နိုင်ငံရေးအရ သဘောတူညီချက်တရပ် လိုအပ်ခြင်း (၂)

လာရီ ဒိုင်းမွန်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အလုပ်ဖြစ်နိုင်ခြေရှိသည့် သဘောတူညီမှုကို ရှာဖွေခြင်း

ယေဘုယျကျကျ ပြောရမည်ဆိုလျှင် နိုင်ငံရေးပါတီတခုက ကျန်သည့် ပြိုင်ဖက်များအပေါ် ကာလကြာရှည် တဖက်သတ် အနိုင်ရရှိသည်ဆိုသည်မှာ ဒီမိုကရေစီစနစ်အတွက် မကောင်းပါ။ ဒီမိုကရေစီ စံတန်ဖိုးများကို ၎င်းပါတီက မည်သိုပင် ကျင့်သုံးပါမည်ဟုဆိုဆို ထိုသို့သော အနေအထားကိုက မကောင်းပါ။ အလားတူ အခြေအနေမျိုးပင် ၁၉၉၀ ခုနှစ် တောင်အာဖရိက ရွေးကောက်ပွဲတွင်လည်း ဖြစ်ခဲ့သည်။ မကြာသေးမီကမှ အကျဉ်းထောင်မှ ပူပူနွေးနွေး လွတ်မြောက်လာသူ နယ်လ်ဆင် မင်ဒဲလားနှင့် မကြာသေးမီကမှ တရားမဝင်ပါတီအဖြစ်မှ ပယ်ဖျက်ပေးခြင်းခံရသည့် တောင်အာဖရိက အမျိုးသားကွန်ဂရက် (ANC) တို့က အခြေအနေကို အရှိအတိုင်း နားလည် သဘောပေါက်ခဲ့ကြသည်။ အခြားအင်အားစုများကို အာမခံချက် ပေးခြင်းဖြင့်သာ သူတို့၏အကောင်းဆုံး အကျိုးစီးပွားများကို ဖော်ဆောင်နိုင်မည်ဟု နားလည် သဘောပေါက်ခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် အနိုင်ရမဲ အရေအတွက် အချိုးအစားအရသာ လွှတ်တော်ထဲတွင် နေရာရနေသော လူဖြူများကို အာမခံချက်ပေးခြင်းဖြစ်သည်။ ထို့အပြင် ဖွဲစည်းပုံအခြေခံ ဥပဒေအရ စေ့စပ် ညှိနှိုင်းမှုများတွင် ANC က ထိုထက်ပို၍ ကမ်းလှမ်းမှုများပင် ပြုခဲ့သေးသည်။ လူဖြူများအတွက်သာ မကဘဲ အခြားလူနည်းစုများ ဖြစ်ကြသည့် ဇူးလူးဒေသ အခြေစိုက် အင်ကာသာ လွတ်မြောက်ရေးပါတီကိုပါ အာမခံချက်များ ပေးခဲ့သည်။

၁၉၉၁-၉၂ တွင် လုပ်ဆောင်ခဲ့သည့် ကနဦး တွေ့ဆုံဆွေးနွေးပွဲများ မအောင်မြင် ဖြစ်ပြီးနောက်တွင် သမ္မတ အက်ဖ် ဒဗလျူ ဒီကလပ် ဦးဆောင်သည့် အသားအရောင် ခွဲခြားရေးအစိုးရနှင့် မင်ဒဲလား ဦးဆောင်သည့် ANC တို့က အပေးအယူ စေ့စပ်ညှိနှိုင်းမှုပြုရန်အတွက် ဆက်လက် ကြိုးပမ်းသွားကြရန် ဆုံးဖြတ်ထားကြပြီး ဖြစ်သည်။ ကြားဖြတ်ဖွဲ့စည်းပုံတရပ် ထားရှိရန်၊ အမျိုးသား ညီညွတ်ရေး အစိုးရတရပ် ဦးဆောင်မှုအောက်တွင် အသွင်ကူးပြောင်းရေးကာလ အာဏာခွဲဝေမှုတရပ် ပြုလုပ်ကြရန်အတွက် ၁၉၉၃ ခုနှစ် နိုဝင်ဘာလတွင် သူတ့ိုက သဘောတူညီနိုင်ခဲ့ကြသည်။

