သတင်း

သမ္မတ အမေရိကန်ခရီးစဉ် မတိုင်မီ နိုင်/ ကျဉ်း ၂၃ ဦးလွတ်မြောက်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ပြည်ထောင်စု ခရီးစဉ်အကြိုဟု ယူဆရသည့် လွတ်ငြိမ်း ချမ်းသာခွင့်ကို ကြေညာခြင်းမပြုဘဲ နိုင်ငံရေးအကျဉ်းသား ၂၃ ဦးအားလွှတ်ပေးခဲ့ကြောင်း သိရသည်။

မေလ ၁၇ ရက် အကျဉ်းသား လွတ်ပေးမှုနှင့် ပတ်သတ်ပြီး ပြည်ထဲရေး ဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန ရုံးအမှတ် ၄၉ သို့ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့ရာ အကျဉ်းသား လွှတ်ပေးနေမှုကို ၎င်းတို့ဌာနမှ မသိရသေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

“ကျနော်တို့ အတည်ပြုနိုင်တဲ့ သတင်းတွေအရ အင်းစိန်က ၁၀ ဦး၊ သာယာဝတီက ၅ ဦး၊ မန္တလေးနဲ့ တောင်ငူက ၂ ဦးစီ၊ ပုသိမ်၊ မအူပင်၊ တောင်ကြီးနဲ့ လားရှိုးထောင်တွေက ၁ ဦးစီလို့ သိထားပါတယ်။ ခုလောလောဆယ်ထိတော့ အင်းစိန်၊ သာယာဝတီကိုတော့ သေချာပြောနိုင်ပါတယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုရဲအောင်က ဧရာဝတီကို ပြောသည်။

အင်းစိန်ထောင်မှ ၁၀ ဦး လွတ်မြောက် လာသော်လည်း ၁ ဦးကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြန်လည် စစ်ဆေးနေသဖြင့် ၉ ယောက်သာ အပြင်ထွက်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

“ဘယ်နှယောက် လွတ်လာမယ်ဆိုတာ ကျနော်တို့လည်း မပြောနိုင်ဘူးဗျ။ ၂၃ ယောက်လို့တော့ အကြမ်းဖျဉ်းသိထားတယ်။ ဘယ်ထောင်က ဘယ်သူဆိုတာကတော့ ညနေလောက် သူတို့ အပြင် ရောက်လာကြတော့မှ ပြောနိုင်မယ် ထင်ပါတယ်” ဟု ကိုရဲအောင်က ဆက်ပြောသည်။

သာယာဝတီထောင်မှ လွတ်မြောက်လာသူ ၅ ဦးစလုံးသည် ကျောင်းသားတပ်မတော် (ABSDF) ဗဟို ကော်မတီဝင်များ ဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ရရှိမည်ကို လွတ်မြောက်ခါနီး အချိန် နာရီပိုင်းအလိုမှ သိရှိခဲ့ရကြောင်း သိရသည်။

“ကျနော်တို့ ၅ ယောက်ကို အကျဉ်းဦးစီးက ဘာမှ နှောင်ကြိုးမရှိဘဲနဲ့ နိုင်ငံတော် သမ္မတရဲ့ အမိန့်နဲ့ လွှတ်ပေးလိုက်တယ်လို့ ထောင်မှူးက လာပြောပါတယ်။ ကျနော်တို့ အဖွဲ့ ၇ ယောက်ရှိတာ အထဲမှာ ၂ ယောက် ကျန်ခဲ့ပါတယ်။ ဒေါ်ခင်ရီနဲ့ ကယန်း အမျိုးသား ခူးဆားရယ်ပါ” ဟု သာယာဝတီထောင်မှ လွတ်မြောက်လာသူ ကိုအေးမင်းနိုင်က ဧရာဝတီကို ပြောသည်။

မအူပင်ထောင်မှ လွတ်မြောက်လာသူမှာ အသရေဖျက်မှုနှင့် ထောင်ကြွေးကျန် ၆ နှစ် ကျခံနေရသော ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဖြစ်ကြောင်း သိရသည်။

အကျဉ်းကျခံနေရသူ ပါတီဝင်နှင့် တပ်သားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် နိုင်ငံတော် သမ္မတထံ စာတင်ထားသည့် ရှမ်းပြည် ထူထောင်ရေး ကောင်စီ (RCSS) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့မှ အကျဉ်းသားများ လွတ်မြောက်ခြင်း မရှိကြောင်း သိရသည်။ ဧပြီလ ၂၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွတ်မြောက် လာသူများထဲတွင် ဘိန်းဘုရင် ခွန်ဆာ၏ မော်ထိုင်း တပ်မတော် (MTA) ခွဲထွက် အဖွဲ့ဖြစ်သည့် ရှမ်းပြည် အမျိုးသား တပ်မတော် (SSNA) မှ တပ်ဖွဲ့ဝင် ၄၀ ကျော် ပါဝင်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသား စိစစ်ရေးအဖွဲ့များ ၏ စာရင်းပြုစုချက်များအရ နိုင်ငံတဝန်းရှိ အကျဉ်းထောင်များ၌ နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading