အလုပ်ထုတ်ခံရသူများ ပြန်ခန့်ပေးရေးအတွက် စက်ရုံအလုပ်သမား ၄၀၀ ခန့်တို့ ယမန်နေ့ ဆန္ဒ ထုတ်ဖော်ကြသည်။ စံကောင်း ပီနံအိတ် စက်ရုံတွင် အလုပ်သမား ၄၉ ဦးကို အကြောင်းပြချက် မရှိဘဲ အလုပ်ထုတ်ခဲ့သဖြင့် ရန်ကုန် လှိုင်သာယာမြို့နယ် ငွေပင်လယ်ရေလုပ်ငန်း စက်မှုဇုန်အတွင်းရှိ စံကောင်း စက်ရုံရှေ့တွင် အလုပ်သမားများ ဆန္ဒထုတ်ဖော် ကြခြင်း ဖြစ်သည်။
မေ ၁၁ ရက်နေ့မှ စတင်၍ စက်ရုံရှေ့တွင် တဲများထိုးကာ ဆန္ဒထုတ်ဖော်နေခဲ့ခြင်း ဖြစ်ကြောင်း၊ ဆန္ဒထုတ်ဖော်ခွင့် ပြုရန် လှိုင်သာယာ ရဲစခန်းသို့ ခွင့်ပြုမိန့် တောင်းခံခဲ့သော်လည်း မရခဲ့ကြောင်းနှင့် လှိုင်သာယာရဲစခန်းမှ ဗိုလ်ကြီးတဦးက လာရောက် ဆန္ဒထုတ်ဖော်နေသော လူအင်အားကို လျှော့ချပေးရန် ပြောဆိုခဲ့ကြောင်း စက်ရုံအလုပ်သမ တဦးဖြစ်သူ မဥမ္မာဝင်းက ပြောသည်။
“စက်ရုံပိုင်ရှင်က အလုပ်ရှင်တွေ အချင်းချင်းညှိပြီးပြီဖြစ်လို့ အလုပ်ပြန်မခန့်နိုင်တော့ဘူး၊ မကျေနပ်ရင် ဆက်လုပ်လို့ ပြောပါတယ်” ဟု သူက ဆက်ပြောသည်။
အဓိကတောင်းဆိုနေကြသော အချက်များထဲတွင် အလုပ်ဖြုတ်ခံရသူများအား ပြန်ခန့်ပေးရန်၊ အလုပ်သမားများ ခံစားခွင့်ရှိသော မီးဖွားခွင့်၊ ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်နှင့် ဆေးကုသခွင့်ပေးရန်၊ အလုပ်ခွင်အတွင်း ထိခိုက်မှုများ ရှိခြင်းကြောင့် စက်ရုံဆေးခန်းအား ၂၄ နာရီဖွင့်ပေးရန် စသည်တို့ အပါအဝင် အချက် ၄၃ ချက်ကို တောင်းဆိုထားသည်။
အလုပ်သမားများ၏ ပြောဆိုချက်များအရ အလုပ်ခွင်အတွင်း ပြဿနာများဖြစ်ပွားပါက ဖြေရှင်းပေးနိုင်ရန် နိုင်ငံတော်အစိုးရမှ တရားဝင်ဖွဲ့စည်းခွင့်ပေးထားသော အလုပ်ရှင်၊ အလုပ်သမား၊ ရပ်ကွက်တာဝန်ရှိသူများပါဝင်သည့် အလုပ်သမား ပြဿနာ ဖြေရှင်းရေးအဖွဲ့၏ ဆုံးဖြတ်ချက်အား လိုက်နာချင်းမရှိဘဲ တဦးတည်းသဘောဖြင့် အလုပ်ထုတ်ခြင်းကို ယင်းစက်ရုံတွင် မကြာခဏ ပြုလုပ်နေပြီး စက်ရုံဘက်မှ သီးသန့်ဖွဲ့စည်းထားသော သာယာရေး ကော်မတီကိုလည်း အလုပ်သမားများက ကန့်ကွက်နေကြသည်။
အလုပ်ဖြုတ်ခြင်း ခံထားရသော ချုပ်/ ထမ်း (အထည်ချုပ်၊ အထည်ထမ်း) ဌာနမှ ကိုအောင်က “ကျနော်တို့ ဌာနမှာ လူကနည်းတယ်၊ အလုပ်ကအရမ်းများတယ် ဒီတော့လူတွေ ထပ်တိုးခန့်ပေးဖို့နဲ့ လစာတိုးပေးဖို့ ပြောခဲ့ပါတယ်။ သူတို့က နစ်နာကြေး ပေးမယ် အလုပ်သာ ထွက်သွားတော့လို့ ပြောတယ်” ဟု ဆိုသည်။
ယခုဖြစ်စဉ် အစမှာ ဧပြီလ ၂၅ ရက်နေ့က အလုပ်သမားများအား အလုပ်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆန္ဒထုတ်ဖော်ခြင်း အဆင့်မဟုတ်ဘဲ အလုပ်သမား ကိုယ်စားလှယ်များနှင့် စက်ရုံတာဝန်ရှိသူများ အလုပ်သမား ဦးစီးဌာနတွင် လေးကြိမ်ခန့် ညှိနှိုင်းခဲ့သော်လည်း အောင်မြင်မှု မရခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
“ပြီးခဲ့တဲ့ လကစပြီး ကျနော်တို့ကို အလုပ်တွေပြုံကျလာတယ်။ နားရက်ကမရှိဘဲ အရမ်းပင်ပန်းတော့ လူတွေအားလုံးက လန့်နေကြတယ်။ ဒီကြားထဲ စက်ရုံဘက်က ညှိနှိုင်းပွဲကို ဖျက်ပစ်လိုက်တယ်။ ဒါကြောင့် တောင်းဆိုမှုတွေ လုပ်လာတာပါ” ဟု အလုပ်ထုတ်ခံရသူ များတွင် ပါဝင်သောာ ကိုရန်နိုင်လင်းက ဆိုသည်။
စံကောင်း ပီနံအိတ်စက်ရုံ လည်ပတ်နေသည်မှာ ၁၇ နှစ် ကြာမြင့်နေပြီဖြစ်ကြောင်းနှင့် ၂၀၁၂ ဇွန်လတွင်လည်း ယခုကဲ့သို့ အလုပ်သမား ပြဿနာများ ၇ ရက်ကြာ ဖြစ်ပွားခဲ့ပြီး နောက်ဆုံးတွင် ညှိနိုင်းပြီးခဲ့သော်လည်း အလုပ်သမားလစာနှင့် ခွင့်ရက် ကိစ္စများ ယနေ့အထိ ပြေလည်မှု မရရှိသေးကြောင်း သိရသည်။