မည်သည့်ပါတီဖြစ်စေ မဲဆန္ဒ ၂၀ ရာခိုင်နှုန်း သို့မဟုတ် ထို့ထက်ပိုပြီး နိုင်ငံထူထောင်သည့် ရွေးကောက်ပွဲ (၁၉၉၄ ခုနှစ် ဧပြီလ ၂၇ တွင် ကျင်းပခဲ့သည်) တွင် အနိုင်ရပါက  ဒုသမ္မတ တဦးကို နာမည် အဆိုတင်သွင်းခွင့်ရမည် ဖြစ်သည်။ မည်သည့်ပါတီမဆို မဲ ၅ ရာခိုင်နှုန်းထက် ပိုရရှိပါက ထိုမဲအရေအတွက်တိုင်းအတွက် ဝန်ကြီးနေရာ တနေရာကို အဆိုပြုနိုင်မည် ဖြစ်သည်။ အခြားပြဌာန်းချက်များတွင် သဘောထားတင်းမာသည့် အစိုးရ ဝန်ထမ်းများကို ဆက်လက် တာဝန်ပေး လုပ်ကိုင်စေခြင်း၊ သဘောထားတင်းမာသည့် စစ်တပ် တပ်မှူးများသည်ပင် သူတို့နေရာများတွင် ဆက်လက် တာဝန်ယူခွင့်ပေးခြင်း တို့ပါဝင်ပြီး ထိုသို့ လုပ်ဆောင်မှုများက အသွင်ကူးပြောင်းရေး သဘောတူညီချက်ကို ထင်ဟပ်နေကြပါသည်။ နောက်ဆုံးတွင် အာဏာရ လူဖြူအမျိုးသားပါတီ (National Party) က မဲ ၂၀ ရာခိုင်နှုန်းမျှကိုသာ အနိုင်ရသည့်အတွက် ယခင်သမ္မတ ဒီကလပ်က သမ္မတသစ် မင်ဒဲလား အောက်တွင်  ဒုသမ္မတ ရာထူးကိုသာ ယူခဲ့ရသည်။

တောင်အာဖရိက အတွေအကြုံမှ ရလာသည့် အရေးပါသည့် သင်ခန်းစာမှာ အသွင်ကူးပြောင်းရေး ကာလများတွင် အာဏာခွဲဝေပေးမှု သဘောတူညီချက်မျှသာ မဟုတ်ဘဲ ယင်း အာဏာခွဲဝေမှု သဘောတူညီချက်ကို ယာယီသဘောသာ ဖြစ်စေရမည်ဟု ပြောင် ပွင့်ပွင့်လင်းလင်း ဖော်ပြချက်လည်း ဖြစ်သည်။ အာဏာခွဲဝေမှု သဘောတူညီချက်နှင့် လူနည်းစု ဗီတိုအာဏာ ကျင့်သုံးနိုင်မှုများကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းပေးရန် လူနည်းစု လူဖြူအမျိုးသားပါတီက အစောပိုင်းတွင် (မြန်မာနိုင်ငံ ၂၀၀၈ ဖွဲ့စည်းပုံတွင် တပ်မတော်က သူတို့ကိုယ်သူတို့ ဗီတိုအာဏာ အပ်နှင်းထားပုံနှင့် မကွာလှပါ) ကြိုးပမ်းခဲ့သေးသည်။ သို့သော်လည်း လူနည်းစု လူဖြူအစိုးရက သူတို့ဆန္ဒအတိုင်း ကာလ အကန့်အသတ်မရှိ အတင်းအကျပ် လုပ်ကိုင်ရန် အာဏာမရှိတော့ပါ။

ANC ထိပ်တန်း မဟာဗျူဟာ ချမှတ်သူတဦး အဆိုအရ ရေတိုသဘောတွင် လူဖြူများကို အာဏာခွဲဝေပေးရန် ဒီကလပ် တောင်းဆိုချက်များထဲမှ တချို့တဝက်ကို လိုက်လျောပေးရန် လိုအပ်ကောင်း လိုအပ်မည် ဖြစ်သော်လည်း လူမျိုးချင်း ခွဲခြားမှုမရှိသည့်  အနာဂတ် ဒီမိုကရေစီနိုင်ငံကို  သွားရာတွင် ထိုသဘောတူညီချက်များက အပိတ်အဆို့ အဟန့်အတား ဖြစ်မနေသင့်ဟု ဆိုပါသည်။ အာဏာခွဲဝေရေး ပြဌာန်းချက်များကို ၁၉၉၆ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရုပ်သိမ်းခဲ့ပြီး ထိုသို့ ရုပ်သိမ်းမှုများက ၁၉၉၉ ခုနှစ် ရွေးကောက်ပွဲများ နောက်ပိုင်းတွင် အပြည့်အ၀ အသက်ဝင်ပြီ ဖြစ်သည်။

