မြန်မာနိုင်ငံသည် သဘာ၀ အရင်းအမြစ် စီမံခန့်ခွဲမှု ညွှန်းကိန်းအရ အဆင့် ၅၈ ဖြင့် အနိမ့်ဆုံးဖြစ်နေသေးကြောင်း သယံဇာတ၊ အခွန်၊ ဘဏ္ဍာ စောင့်ကြည့်ရေးအဖွဲ့ (Revenue Watch Institue) က ထုတ်ပြန်လိုက်သည်။
သဘာ၀ အရင်းအမြစ် ကြွယ်ဝသည့် နိုင်ငံပေါင်း ၅၈ နိုင်ငံအား လေ့လာ စောင့်ကြည့် စစ်တမ်းကောက်ယူကာ လေ့လာ တွေ့ရှိချက်များကို သုံးသပ်တင်ပြထားသည့် သဘာ၀ အရင်းအမြစ် စီမံခန့်ခွဲမှု ညွှန်းကိန်း (Resource Governance Index) ကို Revenue Watch Institue က မေလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ပေးမှတ် ၁၀၀ တွင် မြန်မာနိုင်ငံက ရမှတ် ၈ မှတ်ဖြင့် အဆင့် ၅၈ တွင် ရှိကြောင်း သိရသည်။
Revenue Watch Institute သည် Open Society Institute ၏ အစီအစဉ်တခု အနေဖြင့် နိုင်ငံတကာ ပညာရှင်များဖြင့် ၂၀၀၂ ခုနှစ်မှ စတင် ဖွဲ့စည်းခဲ့သည်။ သယံဇာတ ပေါကြွယ်ဝသည့် နိုင်ငံများတွင် ရေနံ၊ သဘာ၀ ဓာတ်ငွေ့၊ တွင်းထွက်ပစ္စည်း စသည့် သယံဇာတဆိုင်ရာ လုပ်ငန်းများသည် သက်ဆိုင်ရာ နိုင်ငံသားများအတွက် မည်မျှ အကျိုးရှိသနည်းဆိုသည်ကို လေ့လာဆန်းစစ် တိုင်းထွာသည့် လွတ်လပ်သော အဖွဲ့အစည်းတခု ဖြစ်သည်။
အဆိုပါ စစ်တမ်းနှင့် ပတ်သက်၍ ယနေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ Holiday Gardern ဟိုတယ်၌ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ရာ Earth Right International အဖွဲ့မှ စည်းရုံးရေး ညွှန်ကြားရေးမှူး မစ္စတာ ပေါလ် ဒိုနိုဝစ်ဇ်၊ ရွှေ သဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့မှ ဦးဝင်းအောင်နှင့် ရှမ်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူ စိုင်းခေးဆိုင်တို့က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် ချင့်ချိန်ရန် တိုက်တွန်းပြောဆိုသွားသည်။
“အခု အချိန်မှာ မြန်မာဟာ ပွင့်လင်းစ ဖြစ်လာတာ မှန်တယ်။ ဒါပေမယ့် လျှပ်စစ်မီးကိစ္စ၊ လမ်းတွေနဲ့ ဆက်သွယ်ရေး စတဲ့ အခြေခံ အဆောက်အအုံတွေဟာ အခုထိ ပြည့်စုံတဲ့ အနေအထားမရှိသေးဘူး။ ဒါကြောင့် နိုင်ငံတကာအနေနဲ့ စောသေးတယ်လို့ ပြောချင်တာ” ဟု မစ္စတာ ပေါလ် ဒိုနိုဝစ်ဇ်က ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံသည် သစ်၊ ရေနံ၊ သဘာဝဓာတ်ငွေ့ စသည့် သယံဇာတဆိုင်ရာ အရင်းအမြစ်များကို စီမံခန့်ခွဲမှုတွင် အလွန် အားနည်းပြီး အဆိုပါ လုပ်ငန်းစီမံကိန်းများသည်လည်း ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုများ မရှိသည့်အပြင် ၎င်းလုပ်ငန်းမှ ဝင်ငွေ ရာခိုင်နှုန်း ၉၀ ကျော်သည် နိုင်ငံတော်ဘဏ္ဍာစာရင်းသို့ ရောက်မလာခဲ့ကြောင်း မစ္စတာ ပေါလ် ဒိုနိုဝစ်ဇ်က ဆက်ပြောသည်။
မြန်မာနိုင်ငံ၌ အဂတိလိုက်စားမှု၊ တရားဥပဒေ စိုးမိုးမှု အလွန်အားနည်းခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ဆက်ရှိနေပြီး သဘာ၀ အရင်းအမြစ် စီမံကိန်းများနှင့် ပတ်သက်၍လည်း သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို လျစ်လျူရှုထားမှု၊ သတင်း ချုပ်ချယ်ကန့်သတ်ခြင်းတို့ကြောင့် မြန်မာနိုင်ငံအတွက် သယံဇာတ ကျိန်စာ သင့်နေရကြောင်း အဆိုပါသတင်းစာ ရှင်းလင်းပွဲတွင် ဦးဝင်းအောင်က ပြောသည်။
