ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်းများတွင် နေထိုင်လျက်ရှိသော ဒုက္ခသည်များကို ထိုင်းအစိုးရအနေနှင့် နေရပ်ပြန်ပို့ရန် အစီအစဉ် မရှိသေးကြောင်း မယ်လ ဒုက္ခသည်စခန်း အုပ်ချုပ်ရေးမှူး နိုင်ဖရီဒါးက ပြောကြားသည်။
မယ်လဒုက္ခသည် စခန်းတွင် ကရင် ဒုက္ခသည်များ ကော်မတီ (KRC) မှ ဦးစီး၍ ယခုလ ၁၄ ရက်နေ့မှ စတင်ကာ ၃ ရက်ကြာ ကျင်းပသော ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် အုပ်ချုပ်ရေးမှူး နိုင်ဖရီဒါးက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
ထိုင်း အစိုးရအနေနှင့် ဒုက္ခသည်များကို ပြန်ပို့မည့် အစီအစဉ် မရှိသကဲ့သို့ ညွန်ကြားထားခြင်းလည်း မရှိကြောင်း ပြောကြားခဲ့သည်ဟု KRC အဖွဲ့မှ တွဲဖက် အတွင်းရေးမှူး နော်ဘလူးမင်း နိုက်ဇန်က ဆိုသည်။
“အခုလက်ရှိ အခြေအနေမှာလည်း ပြန်ဖို့ မသင့်သေးဘူး၊ မဖြစ်နိုင်သေးဘူး ဆိုတာလည်း သူသိတယ်။ ဒါပေမယ့် တနေ့ ပြန်ရမယ့် အခါကျတော့ အခုလို ကြိုတင် ပြင်ဆင်ပြီးမှ ဆွေးနွေးကြတာ ကောင်းတယ်လို့ သူပြောတယ်” ဟု နော်ဘလူးမင်း နိုက်ဇန်က ဧရာဝတီသို့ ပြောသည်။
ယင်း ဆွေးနွေးပွဲကို ဒုက္ခသည်စခန်းများမှ တာဝန်ရှိသူများ၊ ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC)၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ကရင် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်တို့ တက်ရောက်ကြပြီး သတင်းအချက်အလက် မှန်ကန်တိကျစွာ ရရှိရေး၊ ပြန်တွင်းရှိ လူမှုဖွံ့ဖြိုးမှုနှင့် လတ်တလော ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေတို့ကို သုံသပ်ဆွေးနွေးကြကြောင်း သိရသည်။
နော်ဘလူးမင်း နိုက်ဇန်က “UNHCR ကလည်း သူအပိုင်းသူ ရှင်းပြသွားတယ်။ သူ့အနေနဲ့ ပြန်ရမယ်ဆိုတဲ့ အစီအစဉ် တခုမှ သူ မလုပ်ဘူး၊ ပြန်လို့ရပြီဆိုတဲ့ အခြေအနေလည်း လုံး၀ မပြဘူး၊ ဒါပေမယ့်လို့ ပြင်ဆင်မှုတခုအနေနဲ့ပဲ ဆွေးနွေးနေတာ ရှိတယ်။ သို့သော် UNHCR ရဲ့ ပေါ်လစီအရတော့ မိမိသဘောနဲ့ ပြန်ချင်တဲ့ လူကိုတော့ ပံ့ပိုးပေးဖို့ဆိုတာ ရှိတယ်။ ပြန်ပါလို့ တိုက်တွန်းတာ တချက်မှ မရှိဘူး” ဟု ရှင်းပြသည်။
မြန်မာအစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကြိုးပမ်းနေစဉ် ဒုက္ခသည်များ၊ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်များ (IDPs) ပြန်လည် နေရာချထားရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အဓိက ကိစ္စတရပ် အနေဖြင့် ထည့်သွင်း အကောင်းအထည် ဖော်ဆောင်နေကြောင်း သိရသည်။
ဧပြီလ ၂၅ ရက်နေ့က ကရင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်မှတဆင့် ဖိတ်ကြားချက်အရ KRC အဖွဲ့မှ ကိုယ်စားလှယ်တချို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းနှင့် သွားရောက် ဆွေးနွေးခဲ့ရာ ဒုက္ခသည်များကို ပြည်တွင်သို့ အစမ်းသဘော (Pilot Project) အနေနှင့် အိမ်ခြေ ၅၀ ခန့် ပြန်လာစေလိုကြောင်း အကြံပြုခဲ့သည်ဟု သိရသည်။
ယင်း အကြံပြုချက်ကို KRC အဖွဲ့အစည်း အနေနှင့် လက်မခံကြောင်း၊ နိုင်ငံတော် အစိုးရနှင့် KNU အဖွဲ့တို့ စစ်မှန်သော ငြိမ်းချမ်းရေး ရရှိမှသာလျှင် အစုလိုက် တခါတည်း အပြီးအပိုင် ပြန်လာလိုကြောင်း ပြန်လည် တင်ပြခဲ့သည်ဟု သိရှိရသည်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် ဒုက္ခသည် စခန်း ၉ ခုရှိပြီး ဒုက္ခသည် ၁ သိန်း ၆ သောင်း ခန့် ရှိကြောင်း ကူညီ ကယ်ဆယ်ရေးနှင့် အထောက်အပံ့ပေးရေး အဖွဲ့များ၏ စာရင်းအရ သိရသည်။ အဆိုပါ စခန်းများမှာ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လဦး၊ မယ်ရာမို၊ ထန်ဟင်း၊ ဘန့်ဒုံယမ်း စသည့် ဒုက္ခသည် စခန်း ၇ ခုနှင့် ကရင်နီ စခန်း အမှတ် (၁) နှင့် အမှတ် (၂) တို့ ဖြစ်သည်။ ထိုဒုက္ခသည်များသည် ၁၉၈၃ မှစတင်၍ အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ တိုက်ပွဲများကြောင့် ထွက်ပြေးလာကြသူများ ဖြစ်သည်။