သမ္မတရုံး ဝန်ကြီးတဦး ပိုင်ဆိုင်သော သရက်ခြံကို မီးရှို့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီး ချုပ်နှောင် ခံနေရသော ရွာသားများကို ပြန်လွှတ်ပေးရန် ကယန်းလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီများနှင့် လူမှုရေး အဖွဲ့များ ပူးပေါင်း၍ ယနေ့နံနက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီက ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် ပေါင်းလောင်းကြိုးဝိုင်း ဝန်းကျင်တွင် တောင်ယာခုတ်နေသော ကိုးကွေ့ ကျေးရွာသားများကို သမ္မတရုံး ဝန်ကြီး၏ ကိုယ်စားလှယ်က ယင်းမြေများသည် ဝန်ကြီးအပိုင် မြေများဖြစ်ခြင်းကြောင့် မခုတ်ရန် ပြောဆိုကာ ဝန်ခံကတိ လတ်မှတ်ထိုးစေခဲ့ကြောင်း၊ ယင်းနောက် တောမီး နှစ်ကြိမ်လောင်ကျွမ်းခဲ့ခြင်းသည် ရွာသားများကြောင့် ဖြစ်သည်ဟု ဆိုကာ ပင်လောင်း ရဲစခန်းမှ ယင်းရွာသားများအား ဖမ်းဆီးထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မီးရှို့မှု ပုဒ်မ ၄၃၆၊ အကျိုးစီးပွား ဖျက်ဆီးမှု ပုဒ်မ ၄၂၇၊ ပိုင်နက်ကျူးလွန်မှုပုဒ်မ ၄၄၇ တို့ဖြင့် ကိုးကွေ့ရွာသား ၇ ဦးအား ဧပြီလ ၂၉ ရက်နေ့မှ စတင်ဖမ်းဆီးခဲ့ပြီး နောက်ထပ် တောင်ကျရွာသား ၄ ဦးကိုလည်း မေလ ၁၅ ရက်နေ့က ထပ်မံ ဖမ်းဆီးခဲ့သည်။
“ဝန်ကြီး ပိုင်တဲ့နေရာနဲ့ ရွာသားတွေ နေရာက တောင်သုံးလုံး လောက်ခြားတယ်။ ရဲတွေ ဖမ်းထားတဲ့လူတွေက မီးလောင်တဲ့ အချိန်တုန်းက အိမ်မှာပဲ ရှိပါတယ်လို့ တရွာလုံးက အာမခံပေး ကြပေမယ့် အခုထိ လွှတ်မပေးပါဘူး။ အာမခံလည်း မပေးဘဲ အချုပ်ထဲ ထည့်ထားတယ်” ဟု ထုတ်ပြန်ချက်၌ လက်မှတ်ရေးထိုးခဲ့သော ကယန်း မျိုးဆက်သစ် လူငယ်အဖွဲ့ (KNGY) အတွင်းရေးမှူး ခူးအသန်းက ဧရာဝတီသို့ ပြောသည်။
မီးလောင်ခံရသော နေရာများသည် နှစ်ပေါင်းများစွာ ကတည်းက ကယန်း တိုင်းရင်းသား ရွာသားများ တောင်ယာခုတ်ခဲ့သော မြေနေရာများ ဖြစ်ပြီး ယခုနှစ်တွင်မူ ယင်း နေရာရှိ ဧက ၆၁၄ ဧက သည် သမ္မတရုံး ဝန်ကြီး ဦးစိုးမောင် ပိုင်ဆိုင်သည်ဟု ဆိုကာ ရွာသားများအား တောင်ယာခုတ်ခွင့် ပိတ်ပင် တားမြစ်ခဲ့ခြင်း ဖြစ်သည်။
ဧပြီလ ၂၁ ရက်နေ့က ပေါင်းလောင်း ကြိုးဝိုင်း၏ အထက်ရှိ တောင်ထန်းတောင် ထိပ်ဖျားမှစပြီး တောမီး လောင်ကျွမ်းခဲ့ရာ ဝန်ကြီး စိုက်ပျိုးထားသော သရက်ပင်များ အထိ ရောက်ရှိခဲ့ကြောင်း၊ ဝန်ကြီး၏ ကိုယ်စားလှယ်က အပင် ၅၀၀ ကျော်ကို မီးရှို့မှုဖြင့် ရွာသားများအား ဖမ်းပေးရန် ပင်လောင်းရဲစခန်းသို့ တိုင်တန်းခဲ့ခြင်းကြောင့် သံသယဖြင့် ရွာသားများအား ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ရွာသားတွေကို ထားတဲ့အချုပ်ခန်းက ကျဉ်းကျဉ်းလေးရယ်၊ စားစရာက အစ ကိုယ့်ဘာသာ ဝယ်စားရတော့ ဒီရွာသားတွေကို ကယန်းအဖွဲ့တွေက ကူညီပေးနေပါတယ်လို့ ပြောတယ်။ မီးရှို့ကြောင်း မျက်မြင် သက်သေတောင် မရှိဘဲ ဝန်ကြီးပိုင်ဖြစ်တယ် ဆိုတာနဲ့တင် ဖမ်းတာက တရားဥပဒေ စိုးမိုးမှု မရှိတာပါ” ဟု ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးစောလွင်က ပြောသည်။
ယင်းအမှုနှင့် ပတ်သက်၍ ဧပြီလ ၈ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် သရက်ပင် ၅၀၀ ကျော်အား မီးရှို့မှုဖြင့် ကိုးကွေ့ ရွာသား ၇ ဦးအား အမှုဖွင့် အရေးယူထားကြောင်း ဖော်ပြခဲ့သည်။
ပင်လောင်းမြို့နယ်ရဲမှူး၊ မြို့နယ် သစ်တောမှ တောအုပ်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ အခင်းဖြစ်ရာနေရာသို့ သွားရောက် စစ်ဆေးခဲ့ရာတွင် သရက်ခြံထဲ၌ သရက်ပင် အရှင် ၃၃ ပင်နှင့် မီးလောင်ခံရသော အပင် ၃၃ ပင်သာ စစ်ဆေးတွေ့ရှိခဲ့ရ ကြောင်း သိရသည်။
ယင်း ဖြစ်စဉ်နှင့်ပတ်သက်၍ ပင်လောင်းရဲစခန်းသို့ ဧရာဝတီမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ရွာသားများအား ဖမ်းဆီးထားသော ပုဒ်မများမှလွဲ၍ အခြားကိစ္စများကို မဖြေကြားနိုင်ကြောင်း တာဝန်ရှိသူတဦးက ပြောဆိုခဲ့သည်။
ဖမ်းဆီး ခံထားရသော ရွာသားများ ပြန်လွှတ်ပေးရန် နိုင်ငံတော် သမ္မတထံသို့ လတ်မှတ်ထိုး၍ တောင်းဆိုရေးအတွက် ရွာသားများက စီစဉ်နေကြသည်။
ယနေ့ ထုတ်ပြန်သော ကြေညာချက်အား ကယန်း လက်နက်ကိုင် အဖွဲ့ ကယန်းပြည်သစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကယန်း မျိုးဆက်သစ်လူငယ်အဖွဲ့၊ ကရင်နီ အမျိုးသားလူငယ် အစည်းအရုံး၊ ကယန်း အမျိုးသမီးများ အစည်းအရုံးနှင့် ကောင်ရွေ လူမှုလှုပ်ရှား ဆောင်ရွက်ရေး ကွန်ရက်တို့က ပူးတွဲ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။