အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်လိုမှုသည် နိုင်ငံနှင့် ပြည်သူ့အကျိုး ရှိမည်ဆိုပါက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က ထောက်ခံသွားမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ၏ ခေါင်းဆောင် တဦးဖြစ်သူ ဦးအောင်သောင်းက ဧရာဝတီသို့ ပြောသည်။
လက်ရှိ အခြေအနေအရ NLD ပါတီနှင့် နှင့် ကြံ့ခိုင်ရေး ပါတီအကြား ယုံကြည်မှု တိုးတက်လျှက် ရှိနေကြောင်းလည်း သိရသည်။
စစ်အစိုးရ လက်ထက်တွင် သဘောထားတင်းမာသူဟု အများစုက သတ်မှတ်ခံခဲ့ရသော တောင်သာမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင် တဦးလည်းဖြစ်သူ စက်မှု ၁ ဝန်ကြီးဟောင်း ဦးအောင်သောင်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD က ကြံ့ခိုင်ရေးပါတီနှင့် ပူးပေါင်း ဆောင်ရွက်မည်ဟု မကြာသေးမီက ပြောဆိုလိုက်ခြင်းသည် ပါတီနှစ်ခုအကြား ယုံကြည်မှု တိုးတက်နေခြင်း၏ ရလဒ်တခု ဖြစ်ကြောင်း၊ နိုင်ငံ ထူထောင်ရေးနှင့် ဒီမိုကရေစီ ထူထောင်ရေး အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရာတွင် NLD နှင့် ကြံ့ခိုင်ရေး ပါတီတို့သာမက နိုင်ငံရေးအင်အားစုများ အားလုံး ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ NLD ပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်သည် တိုင်းပြည်နှင့် လူမျိုး အကျိုးရှိမည်ဆိုလျှင် ထောက်ခံ သွားမည်ဖြစ်ကြောင်း ဦးအောင်သောင်းက ပြောသည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့က အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ရမှာပဲ။ သူတို့ ပူးပေါင်းဆောင်ရွက်မယ် ပြောတာ ဝမ်းသာစရာ ကောင်းပါတယ်။ NLD က ပြင်ချင်တဲ့ အချက်တွေမှာ ပြင်လို့ရနိုင်တာတွေ၊ ပြင်လို့မရနိုင်တာတွေ ပါလိမ့်မယ် လို့တော့ ထင်တယ်။ ပြင်လို့ ရနိုင်တာတွေကို NLD ပဲ ပြင်ပြင်၊ ဘယ်သူပဲ ပြင်ပြင် ကျနော်တို့က ထောက်ခံမှာပါပဲ။ အဲဒီ သဘော ရှိပါတယ်။ ပူးပေါင်းဆောင်ရွက်မှုနဲ့ အလုပ်လုပ်မှာပါ။ ကိုယ်ဖြစ်ချင်တာ ဖြစ်ရမယ်ဆိုတဲ့ သဘောမရှိဘူး။ နိုင်ငံသားနဲ့ နိုင်ငံတော် ကောင်းမယ်ဆိုရင် သူလုပ်တာ ဆိုရင်လည်း ထောက်ခံမယ်၊ ကျနော်တို့ လုပ်တယ်ဆိုရင် သူတို့လည်း ထောက်ခံမှာပါပဲ။ တယောက်နဲ့ တယောက် ယုံကြည်နေတဲ့အဆင့်၊ တိုးတက်နေတဲ့ အဆင့် ရှိပါတယ်” ဟု ဦးအောင်သောင်းက ဆိုသည်။
NLD နှင့် ကြံ့ခိုင်ရေးပါတီတို့သည် ပေါ်ပေါက်လာပုံချင်း မတူညီသော်လည်း ဒီမိုကရေစီနှင့် တိုင်းပြည်ကောင်းစားရေး ရည်မှန်းချက်ချင်း တူညီကြောင်း၊ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဟာမိတ် ပါတီများ ဖြစ်လာနိုင်ချေ ရှိ၊ မရှိကို ယခုအချိန်တွင် မပြောနိုင်သေးကြောင်း ဦးအောင်သောင်းက ဆက်လက်ပြောသည်။
“လောလောဆယ်တော့ အယူအဆချင်း မတူသော်လည်း အတူပူးတွဲလုပ်နေတဲ့ သဘောရှိပါတယ်။ မဟာမိတ်ဖြစ်ဖို့ မဖြစ်ဖို့ ဆိုတာကတော့ ပြောဖို့ အခက်အခဲရှိပါတယ်။ နိုင်ငံတော် ထူထောင်တဲ့နေရာမှာ ဆောင်ရွက်တဲ့ နေရာမှာ၊ ပါတီဖွဲ့စည်းတဲ့ နေရာမှာ အခြေခံ စည်းမျဉ်းတွေ၊ ဥပဒေတွေက ကျနော်တို့နဲ့ သူတို့ ခြားနားပါတယ်။ တူညီတဲ့ ရည်မှန်းချက်တော့ ရှိတာပေါ့။ တိုင်းပြည် ကောင်းစားအောင်၊ ပြည်သူလူထု ကောင်းစားအောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ရှိအောင်၊ အေးချမ်းအောင်၊ တည်ငြိမ်အောင်၊ ဒီမိုကရေစီ ဖြစ်ထွန်းအောင်ကတော့ အတူတူပါပဲ။ အဲဒါတွေ အကောင်အထည် ဖော်တဲ့ နေရာမှာ လုပ်ပုံလုပ်နည်းချင်း တူချင်မှ တူမှာပါ” ဟု ဦးအောင်သောင်းက ဆိုသည်။
ကြံ့ခိုင်ရေး ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးကလည်း NLD ပါတီကို လုပ်ဖော်ကိုင်ဘက် ပါတီအဖြစ် သဘောထားပြီး တိုင်းပြည် အကျိုးရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောဆိုသည်။
“အားလုံးပေါင်းပြီး လုပ်ရမယ့် ကိစ္စတွေပေါ့။ ဒီလိုပဲ သဘောထားပါတယ်။ အကြောင်းအရာ ပေါ်တော့ မူတည်တာပေါ့။ ဆွေးနွေးကြတယ်၊ ငြင်းကြတယ် ဆိုတာက ပူးပေါင်းဆောင်ရွက်မှုတွေပဲ။ ပူးပေါင်းဆောင်ရွက်ရမှာ ကျိန်းသေပါတယ်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့နဲ့ မပတ်သက်ရင် တော့ ဆွေးနွေးလို့ရမှာပါ။ ကျနော်တို့က NLD ကို လုပ်ဖော်ကိုင်ဘက်လို သဘောထားပါတယ်။ တယောက်နဲ့ တယောက် လုပ်နိုင်တာချင်း မတူဘူး။ စွမ်းဆောင်နိုင်တာချင်း မတူဘူး။ တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင် ပေါင်းရမှာပေါ့” ဟု ဦးဌေးဦးက ဆိုသည်။
ကြံ့ခိုင်ရေး ပါတီသည် လတ်တလော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ် လေ့လာနေဆဲ ဖြစ်ပြီး မည်သည့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်မည်ဆိုသော အသေးစိတ် စိစစ်တွေ့ရှိမှုများ ထုတ်ဖော်ပြောဆိုရန် စောလွန်းသေးသည်ဟု ပါတီတာဝန်ရှိသူများက ဆိုကြသည်။
NLD ပါတီက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အသေးစိတ် လေ့လာမှုများ ပြုလုပ်လျှက် ရှိနေပြီး အသေးစိတ် ပြင်ဆင်သင့်သော အချက်များကို ထုတ်ဖော် မပြောဆိုနိုင်သေးကြောင်း၊ သို့ရာတွင် သမ္မတ အရည်အချင်း သတ်မှတ်ချက် အပါအဝင် အုပ်ချုပ်ရေး ကဏ္ဍဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ဥပဒေပြုရေး ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ တပ်မတော်ဆိုင်ရာ ပြဋ္ဌာန်း ချက်များ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များ အပိုင်းကို လေ့လာနေကြောင်း၊ လွှတ်တော်တွင် လူနည်းစုဖြစ်သော်လည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး တတ်စွမ်းသမျှ ကြိုးစား သွားမည်ဖြစ်ကြောင်း NLD ၏ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဧရာဝတီသို့ ပြောသည်။