အခြားပြဌာန်းချက်များမှာ လူဖြူ လူနည်းစုများအတွက် ထပ်မံ အာမခံချက်ပေးရန်၊ အသစ်ပြန်လည် ဖွဲ့စည်းမည့် နိုင်ငံရေး အခင်းအကျင်းတွင် သူတို့ လွယ်လွယ်ကူကူ ဆက်လက် ပါဝင်နိုင်ရေးအတွက် အခြားပြဌာန်းချက်များလည်း ရှိကြပါသေးသည်။ နိုင်ငံရေး အကြမ်းဖက်မှုများအတွက် လွတ်ငြိမ်းချမ်းသာခွင့် (အမှန်တရား ပေါ်ပေါက်ရေးနှင့် ပြန်လည်ရင် ကြားစေ့ရေး လုပ်ငန်းစဉ်မှတဆင့် အပ်နှင်းပေးခြင်း ဖြစ်သည်)၊ ပင်စင်လစာများအတွက် အာမခံပေးခြင်း၊ ဗျူရိုကရက် ဝန်ထမ်းများအတွက် စေတနာ ဖောဖောသီသီဖြင့် လုပ်ငန်းနားခွင့် ပြုခြင်း လက်ရှိ ပုဂ္ဂလိက ပိုင်ဆိုင်မှုများကိုလည်း လေးစားရန် အာမခံချက်ပေးခြင်း စသည်တို့ ပါဝင်ပြီး အသွင်ကူးပြောင်းရေးကို ချောမွေ့စေသည်။

၂၀၀၈ ခုနှစ် ဖွဲစည်းပုံ အခြေခံဥပဒေ တစုံလုံးကို ပြန်လည် ပြင်ဆင်ရေးရန်အတွက် မြန်မာနိုင်ငံ စစ်အစိုးရက သဘောတူညီလိမ့်မည် မဟုတ်ပေ။ သိုသော်လည်း အဓိကကျသည့် ပြဌာန်းချက်များကို ပြန်လည် ပြင်ဆင်ရေးသားခြင်း အားဖြင့် တောင်အာဖရိက ကြားဖြတ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကဲ့သိုပင် အလားတူ အကျိုးသက်ရောက်မှု ရစေမည် ဖြစ်သည်။ ဆိုလိုသည်မှာ “နေဝင်ဇာတ်သိမ်း သဘောတူညီချက်” (sunset clauses) ဖြင့် အာဏာခွဲဝေကြရန် ဖြစ်သည်။

ဒီမိုကရေစီရေး မျှော်လင့်ချက်များကို စစ်တပ်က အကြိမ်ကြိမ် ချိုးဖျက်ချေနင်းခဲ့သည်ကို တွေမြင်ခဲ့ရသည့် အတွက်ကြောင့် အတိုက်အခံများ အနေဖြင့် စေ့စပ်ညှိနှိုင်းရန် အသင့်ရှိနေကြသည်။ ထိုသို့ လက်တွေ့ဝါဒီများထဲတွင် ၂၀၁၀ ခုနှစ် စစ်အစိုးရ သတ်မှတ်ချက်များအောက် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိင်ခဲ့ကြသည့် ပါတီငယ်များသာ မကဘဲ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်နှင့် သူ့ပါတီလည်း အပါအဝင် ဖြစ်သည်။ ဒီမိုကရေစီ လိုလားသည့် တိုင်းရင်းသားပါတီများ၊ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက် အရေးတော်ပုံကြီးမှ ပေါ်ထွက်လာကြသည့် “၈၈” မျိုးဆက် ကျောင်းသားခေါင်းဆောင်များလည်း စေ့စပ်ညှိနှိုင်းရန် အသင့်ရှိနေကြသည်။ ဖြေရှင်းရန် ပြဿနာ အများအပြား ရှိနေခြင်းကလည်း တိုင်းပြည်အတွက် အားကောင်းချက် ဖြစ်နေနိုင်သေးသည်။  ပြဿနာ အများအပြား ရှိနေသည့် အတွက်ကြောင့် အပေးအယူလုပ် စေ့စပ်ညှိနှိုင်းရမည့် နည်းလမ်းအမျာအပြားကို တွေ့လာရနိုင်သည်။

