ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သော မဟာစင်ဆိုင်ကလုန်းမုန်ုတိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ပြီး အားပျော့လျက်ရှိသည်။
ဘင်္ဂလားဒေ့ရှ် မိုးလေဝသနှင့်ဇလဗေဒဌာန၏အဆို မဟာစင်မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းသို့ ဖြတ်ကျော်အပြီး ရုတ်ချည်း အားပျော့သွားခဲ့သော်လည်း ရွေ့လျားမှုမှာ နှေးကွေးနေဆဲဟု သိရသည်။
မဟာစင်မုန်တိုင်းသည် လေတိုက်နှုန်း တနာရီလျှင် ကီလိုမီတာ ၁၀၀( ၆၂ မိုင်) နှုန်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ဝင်ရောက်ခဲ့ပြီး အရှေ့ဘက်သို့ ဆက်လက်ရွေ့လျားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့နှင့် ကော့ဘဇားမြို့သို့ ဆက်ရွေ့လျားနေကြောင်း သိရှိရသည်။
ကုန်းတွင်းမုန်တိုင်းအဖြစ် ဆက်လက်တည်ရှိနေသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ အရှေ့တောင်ဘက် မိုင် ၆ဝ ခန့် ကုန်းတွင်း၌ တည်ရှိနေပြီး မကြာမီ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိကာ အားပျော့ပျက်ပြယ်သွားတော့မည်ဟု သိရပါသည်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ၏ အဆိုအရ မဟာစင်မုန်တိုင်းကြောင့် လူဦးရေ တသန်းကျော်ကို မုန်တိုင်းဘေးလွတ်ရာ နေရာများသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရှိရသည်။ မဟာစင် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူ ၅ ဦးသေဆုံးခဲ့သည်။ သီရိလင်္ကာနိုင်ငံတွင် မဟာစင်မုန်တိုင်းကြောင့် အနည်းဆုံး လူ ၇ ဦးသေဆုံးကာ လူဦးရေ ၃၈၈၁ ဦး ရွှေ့ပြောင်းပေးခဲ့ရသည်။
ကုသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာရုံး၏ ထုတ်ပြန်ချက်အရ မဟာစင်မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် အိန္ဒိယအရှေ့မြောက်ပိုင်း ဒေသတွင် နေထိုင်သော လူဦးရေ ၈ ဒသမ ၂ သန်း၏ အသက် အိုးအိမ်ကို ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။
မြန်မာပြည်တွင် မုန်တိုင်းဘေး ကင်းလွတ်ရေး ရှောင်ကြသည့် မွတ်စလင်ဒုက္ခသည် တစ်ရာကျော်ကို သယ်ဆောင်လာသော လှေများ တနင်္လာနေ့ ညက ကုလားတန်မြစ်ဝ အနီး နစ်မြုပ်သောကြောင့် လူ ၄၃ ဦးကို ကယ်ခဲ့ပြီး အလောင်း ၈ လောင်းကို ဆယ်နိုင်ခဲ့သည်။ လူ ၅၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်သည်။
