မြန်မာနိုင်ငံ နယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာမြို့နယ်အတွင်း ပင်လယ်ကမ်းခြေမှ မြန်မာနိုင်ငံသား အလောင်း ၃၁ လောင်း ဆယ်ယူရရှိပြီး ယင်းအလောင်းများအား မြန်မာနိုင်ငံသို့ ပြန်ပို့ရန် စီစဉ်နေကြောင်း သိရသည်။
ရရှိသော အလောင်းများမှာ ကလေး ၁၁ ဦး၊ အမျိုးသမီး ၆ ဦးနှင့် ကျန်အလောင်းများမှာ အမျိုးသားများဖြစ်သည်။
မြန်မာနိုင်ငံသားဟု အတည်ပြုနိုင်ခြင်းမှာ အလောင်းများတွင် မြန်မာငွေများ တွေ့ရှိခြင်းနှင့် အဝတ်အစားများကြောင့်ဟု တက္ကနာမြို့နယ် ရဲစခန်းမှူး ဒီဘာကော် ဆဲဒွတ် Dibakor Serdous က ဧရာဝတီသို့ ပြောသည်။
“သူတို့တွေဆီကနေ မြန်မာငွေ တသိန်းကျော်ရပါတယ်။ နောက်ပြီး အဝတ်အစားက ကျနော်တို့ နိုင်ငံက ရခိုင်တွေ ဝတ်သလို အဝတ်အစားမျိုးတွေ ဖြစ်နေတာကြောင့် မြန်မာနိုင်ငံသားလို့ အတည်ပြုနိုင်တာဖြစ်တယ်” ဟု တက္ကနာ ရဲစခန်းမှူးက ပြောသည်။
ယင်းအလောင်းများကို တက္ကနာမြို့နယ် ဆာဘိုဒီယာ(ရှင်မဖြူ)ကျွန်း ဆိပ်ကမ်း၏ တောင်ဘက် မေလ ၁၅ ရက်နေ့ မနက် ၁၀နာရီခန့်တွင် ငါးဖမ်းလှေများက စတင်တွေ့ရှိပြီး သက်ဆိုင်ရာကို အကြောင်းကြားခြင်းဖြစ်ကြောင်း တက္ကနာမြို့မှ ဘင်္ဂလားဒေ့ရှ် စစ်ထောက်လှမ်းရေးဌာနမှ နိုဒူလ် Nodulက ပြောသည်။
“အလောင်းတွေ တွေ့တယ်လို့ နယ်ခြားစောင့်တပ် စခန်းကို အကြောင်းကြားတော့ နယ်ခြားစောင့်တပ်နဲ့ ကမ်းခြေစောင့်တပ်တွေက ထွက်ပြီး ဆယ်ယူတာ ဖြစ်ပါတယ်” ဟု နိုဒူလ်က ပြောသည်။
တက္ကနာမြို့အခြေစိုက် အမှတ် ၄၂ နယ်ခြားစောင့် တပ်ရင်းမှူးမှ မြန်မာ နစကသို့ မြန်မာနိုင်ငံသားများ အလောင်းကို မြန်မာနိုင်ငံကို ပြန်လည် လွှဲပြောင်းလိုကြောင်း အကြောင်းကြားသော်လည်း မုန်တိုင်းကြောင့် အလုပ်များနေသည့်အတွက် အကြောင်းမပြန်နိုင်သေးကြောင်း ပြန်ကြားသည်ဟု တက္ကနာ ရဲစခန်းမှူးက ပြောသည်။
ယခုရရှိသော အလောင်းများသည် မဟာဆင်မုန်တိုင်း မလာမီ ၁၃ ရက်နေ့က ထွက်ပြေးကြသော မွတ်စလင်ဒုက္ခသည်များ ဖြစ်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက သုံးသပ်ယူဆနေသည်။
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငှက်ချောင်း ဒုက္ခသည်စခန်းမှ မဟာဆင် မုန်တိုင်းကို ကြောက်ရွံ့ပြီး ထွက်ပြေးလာကြသော လှေတစီး စစ်တွေမြို့ အနီး ပွဲကြည့်တောင်အရပ်တွင် နစ်မြုပ်၍ လူ ၅၀ ကျော် ပျောက်ဆုံးနေကြောင်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခဲ့သည်။
တက္ကနာကမ်းခြေတွေရရှိသော အလောင်းများမှာ ခလေး ၁၁ ဦး၊ အမျိုးသမီး ၆ ဦးနှင့် ကျန်အလောင်းများမှာ အမျိုးသားများဖြစ်သည်။
“ကျနော်တို့ကတော့ ဒီအလောင်းတွေကို မိသားစုထံ ပြန်ပို့ချင်ပါတယ်။ ခက်နေတာကလည်း မဟာစင် မုန်တိုင်းကြောင့် အလုပ်ရှုပ်နေကြတော့ မြန်မာဘက်ကိုလည်း အပြစ်ပြောလို့ မရဘူး။ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြည့်နေပါတယ်။ ဒီမှာ မြှုပ်ဆိုရင်လည်း ကျနော်တို့ တာဝန်ပါဘဲ။ မြန်မာကိုပို့ပါဆိုရင်လည်း ပို့ပေးပါ့မယ်” ဟု တက္ကနာမြို့နယ် စခန်းမှူး ဒီဘာကော် ဆဲဒွတ် Dibakor Serdous က ပြောသည်။