အလုပ်ဖြစ်နိုင်မည့် သဘောတူညီမှုကို ရှာဖွေကြရာတွင် အင်အားစု တခုချင်းစီက သူတို့အတွက် အဓိကကျသည့် အကျိုးစီးပွားကို ပထမဦးဆုံး ဖော်ထုတ်သတ်မှတ်ဖ့ို လိုအပ်ပါသည်။ အထူးသဖြင့် သူတို့ကိုယ်ပိုင် စီမံပြဌာန်းပိုင်ခွင့်ကို လေးစားရန်၊ စစ်တပ် တပ်ဖ့ွဲဝင်များကို ပြစ်မှုစီရင်မှုများ မပြုလုပ်ရန်၊ ဓနဥစ္စာ ကြွယ်ဝမှုများကို မသိမ်းယူရန် အာမခံချက်များ စစ်တပ်အတွက် လိုအပ်နေပါသည်။ မြန်မာ့ဒီမိုကရေစီ အင်အားစုများကလည်း နိုင်ငံအနေဖြင့် အချိန်ကာလ တစုံတရာ ကြာပြီးသည့်တိုင်၊ ကန့်သတ်မှုများ ရှိနေသည့်တိုင် စစ်မှန်သည့် ဒီမိုကရေစီ လမ်းကြောင်းအတိုင်း လျှောက်လှမ်းမည်၊ မလျှောက်လှမ်းမည်ကို သိလိုကြပါသည်။

အစိုးရနှင့် ဒီမိုကရေစီ အင်အားစုများအကြား သဘောတူညီချက်ကို စိတ်ကူးဖြင့် မှန်းဆကြည့်လည်း ရပါသည်။ ဥပမာအားဖြင့်  စစ်တပ်က ခန့်အပ်ထားသည့် ကိုယ်စားလှယ်များကို သက်တမ်းတခု ပြီးသည့်နောက်တွင် အရေအတွက် လျှော့ချသွားရန်ဆိုသည့် ၂၀၀၄ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံတွင် လုပ်ဆောင်ခဲ့ပုံမျိုး ဖြစ်နိုင်ပါသည်။ စစ်တပ်က ဝန်ကြီး ၃ ဦးကို အဆိုပြု ခန်အပ်ခွင့်ကိုလည်း အစိုးရ သက်တမ်းတခုပြီး နောက်တွင် အချိန်ယူပြီး ဖြည်းဖြည်းချင်း ရုပ်သိမ်းနိုင်ပါသည်။ ထ့ိုအပြင် ဖွဲစည်းပုံ အခြေခံဥပဒေတွင် ပြဿနာရှိသည့် အစိတ်အပိုင်းများကို ၂၀၁၅ မတိုင်မီတွင် ပြင်ဆင်နိုင်ပါသည်။ အပြန်အလှန်အားဖြင့် စစ်တပ်နှင့် ခရိုနီများက အတိတ်ကာလက ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် လွတ်ငြိမ်းချမ်းသာခွင့် ရကြမည်ဖြစ်ပြီး သူတို့၏ စည်းစိမ်ဥစ္စာများ (အကျင့်ပျက်ခြစားပြီး ရယူခဲ့ခြင်း ဖြစ်သော်လည်း) အတွက် လုံခြုံမှု ရရှိနိုင်ကြမည် ဖြစ်သည်။ သူတို့ အဖွဲ့အစည်းအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ကိုလည်း ထိန်းသိမ်းထားနိုင်ကြမည် ဖြစ်သည်။

