မေလ ၁၆ ရက် နေ့လည် ၁၂ နာရီခန့်တွင် ဟဲဟိုးမှ မိုင်းဆတ်သို့ ပျံသန်းလာသော မြန်မာ့လေကြောင်း လေယာဉ်ခရီးစဉ် အမှတ် ၆၄၅ လေယာဉ်သည် မိုင်းဆတ်လေဆိပ်သို့ ဆင်းသက်စဉ် စက်ချို့ယွင်းမှုကြောင့် ပြေးလမ်းချော်ကာ ဘယ်ဘက်လေယာဉ်တောင်ပံနှင့် ဘီးများပျက်စီးခဲ့ပြီး ခရီးသည် ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
“ဒဏ်ရာရတဲ့သူတွေကို အခုလောလောဆယ် မိုင်းဆတ်တပ်မတော် ဆေးရုံကို ပို့ထားပါတယ်။ ဒဏ်ရာ မပြင်းထန်ဘူး။ လေယာဉ်အဆင်းမှာ ဘရိတ်ချို့ယွင်းပြီးတော့ အရှိန်မထိန်းနိုင်ပဲ ပြေးလမ်းကို ချော်သွားတာပါ” ဟု ပြန်ကြားရေး ဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးမြင့်ထွေးက ဧရာဝတီကို အတည်ပြု ပြောကြားသည်။
လေယာဉ်ပေါ်တွင် ခရီးသည် ၅၅ ဦးပါရှိပြီး အမျိုးသမီး ၂ ဦး လက်ကျိုးပြီး ထိခိုက် ဒဏ်ရာ ရခဲ့ပြီး မိုင်းဆက် ကုတင် ၁၀၀ တပ်မတော် ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း ခရီးစဉ်အား ဆက်လက်ပို့ဆောင်နိုင်ရေး လေယာဉ် အစားထိုး ပြေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အစိုးရပိုင် သတင်းဌာနများက သတင်းရေးသားကြသည်။
“မုန်တိုင်းကြောင့် မဟုတ်ပါဘူး။ နည်းနည်းလေး ဘီးစထိရမဲ့ နေရာ နည်းနည်း နောက်ကျသွားတာ။ ကွင်းကတော့ ဘာမှ ပြဿနာမရှိဘူး။ လေယာဉ်စပြီး ဆင်းတဲ့ နေရာမှာ စပြီးတော့ ဘီးထိရမဲ့ နေရာ ပြေးလမ်း အစပ်မှာ သတ်မှတ်ထားတဲ့ နေရာရှိတယ်။ အဲဒီနေရာမှာ မထိမိဘဲနဲ့ နည်းနည်းကျော်သွားတဲ့အတွက် အရှိန်လွန်သွားတာပါ” ဟု လေကြောင်းညွှန်ချုပ် ဦးရဲထွဋ်အောင်က ဧရာဝတီကို ပြောသည်။
လေယာဉ်ပြေးလမ်းချော်မှု ဖြစ်ပွားသည့် အကြောင်းရင်းအား စုံစမ်းစစ်ဆေးနိုင်ရန် ပို့ဆောင်ရေး ဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် မြန်မာ့လေကြောင်းမှ တာဝန်ရှိသူများသည် မိုင်းဆတ်မြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း ဟဲဟိုးလေယာဉ်ကွင်းတွင် အဲပုဂံလေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဧည့်လမ်းညွှန် တစ်ဦးနှင့် လေယာဉ်ပျက်ကျရာ နေရာရှိ လူတစ်ဦး သေဆုံးခဲ့ရသည်။