“ဒီမိုကရေစီ နိုင်ငံတည်ဆောက်မယ် ဆိုရင်တော့ အားလုံး လက်ခံနိုင်အောင် ကျနော်တို့က ဆွေးနွေးတင်ပြမယ်။ ဖြစ်မယ် မဖြစ်ဘူး ဆိုတာက အများဆန္ဒပဲ။ ကျနော်တို့က ကြိုးစားမယ်။ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးစားမယ်။ ဒီမိုကရေစီ ကူးပြောင်းတဲ့ ဥပဒေ ဖြစ်ဖို့ကတော့ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာတွင် ပြင်ဆင်ရေး အခက်အခဲဆုံး ဥပဒေတခုဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် ကြံ့ခိုင်ရေး ပါတီနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး ၂၀၁၅ မတိုင်မီ ပြင်ဆင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း မေလ ၁၀ ရက်နေ့က ရန်ကုန်မြို့ မီကာဆာဟိုတယ်တွင် ပြုလုပ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်သည့် အလုပ်ရုံဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကမူ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD နှင့် ကြံ့ခိုင်ရေးပါတီ ပူးပေါင်းဆောင်ရွက်ရုံနှင့် မရနိုင်ဘဲ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်၏ ပါဝင်မှုကိုပါ ဖိတ်ခေါ်ရမည်ဖြစ်ကြောင်း၊ NLD အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လုပ်ဆောင်လျှက် ရှိသော်လည်း ခိုင်မာသော ရလဒ် တစုံတရာ ပြနိုင်သော အခြေအနေမရှိသဖြင့် ဥပဒေ ပြင်ဆင်ရေး လတ်တလော မဖြစ်နိုင်ကြောင်း သုံးသပ်သည်။
“သူရ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ဆက်ဆံရေးတွေ ကောင်းနေတယ်လို့ ယူဆနိုင်၊ မှန်းဆနိုင်ကောင်းပေမယ့် တကယ့် လက်တွေ့မှာတော့ ဘာမှ ဆုပ်ဆုပ်ကိုင်ကိုင် ပြစရာ မရှိဘူး ဖြစ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပြင်ချင်တဲ့ အချက်တွေကို ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်က လိုက်ပြင်ပေးမယ်လို့ ယူဆ တာကတော့ အတော့်ကို ပေါ့ပျက်ပျက် နိုင်လွန်းတဲ့၊ အပေါအနှမ်း ဆန်တဲ့ သုံးသပ်ချက်ပဲ ဖြစ်ပါလိမ့်မယ်။ အခုလို အရေးကြီးတဲ့ ဖြစ်စဉ် အပေါ်မှာ ဆုပ်ဆုပ်ကိုင်ကိုင် မရှိတဲ့ အနေအထားပေါ်ကနေ သုံးသပ်ချက် စောမိရင် အကုန်မောသွား နိုင်ပါတယ်။နိုင်ငံရေးမှာက မဖြစ်နိုင်တာ မရှိဘူးလို့ ဆိုနိုင်ပါတယ်။ ပြည်ခိုင်ဖြိုးနဲ့ NLD အကြား မဟာမိတ် သဘောမျိုး အပေးအယူ လုပ်တာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ကျနော် အရင်က ပြောခဲ့သလို ပွင့်လင်း မြင်သာမှု အပိုင်း အားနည်းတာမို့၊ ပကတိ အခြေအနေကို အကဲခတ်ဖို့ ခက်ခဲပါတယ်” ဟု ဒေါက်တာ ရန်မျိုးသိမ်းက ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဒီမိုကရေစီနှင့် မကိုက်ညီသော ပြဋ္ဌာန်းချက်များ ရှိ၊ မရှိ ပြန်လည် သုံးသပ်စိစစ်ရန် ကြံ့ခိုင်ရေး ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးအေးမြင့်နှင့် ဦးသိန်းဇော်တို့က အဆို တင်သွင်းခဲ့ကြပြီး လွှတ်တော်က ကော်မတီဖွဲ့စိစစ်ရန် သဘောတူခဲ့သည်။