အစိုးရအနေဖြင့် ရွေးကောက်ပွဲစနစ်ကို အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ် (PR) သို့ ပြောင်းလဲရန် အများကြိုက်ညီ သဘောတူညီမှုလည်း ရရှိနိုင်ပါသည်။ ပထဝီဖွဲ့စည်းမှုအရ ထွေပြားပြီး ကျေးလက်ဆန်သည့် နိုင်ငံတခု ဖြစ်နေသေးသော်လည်း မဲဆန္ဒရှင်များနှင့် သူတို့ လွှတ်တော်အမတ်များကြား အပြန်အလှန် ဆက်ဆံမှုများကို ခိုင်မာအောင် ထိန်းထားရန် မြန်မာနိုင်ငံအတွက် အရေးကြီးပါသည်။ ထိုသ့ို လုပ်ဆောင်ရွက်ရန် အကောင်းဆုံးနည်းမှာ ဂျာမနီနိုင်ငံရှိ နှစ်မဲပေးစနစ်ကို နိုင်ငံအတွက် ကိုက်ညီအောင် ပြောင်းလဲပြီးကျင့်သုံးဖို့ဖြစ်သည်။ ယင်းမှာ အပြည့်အ၀ ကိုယ်စားပြု အချိုးကျ ရွေးကောက်မှုစနစ် ဖြစ်သော်လည်း ရွေးကောက်ပုံမှာ ကိုယ်စားလှယ်နေရာ တဝက်ကို မဲဆန္ဒနယ်တွင် မဲများသူ လူတဦးတည်း အနိုင်ယူစနစ်ဖြင့် ရွေးချယ်ပြီး ကျန်ကိုယ်စားလှယ် နေရာများကို ပါတီတခုချင်းစီက သူတို့ရသည့် မဲ အရေအတွက်အလိုက် ခွဲဝေယူကြသည်။ သ့ိုအတွက်ကြောင့် ပါတီတခု၏ ကိုယ်စားလှယ် အရေအတွက်သည် ၎င်းရရှိသော မဲအရေအတွက်ကို လိုက်၍ အချိုးညီသွားမည် ဖြစ်သည်။ ပြောင်းလဲရန် မိမိက တင်ပြအဆိုပြုလိုသည့် အချက်မှာ အနိမ့်ဆုံး ရရှိရမည့် မဲအရေအတွက် သတ်မှတ်ချက်ကို  ၅ ရာခိုင်နှုန်းထက် လျော့နည်းပြီး သတ်မှတ်ဖို့ဖြစ်သည်။  မြန်မာနိုင်ငံတွင် ပိုသေးငယ်သည့် တိုင်းရင်းသား အုပ်စုများရှိပြီး၊ မဲအချိုးကို မြင့်မြင့်မားမား ထားရှိလိုက်ပါက ဥပဒေပြုရေး လွှတ်တော်တွင် ယင်းတိုင်းရင်းသား ပါတီငယ်များနှင့် တည်ထောင်ပြီးခါစ ပါတီငယ်များ ကျန်ရစ်ခဲ့မည် ဖြစ်ပါသည်။

အကယ်၍ ဤသို့ စိတ်ကူးမှန်းဆချက်အတိုင်း ဖြစ်လာပါက အခက်ခဲဆုံး ပြဿနာတခုမှာ စစ်တပ်က ယင်း အင်စတီကျူးရှင်း၏ ကိုယ်ပိုင်ပြဌာန်း ဆုံးဖြတ်ခွင့်နှင့် နိုင်ငံ၏ နိုင်ငံရေး အခန်းကဏ္ဍတွင် ဦးဆောင်မှုနေရာမှ ဆက်လက် ပါဝင်ခွင့်ကို တောင်းဆိုလာမည့် ကိစ္စပင် ဖြစ်ပါသည်။ ဒီမိုကရေစီ၏ စံ တန်ဖိုး ရှုထောင့်မှ ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံရှိ ဒီမိုကရေစီ အင်အားစုများက အရပ်သားထိန်းချုပ်မှု လက်အောက်တွင် စစ်တပ် ရှိစေရေးအတွက် ဖွဲ့စည်းပုံပြင်ရေး တောင်းဆိုလာမည်မှာ တရားမျှတသည့်ကိစ္စ ဖြစ်ပါသည်။ သို့သော်လည်း အာဏာချိန်ခွင်လျှာ အနေအထားကို ထောက်ထား၍ စစ်တပ်က ၎င်းရနေသည့် အထူးအခွင့်အရေးများကို ချက်ချင်း အခြေခံဆန်ဆန် ဖွဲ့စည်းပြောင်းလဲပစ်ဖို့ သဘောတူညီရန် ခက်ခဲနိုင်ပါသည်။ အရေးကြီးပြီး ချက်ချင်းလုပ်ဆောင်ရန် လိုအပ်သည့်ကိစ္စမှာ စစ်တပ်ကို နိုင်ငံရေးနှင့် အစိုးရအတွင်းမှ ထွက်ခွာ သွားစေရန် ဖြစ်ပြီး ၎င်း၏ ရည်ရွယ်ချက် မစ်ရှင်ကို ပြန်လည် ချုံ့စေရမည် ဖြစ်ပါသည်။ “ကျွမ်းကျင်မှု အရည်အသွေးအပေါ် အခြေခံသော တပ်မတော်၊ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် နယ်မြေကို ကာကွယ်သော တပ်မတော် ဆိုသော ပိုမိုကျဉ်းမြောင်းသည့် အကန့်အသတ်” များအထိ ရောက်အောင် မူလတာဝန်ကို ထားသင့်ပါသည်။ တပ်မတော်နှင့် ပက်သက်ပြီး ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဤသို့ ရည်ရွယ်ချက်ထားပုံကို မာရီ ကလဟန်ကလည်း သူ၏ စာတမ်းတွင် ဖော်ပြထားပါသည်။ စစ်အုပ်ချုပ်ရေးဖြင့် ရာစုနှစ် တဝက်ကျော် အသားကျနေခဲ့သည့် နိုင်ငံတခုအဖို့ ထိုသို့ ဒီမိုကရေစီ ပြန်လည် ထူထောင်ရသည်မှာ ရှေ့သို့ ကြီးစွာသောအဆင့်ကို တက်လှမ်းရခြင်းပင် ဖြစ်သည်။ အမှန်တကယ် အကျိုးသက်ရောက်မှု ရှိစေရန်လည်း အချိန်ယူရပါလိမ့်မည်။

