ပြည်နယ် ကိုယ်စားပြုပါတီ တခု အဖြစ် ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) ပြန်လည် ဖွဲ့စည်းမည် ဆိုခြင်းကို ကချင် တိုင်းရင်းသားများက လက်ခံ ကြိုဆိုကြကြောင်း သတင်းရရှိသည်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပါတီမှတ်ပုံတင်ခွင့် မရခဲ့သော KSPP ကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် ယခုနှစ် မကုန်ခင် ပါတီသစ်တရပ် အဖြစ် ပြန်လည် ဖွဲ့စည်းသွားမည်ဟု သိရသည်။
KSPPကို ဦးဆောင်ဖွဲ့စည်းခဲ့သူ ဒေါက်တာ မနမ်တူးဂျာက “ကချင်ပြည်နယ် ကိုယ်စားပြုပါတီ တရပ် ဖွဲ့ဖို့ စဉ်းစားနေတယ်။ ဒီနှစ် မကုန်ခင် ဖွဲ့နိုင်အောင် ကြိုးစားသွားမယ်။ အမြန်ဆုံး ဆိုရင်တော့ နှစ်လ၊ သုံးလ အတွင်း ဖြစ်မယ်”ဟု ပြောသည်။
မြစ်ကြီးနားမြို့နယ်တွင် နေထိုင်သူ ငြိမ်း ဖောင်ဒေးရှင်းမှ Assistant Director ဦးဇော်ရှန်က ကချင်ပြည်နယ် ကိုယ်စားပြုပါတီ ဖွဲ့ခွင့် ရပါက ကချင်တိုင်းရင်းသား တယောက်အနေဖြင့် ကြိုဆိုကြောင်း ပြောကြားသည်။
“ကောင်းတဲ့ ကိစ္စပဲ။ ဖွဲ့ဖို့ သူ ကြိုးစားနေတာကို သိတယ်။ အခြေအနေ အမျိုးမျိုးကြောင့် မရခဲ့ဘူး။ ဒီတခါ ကြိုးစားမှုက ရခဲ့ရင် ပြည်နယ်အတွက် ကောင်းတယ်။ ကချင်ပြည်နယ်မှာ ကချင်တွေကို ကိုယ်စားပြု ပြောဆိုနိုင်တဲ့သူ အရမ်း နည်းနေပါတယ်။ ကချင်တွေ အကြောင်းကို ကချင်တိုင်းရင်းသားက ပိုသိမှာပါ”ဟု ဦးဇော်ရှန်က ဆိုသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ (စည်းလုံးညီညွှတ်ရေး နှင့် ဒီမိုကရေစီ ပါတီ၊ ကချင်ပြည်နယ်) က လက်ရှိတွင် ကချင်ပြည်နယ်ကိုယ်စားပြု ပါတီ နည်းပါးနေပြီး ငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲမှုများ ရှိလာပါက ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) သည် နိုင်ငံရေးပါတီ အဝန်းအဝိုင်းထဲသို့ မလွဲမသွေ ဝင်ရောက်လာနိုင်သည်ဟု ပြောကြားသည်။
“ပါတီ ဖွဲ့တာကတော့ နိုင်ငံသားတယောက် အနေနဲ့ နိုင်ငံရေး အခွင့်ရေးပါ။ ကျမတို့ကတော့ ဘယ် တိုင်းရင်းသား ပါတီမဆို အားလုံး ပါဝင်ပြီး ကူညီသွားဖို့ ရှိပါတယ်”ဟု ဒေါ်ဒွဲဘူ က ပြောသည်။
ဒေါက်တာတူးဂျာသည် KIO တွင် ၁၉၇၅ ခုနှစ်မှစ၍ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဒုတိယဥက္ကဌ ရာထူးမှ နုတ်ထွက် ခဲ့သည်။ ယင်းနှစ် မတ်လတွင် KSPP ပါတီကို ခေါင်းဆောင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
၂၀၁၀ ဧပြီလ ၅ ရက်တွင် KSPP ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သော်လည်း ဗဟို ရွေးကောက်ပွဲ ကော်မရှင်က ပါတီခေါင်း ဆောင်များမှာ KIO နှင့် ပတ်သက်နေသည်ဟု အကြောင်းပြကာ မှတ်ပုံတင်ခွင့်ကို ပယ်ချခဲ့သည်။ ထိုအချိန်က KIO သည် အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲခြင်းကို လက်မခံခဲ့သဖြင့် အစိုးရနှင့် ဆက်ဆံရေး တင်းမာနေချိန်လည်း ဖြစ် သည်။
ယခု အချိန်တွင် KSPP အနေဖြင့် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားပါက ရရှိမည်ဟု ယုံကြည်ထားကြောင်း ဒေါက်တာ တူးဂျာက ဆက်လက် ပြောသည်။
“ဘာပဲဖြစ်ဖြစ် အခု အစိုးရက ပြောင်းလဲလာပြီ။ ဗဟို ရွေးကောက်ပွဲ ကော်မရှင်ကလည်း အသစ်ပြောင်းတယ်။ အငြင်း ခံရတဲ့ ပါတီဆိုတာလည်း မကြားမိဘူး။ ကျနော်တို့က ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းတွေ အတိုင်း လုပ်သွားမှာပါ။ ပါတီဖွဲ့ခွင့် ရမယ်လို့ တထစ်ချ ယုံကြည်ပါတယ်”ဟု ၎င်းက ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲ၌ KSPP အနေဖြင့် ပါဝင်ခွင့်မရခဲ့သော်လည်း အစိုးရ ပြောင်းလဲသွားပြီးနောက် ၂၀၁၂ ခု ဧပြီလ ကြားဖြတ် ရွေးကေက်ပွဲတွင် ဒေါက်တာတူးဂျာအား မိုးကောင်းမြို့နယ်မှ တသီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးကောက် ပွဲ ကော်မရှင်က ၂၀၁၂ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ခွင့်ပြုခဲ့သည်ဟု သိရသည်။
ပါတီ ဖွဲ့ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ဒေါက်တာ တူးဂျာက “ပါတီက KIO နဲ့ မဆိုင်ပါဘူး။ ပါတီထောင်တယ် ဆိုတာကတော့ နိုင်ငံရေး အခင်းအကျင်းမှာက တိုင်းပြည်အကျိုးနဲ့ ပြည်နယ်အကျိုးကို အဓိကထားတာပါ။ ရွေးကောက်ပွဲ ဝင်ဖို့ မရှိဘူးလား ဆိုတော့ ရှိပါတယ်။ ဒါပေမယ့် အဲဒီ အချိန်ကျမှ စဉ်းစားမှာပါ”ဟု ပြောသည်။
ပါတီအမည်ကို ပြောင်း/မပြောင်း နှင့် ပတ်သက်၍ မသေချာသေးကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး လုပ်ဖော်ကိုင်ဖက်များနှင့် ညှိနှိုင်းဆွေးနွေးရဦးမည် ဖြစ်ကြောင်း ဆက်လက်ပြောသည်။
ပြီးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် မိုးကောင်း၊ ဖားကန့်၊ ဗန်းမော်မြို့နယ် တို့မှ ဒေါက်တာတူးဂျာ (တသီးပုဂ္ဂလ)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ(တစည)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(ကျားဖြူ) နှင့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) တို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ သော်လည်း အစိုးရက လုံခြုံရေး အကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့သည်။