တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် နိုင်ငံရေး ပါတီများအကြား လွတ်လပ်စွာ ပြောဆို ဆွေးနွေးနိုင်ရန် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ကို အစိုးရ အနေဖြင့် ပယ်ဖျက်ပေးရန် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) မှ ကိုယ်စားလှယ်များနှင့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များက တောင်းဆိုထားကြောင်း သိရသည်။
ယခုလ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) ၌ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်းနှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) မှ ဗိုလ်မှူးကြီး စိုင်းမြင့်၊ ဗိုလ်မှူးကြီး စိုင်းလ၊ ထို့အပြင် ဥရောပ-မြန်မာရုံး (Euro-Burma Office) အဖွဲ့မှ ဦးဟန်ညောင်ဝေ၊ ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီမှ ဦးခွန်ထွန်းဦးနှင့် ဦးစိုင်းညွန့်လွင်တို့ တွေ့ဆုံဆွေးနွေးစဉ် ထိုသို့ တောင်းဆိုခြင်း ဖြစ်ကြောင်း သိရှိရသည်။
SSA တောင်ပိုင်းမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက “နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်ဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ပြည်တွင်းထဲမှာ ရှိနေတဲ့ နိုင်ငံရေးပါတီတွေ၊ လူထုအခြေပြု အဖွဲ့တွေ အားလုံး တွေ့ဆုံ ညှိနှိုင်းမှုတွေ လုပ်ရမယ်ဆိုတော့ အဲဒီ ၁၇/၁ ပုဒ်မကြီးက ကန့်လန့်ကန့်လန့် ဖြစ်နေတဲ့အတွက်ကြောင့် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လွတ်လွတ်လပ်လပ် မတွေ့ဆုံရဲကြဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ပယ်ဖျက်ရန် တင်ပြခဲ့သည့် ၁၇/၁ ပုဒ်မ ကိစ္စကို သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဖြစ်ပေါ်လာမှသာလျှင် စဉ်စားမည်ဟု ပြန်လည် ပြောဆိုကြောင်း သိရသည်။
“ဦးအောင်မင်းကတော့ ပြည်တွင်းထဲမှာ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးတွေ ဖြစ်ပေါ်လာပြီ ဆိုရင်တော့ ဒီကိစ္စကို သူတို့ စဉ်းစားမယ်၊ သမ္မတကြီးကလည်း ဒီကိစ္စကို စဉ်းစားပါတယ်လို့ ပြောပါတယ်” ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဆိုသည်။
တွေ့ဆုံပွဲ၌ လက်ရှိ အစိုးရအနေဖြင့် လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့ဝင်များအပေါ် ထားရှိသည့် သဘောထားနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ပြင်ဆင်မှု အခြေအနေ၊ ရှမ်းပြည်နယ်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမှု ကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် လတ်တလော ရှမ်းပြည်နယ်အတွင်း အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်အဖွဲ့များ ပြန်လည်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် တဦးဖြစ်သူ ဦးခွန်ထွန်းဦးက ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ယခုလ ၉ ရက်နေ့မှ စတင်၍ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မကျေးရွာတွင် အခြေစိုက် လှုပ်ရှားနေသည့် SSA တောင်ပိုင်း တပ်ဖွဲ့ဝင်များ၏ တပ်စခန်းတခုကို အစိုးရတပ်မှ လက်နက်ကြီးများ အသုံးပြု ထိုးစစ်ဆင် သိမ်းပိုက်ခဲ့သည်။
၂၀၁၂ ခုနှစ် မေလ ၁၉ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် SSA တောင်ပိုင်းမှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့နှင့် နောက်ဆုံး တွေ့ဆုံခဲ့ပြီးနောက် တိုက်ပွဲများ မကြာခဏ ပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲတွင် မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေး၊ SSA တောင်ပိုင်း အဖွဲ့အား မတရားအသင်း အဖြစ်မှ ပယ်ဖျက်ပေးရေး၊ နိုင်ငံရေးပါတီများနှင့် ဒေသခံပြည်သူလူထုများ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးရေး၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရေး၊ SSA အဖွဲ့နှင့် မိသားစုဝင်များ နေရာချထားရေး၊ စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရေး စသည့်အချက်များ အပါအဝင် ၁၂ ချက်ကို သဘောတူခဲ့ကြောင်း သိရသည်။