စစ်တွေမြို့သို့ ရောက်ရှိနေသော ဧရာဝတီသတင်းထောက်က မြို့အပြင်ဘက်ရှိ ဒုက္ခသည်စခန်းအချို့မှ မွတ်စလင်ဒုက္ခသည်များမှာ ယနေ့ မနက်စောစောပိုင်းအချိန်မှ စတင်ကာ မုန်တိုင်းဘေး လွတ်နိုင်မည့် နေရာများသို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) အကူအညီဖြင့် ပြောင်းရွှေ့ကြောင်း တွေ့ရသည်။
ဒုက္ခသည်စခန်းများဖြစ်သော ဒါးပင်၊ သဲချောင်း၊ ဗောဒူဖ၊ ဆေးသမားကြီး၊ ဘုမေ၊ အုန်းတော၊ အနောက်စံပြ နေရာများတွင် စတင်ပြောင်းရွှေ့မှုများ ပြုလုပ်လျက်ရှိပြီး အချို့မှာ ယမန်နေ့ ညနေကပင် စတင်ပြောင်းရွှေ့ခြင်းရှိကြောင်း ဒေသခံများက ဆိုသည်။ ပင်လယ်ကမ်းခြေနှင့် နီးသော ဒုက္ခသည်စခန်းများ ဖြစ်သော အုန်းတော၊ ဘုမေ စခန်း၊ ဒါးပင်စခန်းနှင့် မှန်စီလမ်းဆုံပတ်ဝန်းကျင်ရှိ ဒုက္ခသည်စခန်းများမှာ ရထားလမ်းတစ်ဖက်ရှိ သက္ကယ်ပြင်ရွာနှင့် ဥယျာဉ်သာရွာတို့မှ စာသင်ကျောင်းများနှင့် ဗလီများထဲသို့ ယနေ့ ပြောင်းရွှေ့သည်။
၇ သောင်းကျော်ရှိသော ဒုက္ခသည်အားလုံး ပြောင်းရွှေ့ခြင်းမဟုတ်သော်လည်း ထက်ဝက်ကျော်ခန့်မှာ ပြောင်းရွှေ့သည်ဟု ပြောနိုင်ကြောင်း သဲချောင်းဒုက္ခသည်စခန်းမှ ဦးမောင်မောင်က ဧရာဝတီသို့ ပြောသည်။
”ပြောင်းတာက လွယ်လွယ်လေးပဲ။ ကျနော်တို့က စားစရာ လိုချင်တာ။ အခု ကျနော်မှာ အိုးနှစ်လုံး။ လုံချည်နှစ်ထည်။ မိန်းမမှာလည်း ထမီနှစ်ထည်။ ကလေးမှာက အကျီတထည်ပဲရှိတယ်။ ဒီမှာလဲ မနေချင်ဘူး။ နေစရာ မရှိလို့ လာနေတာ”ဟု သံထော်လီရွာ မီးလောင်၍ ဒါးပင်သို့ ပြောင်းရွှေ့လာသူ ကိုစိုးလွင်က ပြောသည်။
ဒါးပင်ဒုက္ခသည်စခန်းတွင် ကလေးတစ်ယောက် မွေးခဲ့ပြီး မိခင်ဖြစ်သူ မနာဇီတာက ” ဟိုးပြေးရ ဒီပြေးရနဲ့ အရမ်း ဒုက္ခရောက်တယ်။ စားစရာက မရှိ။ နေစရာကလည်း မရှိဘူး။ အခု ဗိုက် အရမ်း ဆာတယ်”ဟု ဆိုသည်။
ယမန်နေ့က အစိုးရနှင့် တပ်မတော်မှ စီစဉ်သော ပြောင်းရွှေ့မှုကို ငြင်းဆန်ခဲ့သော မွတ်စလင်ဒုက္ခသည်များ ပြောင်းရွှေ့ရခြင်းမှာ ကုလသမဂ္ဂမှ ပြောင်းရွှေ့မည့် ဒုက္ခသည် စားနပ်ရိက္ခာထောက်ပံပေးရန် တာဝန်ခံခြင်း၊ မုန်တိုင်းအရှိန်ကြောင့် လေကြမ်း တိုက်ခတ်ခြင်းကို လက်တွေ့ကြုံလာရကာ ယိုင်နဲ့သော တဲအိမ်အချို့ လဲပြိုခြင်းများ ရှိလာသောကြောင့် ကြောက်လန့်ကာ ပြောင်းရွှေ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးလှဟန်က ပြောသည်။
”တဲနဲ့နေတဲ့လူတွေက နီးစပ်ရာ ရွာတွေထဲကို ရွှေ့ကုန်ပြီ။ သဲချောင်း ဒုက္ခသည်စခန်းကတော့ အာရဗီကျောင်းထဲကို ရွှေ့မယ်ပြောတယ်။ အခု ပြည်နယ် ဝန်ကြီးချုပ်က ရွှေ့တာတွေ လိုက်ကြည့်နေတယ်။ UN က ဒုက္ခသည်တွေကို ဆန်ဝေဖို့ လုပ်နေတယ်။ အိမ်သာဆောက်ဖို့ ကြည့်တယ်။ ဒုက္ခသည်လူစာရင်း လိုက်ကောက်နေတယ်”ဟု စစ်တွေမြို့ အခြေစိုက် ကုလသမဂ္ဂအကူအညီပေးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံးမှ အကြီးတန်းဝန်ထမ်း ကိုမိုးဝင်းအောင်က ဧရာဝတီသို့ ပြောသည်။
လွန်ခဲ့သော ၇ လခန့်က ပေါက်တောမြို့မှ ပြောင်းရွှေ့လာသောသူ နှစ်ထောင်ကျော် နေထိုင်သော အုန်းတော ဒုက္ခသည်စခန်းမှာ အနီးရှိ ဘုမေရွာ ထဲသို့ ပြောင်းရွှေ့သွားခဲ့သည်။
”ကျနော်တို့က တဲတွေကိုစောင့်ပြီး ကျန်ခဲ့တယ်။ ညကျရင် ရွာထဲကိုဝင်မယ်။ အခု WFP က ဆန် ၁၅ ရက်စာ ပေးထားတယ်”ဟု အုန်းတော ဒုက္ခသည် စခန်းမှ အဒူဇော်ပေါက ပြောသည်။
စစ်တွေမြို့ပေါ်ရှိ အဓိဋ္ဌာန် ဘုန်းကြီးကျောင်းအပါအဝင် ဘုန်းကြီးကျောင်းအချို့တွင် ရခိုင်ဒုက္ခသည် တစ်ထောင်ခန့် ခိုလှုံလျက်ရှိသည်။
”ဘုန်းကြီးတို့ကျောင်းမှာ ဒုက္ခသည် ၄၆၃ ဦးရှိတယ်။ ပင်လယ်ပြင်ရွာက လာတာ။ ပြည်နယ်အစိုးရက စီစဉ်တော့ ဘုန်းကြီးတို့က နေစရာပေးထားရတယ်။ အစားအသောက်ကိုတော့ အစိုးရက ထောက်ပံပေးတယ်”ဟု အဓိဋ္ဌာန် ဘုန်းကြီးကျောင်းမှ ဒု ကျောင်းထိုင်ဆရာတော်က ရှင်းပြသည်။
ရခိုင် ပင်လယ်ပြင်ရွာမှာ မြေအနိမ့်ပိုင်းတွင်ရှိပြီး ပင်လယ်နှင့်နီးသောကြောင့် တရွာလုံးနီးပါး ပြောင်းရွှေ့လာခြင်း ဖြစ်ကြောင်း၊ ယောကျၤားများသာ အိမ်စောင့်ကျန်ရစ်ခဲ့ကြောင်း ယင်းရွာမှ ဒေါ်သင်းချေက ပြောသည်။
ပြောင်းရွှေ့လာသော ဒုက္ခသည်များအတွက် လိုအပ်သောအကူအညီများပေးနိုင်ရန် ကုလသမဂ္ဂနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲတို့ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့တွင် အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး နေ့လည်ပိုင်းတွင် ဒုသမ္မတ ဦးဆောင်ကာ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့နှင့် ထပ်မံဆွေးနွေးမှုများ ပြုလုပ်သည်။
မိုးဇလက မေလ ၁၆ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီ မုန်တိုင်း သတိပေး ထုတ်ပြန်ရာ မုန်တိုင်းအခြေအနေကို အနီရောင်အဆင့်မှ အညိုရောင်အဆင့်သို့ လျော့ချသတ်မှတ်ခဲ့သည်။ သို့သော် လေတိုက်နှုန်းမှာ တစ်နာရီ မိုင် ၅၀ မှ ၆၀ ခန့်အထိ တိုက်ခတ်နိုင်ပြီး မုန်တိုင်းကြောင့် မြင့်တက်နိုင်သော ရေလှိုင်းအမြင့်မှာ မောင်တောမြို့နယ် ကမ်းခြေတွင် ၆ ပေမှ ၈ ပေခန့်၊ စစ်တွေခရိုင် ကမ်းခြေတွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ကြောင်း၊ မုန်တိုင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။