ယမန်နေ့ည ၉ နာရီ ခန့်က ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ သစ်တော ဦးစီးဌာန ရုံးအနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူတဦး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသားတဦး ဖြစ်ပြီး ပေါက်ကွဲသည့် ဗုံးဒဏ် အရှိန် ပြင်းထန်ကြောင်း၊ သေဆုံးသူ၏ အနီးတွင် လက်ကိုင်ဖုန်း ဓာတ်ခဲ ၁ ခု၊ တရုတ်ဖုန်းကတ် ၂ ခု၊ NDRIA တံဆိပ်ပါ တယ်လီဖုန်းတလုံး တို့ကို တွေ့ရှိရကြောင်း မူဆယ်ရဲစခန်းမှူးက အတည်ပြု ပြောဆိုသည်။
ယင်းပစ္စည်းများနှင့် သေဆုံးသူ၏ အသွင်အပြင်ကို ကြည့်ခြင်းအားဖြင့် ဗုံးထောင်သူ ကိုယ်တိုင် ဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့က သုံးသပ်သည်။
“ကျနော်တို့ သုံးသပ်တာကတော့ သေဆုံးတဲ့သူဟာ တောတွင်း လက်နက်ကိုင် ရှမ်းတိုင်းရင်းသား တယောက် ဖြစ်နိုင်တယ်။ မိုင်းထောင်ရင်း သူ့မိုင်းနဲ့သူ သေဆုံးသွားတာ။ သူဝတ်ထားတဲ့ အဝတ်စားတွေက အဝါနဲ့ အစိမ်းပျောက်ကြားအကျႌ။ လက်မှာလည်း အလံတခု ပတ်ထားတယ်။ ဆံပင်တွေက အရှည်နဲ့။ ပုံစံက တောထဲက ထွက်လာတဲ့ ပုံစံပဲ” ဟုမူဆယ်မြို့မှ ရဲစခန်းမှူး ရဲအုပ် ထင်အောင်က ဧရာဝတီသို့ ပြောသည်။
ပေါက်ကွဲသွားသည့် မိုင်းနှင့် အလှမ်းမဝေးသည့် နေရာတွင် နောက်ထပ်မိုင်းဗုံး တလုံးကို ယနေ့ မနက် ၈ နာရီအချိန်ခန့်တွင် ထပ်မံ ရှာဖွေတွေ့ရှိခဲ့သေးကြောင်း သိရသည်။
မပေါက်ကွဲသေးသည့် မိုင်းဗုံးကို မူဆယ်မြို့ မိုးလုံလေလုံ အားကစားခန်းမ၏ အရှေ့ဘက် အပြင် အုတ်နံရံနှင့် ကပ်လျှက် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၎င်းမှာ ပေါက်ကွဲအား ပြင်းထန်သော ဗီယက်နမ် နိုင်ငံလုပ် ရှေ့ထွက်မိုင်း ဖြစ်ကြောင်း BE တပ် မိုင်းရှင်းလင်းရေး အဖွဲ့မှ အမည်မဖော်လိုသည့် တာဝန်ရှိသူတဦးက ပြောသည်။
မူဆယ် ဒေသခံရဲများအနေဖြင့် မူဆယ်မြို့၏ လုံခြုံရေးကို ပိုမိုတိုးမြှင့် ဆောင်ရွက်နေပြီး မိုင်းရှာဖွေရေး စက်များဖြင့် ရှာဖွေမှုများ ဆက်လက် ပြုလုပ်နေကြောင်းလည်း သိရသည်။
“တပ်မတော် စစ်ကြောင်းထိုးသွားတာကို မကျေနပ်လို့ အခုလို ပြည်သူတွေ ရှိတဲ့နေရာမှာ ဗုံးထောင်တယ်လို့ ထင်ပါတယ်။ တရားခံ အစစ်နဲ့ ဘယ်သူဘယ်ဝါရဲ့ လက်ချက်ဆိုတာ ကျနော်တို့ အတိအကျ မပြောနိုင်သေးပါဘူး။ စုံစမ်း စစ်ဆေးနေဆဲပါ” ဟု ရဲအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မူဆယ်မြို့နယ် ရဲစခန်းမှ ပ/ ၁၀၄ ပေါက်ကွဲ (၃) နှင့် အမှုဖွင့် အရေးယူထားပြီး စုံစမ်း စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။