဖြင့် နေထိုင်ကြသော ဒါးပင် ဒုက္ခသည်စခန်းသည် မုန်တိုင်းဒဏ် ခံရရန် အလွန်စိုးရိမ်ရသည့် အနေအထား ဖြစ်နေကြောင်း၊ ယင်း ဒါးပင် ဒုက္ခသည်စခန်းတွင် လူဦးရေ ၁၇၀၀၀ နေထိုင်ပြီး ဒုက္ခသည်များသည် စစ်တပ်၏ လာရောက် ခေါ်ဆောင်မှုကို စိုးရိမ် ကြောက်ရွံ့နေကြကြောင်း သိရှိရသည်။
“ကျနော်တို့ကတော့ ဒီမှာပဲ အသေခံသွားမယ်။ စစ်တပ်က ခေါ်တဲ့နေရာကိုတော့ မလိုက်ရဲဘူး၊ ကြောက်တယ်။ ဒီစခန်း မှာတောင် စားသောက်စရာလည်း မရဘူး” ဟု ဒါးပင် ဒုက္ခသည်စခန်းမှ ဒုက္ခသည်တဦးဖြစ်သူ ကိုမာမွတ်ရှောဖီက ဆိုသည်။
ဒုက္ခသည်များသည် စစ်ကား၊ ရဲကားများဖြင့် ခေါ်ဆောင်မှုကို ကြောက်ရွံ့နေခြင်းဟု ယူဆ၍ ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီကားများဖြင့် ပြောင်းရွှေ့ရန် ရခိုင်ပြည်နယ် အစိုးရက ထပ်မံ စီစဉ်သော်လည်း ဒုက္ခသည်အများစုမှာ လုံး၀ မပြောင်းရွှေ့ဟု ပြောဆိုကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးလှဟန်က ဒါးပင် ဒုက္ခသည် စခန်းတွင် ဧရာဝတီသို့ ယနေ့ ညနေပိုင်းက ပြောသည်။
မုန်တိုင်းလွတ်ကင်းရာ စစ်တပ် နယ်မြေများသို့ ဒုက္ခသည်များကို ရွှေ့ပြောင်းရန် စီစဉ်ထားသော်လည်း ဒုက္ခသည်များသည် ယခင်နေထိုင်ခဲ့သော ရပ်ကွက်၊ ကျေးရွာများသို့ ပြန်လည် ပြောင်းရွှေ့အခြေချရန် တောင်းဆိုကြကြောင်း သိရှိရသည်။
“ကျနော်တို့ နာဇီရွာကိုပဲ ပြန်သွားချင်တယ်။ အဲဒီမှာ မပျက်စီးသေးတဲ့ အိမ် ၁၄၀၀ လောက် ရှိသေးတယ်။ ဒီမှာမုန်တိုင်းလာရင် မလုံခြုံပေမယ့် တခြားနေရာကို ရွှေ့ခိုင်းရင်တော့ ဘယ်သူမှ ရွှေ့မှာမဟုတ်ဘူး။ လူသေတာ မသေတာကတော့ ကံပဲ။
အခုနေရာလေး တွေကိုပဲ ပျောက်သွားမှာ ကျနော်တို့က စိုးရိမ်တယ်” ဟု သဲချောင်းဒုက္ခသည်စခန်း တာဝန်ခံလည်းဖြစ် ဒုက္ခသည်လည်းဖြစ်သူ ဦးမောင်မောင်က ပြောသည်။
မုန်ုတိုင်းဘေးလွတ်ရာ ပြောင်းရွှေ့ပေးရန် ငြင်းဆန်သော ဒုက္ခသည်စခန်းများတွင် သဲချောင်းဒုက္ခသည် စခန်းလည်း အပါအဝင်ဖြစ်ပြီး ယင်းစခန်းတွင် လူဦးရေ ၁၅၅၅၄ ဦး နေထိုင်လျက်ရှိကြောင်း၊ အများစုမှာ လေဒဏ်မိုးဒဏ် မခံနိုင်သော အမိုးအကာများ အောက်တွင် နေထိုင်ကြကြောင်း သိရှိရသည်။
ဒုက္ခသည်များသည် နေရာ ပြောင်းရွှေ့ရန်အတွက် ငြင်းဆန်နေသော်လည်း အာဏာပိုင်များ အနေဖြင့် ပြောင်းရွှေ့ ပေးနိုင်ရေးအတွက် မော်တော်ကားများ အသင့်ပြင်ဆင်ထားသည်။
“မုန်တိုင်း တကယ်ချရင်တော့ ဒီနေရာတွေက ခံနိုင်မှာ မဟုတ်ဘူး။ သူတို့ကလည်း မဖယ်ချင်ဘူး။ နောက်ဆုံးအချိန်အထိ ကားတွေပြင်ထားတယ်။ သူတို့ စိတ်ပြောင်းပြီး ပြောင်းချင်ရင် ကားက အဆင်သင့်ပဲ” ဟု သူက ဆိုသည်။
မုန်တိုင်း ဝင်ရောက် တိုက်ခတ်ချိန်တွင် ရေလွှမ်းမိုးခြင်း၊ လေဒဏ်၊ မိုးဒဏ် အလွန်ပြင်းထန်လာခြင်းများ ဖြစ်လာပါက ဒုက္ခသည်စခန်းများမှ အသက်အရွယ်ကြီးသူများ၊ အမျိုးသမီးများနှင့် ကလေးငယ်များကို အမိန့်အာဏာသုံး၍ အတင်းအကျပ်
ကားများဖြင့် ခေါ်ဆောင်ရန် စီစဉ်ထားကြောင်း၊ နောက်ဆုံး အခြေအနေတွင် စစ်တွေတက္ကသိုလ်ကိုပါ ဒုက္ခသည် စခန်းအဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ် သက်ရောက်နိုင်သော မြေပုံ၊ ပေါက်တော၊ မောင်တော မြို့များမှ ဒုက္ခသည်များကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားနိုင်ခဲ့ကြောင်း၊ စစ်တွေမြို့အနီး ဒုက္ခသည် စခန်းများတွင်သာ
ပြောင်းရွှေ့ရန် အခက်အခဲရှိနေကြောင်း ဦးဦးလှသိန်းက ဆိုသည်။
အစိုးရကို ဒုက္ခသည်များက မယုံကြည်သောကြောင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းကို မုန်တိုင်းဒဏ် အန္တရာယ် ဘေးမှ ပြောင်းရွှေ့ရေးအတွက် ကြားခံညှိနှိုင်းပေးရန် စီစဉ်ခဲ့သော်လည်း မအောင်မြင်ပေ။
“ကျနော်တို့ မနေ့က တနေကုန် ဒုက္ခသည်စခန်းတွေဆီမှာ သူတို့ရွှေ့ကြဖို့ နားချတယ်။ မုန်တိုင်းပြီးရင် ဒီနေရာကို ပြန်လာလို့ ရမယ်လို့လည်း ပြောတယ်။ ပြောင်းမယ့်နေရာက လုံခြုံပြီး စားနပ်ရိက္ခာ အဆင်သင့်နဲ့ အိမ်သာတွေပါ အဆင်သင့် ရှိတယ်။ ဒါပေမယ့် သူတို့ကတော့ ဘယ်လိုမှ ပြောမရဘူး” ဟု စစ်တွေမြို့ အခြေစိုက် ကုလသမဂ္ဂ အကူအညီ ပေးရေး ပေါင်းစပ်ညှိနှိုင်း ကွပ်ကဲရေးရုံးမှ ကိုမိုးဝင်းအောင်က ပြောသည်။
မုန်တိုင်း ဝင်ရောက်လာပါက စားနပ်ရိက္ခာ အခက်အခဲမဖြစ်စေရန် ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (WFP) မှ ဒုက္ခသည် စခန်း တခုလျှင် ဆန်အိတ် ၃၀၀ ကို ပြည်နယ်အစိုးရ အကူအညီဖြင့် ပေးပို့ထားကြောင်း သိရှိရသည်။
ပင်လယ်ကမ်းခြေနှင့် နီးသော ပင်လယ်ပြင်ကျေးရွာနှင့် တခြား ရခိုင်ရွာတရွာမှာ စစ်တွေမြို့ ဘုန်းကြီးကျောင်း တကျောင်းတွင်
ဒုက္ခသည်များအဖြစ် ခိုလှုံလျှက်ရှိသည်။
ရခိုင်ပြည်နယ် မုန်တိုင်းဝင်ရောက်ပါက အဆင်သင့် ဖြစ်စေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားခြင်းနှင့် ပတ်သက်၍ အစိုးရ သမ္မတရုံး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ရန်ကုန်မြို့တွင် ယနေ့ ရှင်းလင်းပွဲ ပြုလုပ်စဉ် မုန်တိုင်း အန္တရာယ် ကျရောက် နိုင်သည့် ဒေသမှ ဒုက္ခသည်များ ရွှေ့ဆိုင်းရန် ငြင်းဆန်ပါက ဥပဒေအရ ဆောင်ရွက် အရေးယူသွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
လတ်တလော အခြေအနေအရ ဒုက္ခသည် စခန်းတချို့တွင် ဝမ်းရောဂါ ဖြစ်ပွားလျက်ရှိပြီး လက်ရှိတွင် ဆေးပေးခန်း အဆင်သင့် မရှိဘဲ ရွေ့လျား ဆေးခန်းများကိုသာ အားကိုးနေရကြောင်း၊ သဲချောင်းဒုက္ခသည် စခန်းတွင် ဝမ်းရောဂါကြောင့် ကလေးတချို့ သေဆုံးမှုရှိကြောင်း သဲချောင်း ဒုက္ခသည်စခန်း၏ တာဝန်ခံ ဦးမောင်မောင်က ပြောသည်။