တနသာၤရီတိုင်းဒေသကြီး ထားဝယ်ဒေသရှိ စစ်တပ်နှင့် ပုဂ္ဂလိက ကုမ္ပဏီများ၏ မတရားသိမ်းဆည်းခံရသော ၎င်းတို့ လယ်ယာမြေ များ ပြန်လည် ရရှိရေးနှင့် အကျိုးခံစားခွင့်များ ရရှိရန် အတွက် နိုင်ငံတော် သမ္မတ အထိ တောင်းဆိုသွားမည် ဖြစ်ကြောင်း လယ် သမားများက ပြောဆိုသည်။
ယင်း လယ်ယာမြေများအား တောင်သူ လယ်သမားများ၏ အခွင့်အရေးကို လျစ်လျူရှုကာ မတရားသိမ်းဆည်းခံခဲ့ရခြင်းဖြစ်သည်ဟု ၈၈ မျိုးဆက် ကျောင်းသား များ၏ ရုံးခန်း၌ ကြာသပတေးနေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် လယ်ယာမြေ အသိမ်းခံရသူ ၁၅ ဦးခန့်က ပြောကြားခြင်း ဖြစ်သည်။
“အခု သိမ်းခံရတဲ့ မြေဧကပေါင်းက ထောင်ချီရှိပါတယ်။ စစ်တပ်ရော၊ ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီ(DDPC) ရော၊ တခြား ပုဂ္ဂလိက ကုမ္ပဏီတွေကရော သိမ်းထားတာ။ တချို့နေရာတွေမှာ လျော်ကြေး ဘာမှမပေးဘဲ၊ တချို့နေရာတွေ မှာပေးတဲ့ လျော်ကြေးက တခြားနေရာမှာ ပြန်အခြေချဖို့ မဖြစ်နိုင်တဲ့ မမျှတတဲ့ လျော်ကြေးလောက်ပဲပေးတာ”ဟု ထားဝယ် လူ့အခွင့်အရေး စောင့်ကြည့်သူ ကွန်ရက်မှ ကိုသန်းဝင်းက ပြောသည်။
အဆိုပါ အသိမ်းခံရသော မြေများတွင် ထားဝယ်မြို့တိုးချဲ့ရန်အတွက် ၁၉၉၀ ပြည့်နှစ်ကတည်းက သိမ်းယူထားသော ဆန်ချိကွင်း၊ ထိန်သစ်ကွင်း၊ ရွှေဂူကွင်း၊ မဏ္ဍာပ်မော်ကွင်း စသော ကျေးရွာများမှ မြေများ ပါဝင်ကြောင်း၊ ၁၉၉၇ ခုနှစ်တွင် ကမ်းနားလမ်းနှင့် အနောက်ဘက်ခြမ်းကို ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် လှေဒေါက်လုပ်ငန်းမှ ဓနိတောနှင့် လယ်မြေများအား ဒေသခံ လယ်သမားများကို အဓမ္မနှင်ထုတ်၍ သိမ်းယူထားခဲ့ခြင်းဖြစ်ကြောင်းလည်း ကိုသန်းဝင်းက ပြောပြသည်။
ထို့အပြင် စစ်တပ်ကလည်း ဒေသခံလယ်သမား ၆၆ ဦး၏ လယ်မြေများကို ၁၉၉၁ ခုနှစ်ကတည်းက သိမ်းယူထားပြီး ၎င်းတို့၏ စစ်တပ် နယ်နမိတ်အပြင်ဘက် လယ်မြေများအား လယ်သမားများကို သီးစားပေးမှ ပြန်လည် စိုက်ပျိုးခွင့်ပြုခဲ့ကြောင်း၊ ထားဝယ်မြို့ရှိ တရုတ်သချုႋင်းမြေ တိုးချဲ့ရန်အတွက် သချုႋင်းအနီးရှိ စားကျက်မြေကိုလည်း သိမ်းယူခဲ့ကြောင်း သိရသည်။
ထားဝယ်ဒေသရှိ ပုဂ္ဂလိက ဆေးရုံဆောက်ရန်ဆိုပြီး သိမ်းယူလိုက်သော လယ်မြေများအတွက် ကုမ္ပဏီတခုက လယ်သမားများကို တွေ့ဆုံ၍ လယ် ၁ ဧက ကျပ် သိန်း ၂၀ လျော်ကြေးပေးမည်၊ သို့သော် ချက်ချင်းလက်ခံရမည်ဟု ခြိမ်းခြောက်ပြောဆိုမှုများကို ကြုံ တွေ့ခဲ့ရကြောင်း လယ်ယာမြေ အသိမ်းခံရသူ တဦး ဖြစ်သည့် လယ်ပိုင်ရှင် ဒေါ်ရွှေစင်ယုက ပြောဆိုသည်။