ဒီမိုကရေစီသို့ အသွင်မကူးပြောင်းမီ ဆယ်စုနှစ် နှစ်ခုကြာမျှ စစ်အာဏာရှင် အုပ်ချုပ်ရေးအောက် ကြာမြင့်ခဲ့သော ဘရာဇီးနိုင်ငံတွင် ၁၉၈၅ ခုနှစ်မှသာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အဆုံးသတ် အောင်မြင်နိုင်ခဲ့ပါသည်။ တိုင်းပြည်နိုင်ငံရေးတွင် စစ်တပ်အတွက် တရားဝင် အခန်းကဏ္ဍရှိသည်ဟု ခံယူချက်ဖြင့် ဘရာဇီး စစ်တပ်က သမ္မတ နိုင်ငံတော်သစ်တွင် ပါဝင်လာခဲ့သည်။ ယင်းသို့ ပါဝင်လာသောကြောင့် နိုင်ငံရေး ပဋိပက္ခများကို ဖြေရှင်းရာတွင်လည်း စစ်တပ်က ကာလကြာရှည်စွာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပက်သက်နေခဲ့သည်ဟု အဲဖရက် စတီဖင်က ဆိုသည်။ သူ၏ ကျွမ်းကျင်ရာ ပညာရပ် နယ်ပယ်ဖြစ်သည့် ဖြစ်သည့် အရပ်ဖက်-စစ်ဖက် ဆက်ဆံရေး ပညာရပ်တွင် အဲဖရက် စတီဖင် ဖော်ပြသည့်အတိုင်း ဤသို့ စစ်တပ်က ပါဝင်ဆောင်ရွက်ရမည်ဟု နက်နက်ရှိုင်းရှိုင်း ယုံကြည်ခံယူထားသည့် သူတို့ အခန်းကဏ္ဍ နှင့် အာဏာချိန်ခွင်လျှာ ဆက်ဆံရေးက နေ့တွင်းညတွင်းချင်း ပြောင်းလဲလိမ့်မည် မဟုတ်ပေ။

