ရန်ကုန်မြို့တွင်း နေ့စဉ် သယ်ယူပို့ဆောင်ရေး ပိုမိုအဆင်ပြေရန်အတွက် ဘတ်စ်ကားလိုင်းများ လက်ရှိပြေးဆွဲနေသောစနစ်ကို ပြန် လည်ပြင်ဆင် သွားမည်ဖြစ်ကြောင်း အသစ်ဖွဲ့စည်းလိုက်သည့် ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့(Yangon City Public Transport Authority-YCPTA)က ပြောသည်။
“ကျစ်လျစ်တဲ့ ယာဉ်လိုင်းစနစ်ဖြစ်အောင် ပြန်ပြင်မယ်၊ လိုင်းတွေ ပြန်သန့်မယ်၊ ကုမ္ပဏီပိုင်၊ အဖွဲ့အစည်းပိုင် စနစ်မျိုးနဲ့သွားမယ်၊ ပိုင်ဆိုင်မှု စုစည်းတာမျိုး၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို လစာပေးတဲ့စနစ်နဲ့ သွားတာမျိုးဖြစ်နိုင်အောင် လုပ်ဖို့ အစီအစဉ် တွေရှိပါတယ်၊ အခုက လိုင်းဝင်ထားပြီး ဝင်မဆွဲတဲ့လိုင်းတွေ ရှိနေတယ်”ဟု YCPTA အတွင်းရေးမှူး ဦးလှအောင်က ဧရာဝတီသို့ပြော သည်။
ရန်ကုန်မြို့တွင် လက်ရှိသယ်ယူပို့ဆောင်ရေး လုပ်ငန်းအဖွဲ့ ၁၇ ဖွဲ့ရှိပြီး ယာဉ်လိုင်းပေါင်း ၃၉၅ လိုင်း ရှိကြောင်း၊ ပြေးဆွဲခွင့် မှတ်ပုံ တင် ချပေးထားသည့် ဘတ်စ်ကား အစီးရေ ပေါင်း ၆၀၀၀ ကျော်ရှိကြောင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်မှု ဗဟို ကော်မတီ ၏ စာရင်းဇယားများအရ သိရသည်။
ဦးလှအောင်က ဆက်လက်ပြီး“ထိုင်ခုံပြည့်လျှင် လူထပ်မတင်ရ”ဆိုသည့် မူလ သတ်မှတ်ချက်နှင့် မကိုက်ညီဘဲ သာမန် ယာဉ်လိုင်း များကဲ့သို့ ပြေးဆွဲနေသည့် အထူး ယာဉ်လိုင်း များကိုလည်း ပြန်လည်သုံးသပ်နေပြီး ခရီးသည်နှင့် ယာဉ်ပိုင်ရှင် နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် လုပ်ဆောင်သွား ရန် စီစဉ်နေကြောင်း ပြောဆိုသည်။
ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ်နှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲရန် လိုအပ်သည့် အချက်များကို YCPTA က လေ့လာမှုများပြုလုပ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ တင်ပြထားသည်ဟုလည်း ၎င်းက ဆိုသည်။
ထို့အပြင် လမ်းစနစ်၊ ယာဉ်ကြောစနစ်၊ မီးပွိုင့်စနစ်များနှင့် အများပြည်သူ လမ်းအသုံးပြုပုံ စနစ်များကို ပြင်ဆင်နိုင်ရန် လေ့လာသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
“ရေရှည် စီမံကိန်းအနေနဲ့ ရေကြောင်းကနေ ဖယ်ရီစနစ် လုပ်သင့်တာတွေ ပါတယ်။ ပန်းလှိုင်မြစ်နဲ့ ငမိုးရိပ်ချောင်းကို ရေကြောင်း သယ်ယူ ပို့ဆောင်ရေးအနေနဲ့ သုံးလို့ရတာတွေ တင်ပြထားတယ်။ ပြီးတော့ ရထားနဲ့ကား ချိတ်ဆက်ပြီး သယ်ယူပို့ဆောင်မယ့် စနစ် ကိုလည်း ကျနော်တို့ လေ့လာနေပါတယ်။ ပိုကောင်းလာအောင် လုပ်ဖို့က ကျနော်တို့နဲ့တင် မရပါဘူး။ ယာဉ်ပိုင်ရှင်တွေ၊ ယာဉ် လုပ် သားတွေနဲ့ လူထုလည်း ပါဝင်ဖို့ လိုအပ်ပါတယ်”ဟု ဦးလှအောင်က ပြောသည်။
ရန်ကုန်မြို့တော် အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့(Yangon City Public Transport Authority-YCPTA)ကို ရန်ကုန်မြို့တွင်း အများပြည်သူ နေ့စဉ်အဆင်ပြေစွာ သွားလာနိုင်ရေးနှင့်ပတ်သက်ပြီး စီမံခန့်ခွဲရန်အတွက် အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း မေ ၁၄ ရက်နေ့ ရက်စွဲဖြင့် အစိုးရက ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့၏ မြို့ပြ သယ်ယူပို့ဆောင်ရေး အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ကလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ နှစ်ရှည်စီမံကိန်းများ ပြုလုပ်လျက် ရှိသည်။