“ကျမတို့က ချက်ချင်းလက်မခံနိုင်ဘူး၊ စဉ်းစားဦးမယ်ဆိုတော့ သူတို့က အခုချက်ချင်းလက်မခံရင် ဌာနဆိုင်ရာတွေက ပြောဆို လိမ့် မယ်။ နောင်ဆို လျော်ကြေးတောင်ရမှာ မဟုတ်ဘူးလို့ပြောတယ်။ ကျမတို့အနေနဲ့လည်း လက်ရှိ ထားဝယ်မှာ ဖြစ်နေတဲ့ မြေဈေးတွေက မြင့်လာတော့ သူတို့ လျော်ကြေးပေးတာလောက်နဲ့ နောက်တနေရာမှာ ဝယ်ပြီးနေလို့ရတဲ့ ပမာဏမဟုတ်ဘူးလို့ ပြောပြီး မယူဘဲ ပြန်ခဲ့တယ်”ဟု ၎င်းက ပြောသည်။
လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ထံ တင်ပြထားသော်လည်း ယခုကဲ့သို့သော မိုးရာသီ၌ လုပ်ငန်းခွင် ဝင်ရန် အချိန်ဖြစ် သောကြောင့် ဖြေရှင်း၍မပြီးမချင်း အလုပ်လုပ်ကိုင်ရန် နှောင့်နှေးနေခြင်းက တောင်သူ လယ်သမားများအတွက် ဘဝရပ်တည်ရေး အခက်အခဲ ဖြစ်ရကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦး ဖြစ်သူ ကိုထွန်းမြင့်အောင် ကလည်း ပြောဆိုသည်။
လယ်ယာမြေ အငြင်းပွားမှုမပြီးခင် လယ်သမားများ၏ ဘဝရပ်တည်ရေးအတွက် စဉ်းစားဆောင်ရွက်နိုင်ရန် ကော်မတီတရပ် လိုအပ် မည်ဟု ယူဆကြောင်း၊ အဆိုပါ ကော်မတီတွင်လည်း အစိုးရ ဝန်ထမ်းများသာ မဟုတ်ဘဲ လယ်သမားအရေး ဆောင်ရွက်ရန် လယ် သမားသမဂ္ဂများ ပေါ်ပေါက်လာရန် လိုအပ်ကြောင်း၊ ထိုသမဂ္ဂများမှ လယ်သမား ကိုယ်စားလှယ်များ၊ ဥပဒေ ပညာရှင်များ၊ လွှတ် တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်း၍ လတ်တလော လယ်သမားများ၏ ဘဝရပ်တည်ရေးအတွက် ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
ကိုထွန်းမြင့်အောင်က “မြေယာသိမ်းမှုတွေက ကျနော်တို့နိုင်ငံမှာ နေရာတိုင်းမှာဖြစ်နေတာ၊ တောင်သူ လယ်သမားတွေရဲ့ အခွင့် အရေးကို မစောင့်ရှောက်ရင် ဆင်းရဲမှု လျှော့ချရေးတို့၊ ဘာတို့ လုပ်နေလည်း အပိုပဲ၊ နောက်ပြီး မြေယာအငြင်းပွားမှု ကော်မတီက ဖြေရှင်းဆောင်ရွက်မယ် ဆိုပြီး ပြောနေရုံနဲ့မပြီးဘူး၊ အောက်ခြေအဖွဲ့တွေ ဘယ်လိုလုပ်နေလဲဆိုတာအထိ ဆင်းကြည့်ဖို့လိုတယ်” ဟုလည်း ဆက်ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့အနေနှင့်လည်း သက်ဆိုင်ရာ အစိုးရဌာနများသို့ အသိပေး အကြောင်းကြားသွားမည် ဖြစ်ပြီး လယ်ယာမြေ အသိမ်းခံရသော ဒေသများသို့ သွားရောက်လေ့လာ၍ တွေ့ရှိရသော လယ်သမားများ၏ နစ်နာချက်များကို ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည်။
ထားဝယ် ဒေသ၌ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်းကို ၂၀၀၀ ပြည့်နှစ်အတွင်းက စတင်၍ လုပ်ကိုင်နေသည်။
စီမံကိန်းကို ထိုင်းနိုင်ငံမှ Italian-Thai Development ကုမ္ပဏီ က ဦးစီးဆောင်ရွက်နေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံမှ Max Myanmar ၊ Asia World စသည့် ပုဂ္ဂလိကကုမ္ပဏီ များလည်း ပါဝင် လုပ်ကိုင်နေကြောင်း၊ ယင်း စီမံကိန်းသည် အရှေ့တောင် အာရှတွင် အကြီး ဆုံး စက်မှုဇုန်ဖြစ်လာရန်ရှိပြီး တရုတ်နိုင်ငံ ရှန်ဇန်း စက်မှုဇုန်ကဲ့သို့ တည်ဆောက် ရန် စီစဉ်ထားကြောင်း သိရသည်။