မစ္စတာ ပေါလ် ဒိုနိုဝစ်ဇ်က “သဘာ၀ သယံဇာတတွေက ရတဲ့ဝင်ငွေတွေဟာ အစိုးရက နည်းနည်းပဲ ရပြီး ကျန်တဲ့အများစုကြီးက မြန်မာအစိုးရ အရာရှိကြီးတွေရဲ့ ပြည်ပ ဘဏ်စာရင်းထဲ ရောက်သွားတယ်။ ဥပမာ စင်ကာပူ ဘဏ်တွေမှာ အများကြီး သွားအပ်ထားကြတယ်” ဟု ပြောသည်။
မြန်မာအစိုးရအနေဖြင့် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများ လာရောက်စေလို၍ တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ရေး၊ စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး စီမံခန့်ခွဲမှု လုပ်ငန်း (Extractive Industires Transparency Initiative – EITI) အပေါ် စိတ်ဝင်စားမှု ပြသော်လည်း အဆိုပါကိစ္စ အပေါ် လက်မှတ်ရေးထိုးမှု မရှိသေးကြောင်းလည်း သိရသည်။
စစ်တမ်းများအရ သဘာ၀ သယံဇာတ ထိန်းသိမ်းစောင့်ရှောက်မှုနှင့် အရည်အသွေး ထိန်းသိမ်းမှုတွင် တရားဝင်ကြီးကြပ်မှု လုံး၀ နီးပါး မရှိသောကြောင့် ရမှတ် ၂ မှတ်သာ ရရှိခဲ့သည်ဟု ဆိုသည်။
မြန်မာအစိုးရ၏ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန စသည်တို့မှလည်း တွင်းထွက်ပစ္စည်း ထုတ်လုပ်မှု ဆိုင်ရာ ဝင်ငွေကို ထုတ်ပြန်ခြင်း မရှိဟုလည်း အစီရင်ခံစာက ဖော်ပြသည်။
သို့သော် ဗဟိုဘဏ်ကသာ လိုင်စင်ကြေးနှင့် ဖြည့်စွက် ငွေကြေးပမာဏကို အစဉ်အလာအရ နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန်လေ့ရှိပြီး ဗဟို စာရင်းအင်းဌာနက သဘာ၀ ဓာတ်ငွေ့ ထုတ်လုပ်မှု ပမာဏနှင့် နိုင်ငံခြားတင်ပို့မှုကိုသာ ထုတ်ပြန်သည်။
သဘာ၀ သယံဇာတဆိုင်ရာ လုပ်ငန်းများကို နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာ၀ ဓာတ်ငွေ့လုပ်ငန်း (MOGE) ကသာ ဦးစီးလုပ်ခွင့်ရှိနေပြီး စာချုပ်များ လက်မှတ်ရေးထိုးမှုသည် ပွင့်လင်းမြင်သာမှု မရှိသည့်အပြင် စီမံကိန်းနယ်မြေများရှိ ဒေသခံများအား အသိပညာပေးမှုနှင့် တခြား လူမှုဝန်းကျင်ဆိုင်ရာ ပံ့ပိုးမှုများလည်း မရှိကြောင်း ဦးဝင်းအောင်က ဆိုသည်။
ယခုကဲ့သို့ သဘာ၀ သယံဇာတဆိုင်ရာ စီမံခန့်ခွဲမှု အနိမ့်ဆုံးဖြစ်နေသော်လည်း လက်ရှိ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွင် အခွင့်အလမ်းတခု အနေဖြင့် အစိုးရက မှန်ကန်စွာ အသုံးချပြီး ပြည်သူနှင့် နိုင်ငံအကျိုးရှိစေမည့် လုပ်ငန်းများ ဖော်ဆောင်ပေးမှသာ နောင်တွင် ညွှန်းကိန်း မြင့်တက်လာနိုင်ဖွယ်ရှိသည်ဟု စိုင်းခေးဆိုင်က ပြောသည်။
“ဒါပေမယ့် အခု လုပ်နေတဲ့ ဥပဒေတွေက ပြည်သူအတွက် သိပ်အကျိုးမရှိတဲ့ အခြေအနေမျိုး ရှိနေဆဲပဲ။ စီမံကိန်းတွေကို ဘယ်သူက တာဝန်ယူသလဲ၊ ဘယ်သူနဲ့ လက်မှတ်ရေးထိုးသလဲ ဆိုတာတွေ အားလုံးက ဘယ်သူမှ မသိရဘူး။ ပါလီမန်ထဲက အမတ်တွေတောင် မသိကြဘူး” ဟု သူက ဧရာဝတီသို့ ပြောသည်။
ဦးဝင်းအောင်ကလည်း “အခုလို ညွှန်းကိန်းအနိမ့်ဆုံး ဖြစ်ရတာတွေကနေ ပြန်မြင့်ဖို့ဆိုတာ ဒါတွေက နိုင်ငံရေးနဲ့ တိုက်ရိုက် ဆက်စပ်နေတော့ ပြုပြင်ပြောင်းလဲမှု အပိုင်းတွေမှာ ပိုပြီး လက်တွေ့ကျတဲ့ အခြေခံ ဥပဒေပိုင်းဆိုင်ရာတွေ၊ နိုင်ငံသားအခွင့်အရေးတွေ ဘယ်လောက်အထိ အစိုးရအနေနဲ့ လုပ်ပေးမယ် ဆိုတာအပေါ် မူ တည်တယ်” ဟု ဆိုသည်။
အဆိုပါ သဘာဝ အရင်းအမြစ် စီမံခန့်ခွဲမှု ညွှန်းကိန်းတွင် နော်ဝေနိုင်ငံက ရမှတ် ၉၉ မှတ်နှင့် အဆင့် ၁ တွင် ရှိသည်။