အရပ်သားများက စစ်ဖက်ရေးရာနှင့် ပတ်သက်သည့် အမျိုးသားလုံခြုံရေးနှင့် ပတ်သက်သည့် ဗဟုသုတများကို ရရှိရန်လိုအပ်ပြီး သြဇာလွှမ်းမိုး နိုင်ရန်လည်း ကြိုးပမ်းကြရမည် ဖြစ်သည်။ “နိုင်ငံတော်၏ ဒီမိုကရက် ခေါင်းဆောင်မှုသည် သေချာ ပြင်ဆင် စဉ်းစားထားသည့် နိုင်ငံရေးအရ ဦးဆောင်မှု မဟာဗျူဟာဖြင့် စစ်တပ်ကို တည်ထောင် အကောင်အထည် ဖော်စေရမည်” ဟု ဆိုသည်။ မျိုးဆက်သစ် စစ်ခေါင်းဆောင်များ အနေဖြင့်လည်း အကန့်အသတ်ရှိသည့် စစ်တပ်၏ အခန်းကဏ္ဍသစ် အောက်တွင်သာ တပ်မတော်၏ အကျိုးစီးပွားကို အကောင်းဆုံး ဖော်ဆောင်နိုင်မည်ဟု လက်ခံလာရမည်။ ဤနည်းဖြင့် သူတို့ စစ်တပ်တွင်း အထက်-အောက် ဆက်ဆံရေးနှင့် စည်းမျဉ်းများကို တည်ဆောက်စေရမည်။ သူတို့ အရည်အသွေးများကို ခေတ်မီ အောင် ပြုပြင်စေရမည်။  လုပ်ငန်းကျွမ်းကျင်မှု (professionalism) ကို မြှင့်တင်ပေးရလိမ့်မည် ဖြစ်သည်။

တိုင်းရင်းသား ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းခြင်း

၁၉၇၄ ခုနှစ်တွင် စတင်ခဲ့သော ဒီမိုကရေစီ တတိယလှိုင်း  ပြီးနောက်  အသွင်ကူးပြောင်းရေးကို ကြိုးပမ်း လုပ်ဆောင်နေကြသော နိုင်ငံများတွင် မြန်မာနိုင်ငံသည် အမျိုးသားကြန်အင် လက္ခဏာအရ အများဆုံး ကွဲပြားနေမှုရှိသည့် နိုင်ငံတခု ဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၅၄ သန်း၏ ၃ ပုံ ၁ ပုံခန့်မှာ ဗမာမဟုတ်သည့် လူမျိုးများ ဖြစ်ကြပြီး ဘာသာစကား အရသော်လည်းကောင်း ကြန်အင်လက္ခဏာ အရသော်လည်းကောင်း တူညီမှု မရှိကြပါ။ လူနည်းစု လူမျိုးပေါင်း ၁၀၀ ကျော် ရှိနေပြီး၊ ရှမ်း၊ ကရင်၊ ကရင်နီ (ကယား)၊ ချင်း၊ ကချင်၊ မွန်၊ ရခိုင် စသည့် လူမျိုးများသည် နိုင်ငံ နယ်စပ်ဒေသများတွင် နေထိုင်နေကြသည်။ ဤဒေသများသည် ကျွန်းသစ်နှင့် ကျောက်မျက်စသည့် သဘာ၀ သယံဇာတများ ပေါများသည့် ဒေသများလည်း ဖြစ်ကြသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးချိန်မှစ၍ တိုင်းရင်းသားများသည် ဗဟိုအစိုးရနှင့် ဖြစ်ပွားသော အကြမ်းဖက် ပဋိပက္ခများဖြင့် ရင်ဆိုင်လာခဲ့ကြရသည်။ ဆယ်စုနှစ်များစွာ ကြာသည့် ပြတ်တောင်း ပြတ်တောင်း ပြည်တွင်းစစ် အတိုင်းအတာအထိ ဖြစ်ပေါ်ခဲ့ရသည်။ အချို့သော နေရာများတွင် ယခုတိုင် တိုက်ပွဲများ ဖြစ်ပေါ်နေဆဲ ရှိသည်။ သူပုန်ထမှုများကို ချေမှုန်းနိုင်ရန်နှင့် တိုင်းရင်းသား ဒေသများတွင် ရှိနေသည့် သယံဇာတ အရင်းအမြစ်များကို ထိန်းချုပ်နိုင်ရန် စစ်တပ်က ဆယ်စုနှစ်များစွာကြာ ကြိုးပမ်းခဲ့ကြသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လုပ်ပိုင်ခွင့်အာဏာများကို အောက်ခြေသို့ ခွဲဝေဖြန့်ဖြူးပေးရန် အရိပ်အယောင် ပြထားသော်လည်း တပြည်ထောင်စနစ်အဖြစ် ပိုမိုပီသနေပါသည်။ မြန်မာနိုင်ငံ လူနည်းစု တိုင်းရင်းသားများက ဖက်ဒရယ်စနစ်ကို လိုလားနေကြပါသည်။ အလွန်အမင်း ဗဟိုချုပ်ကိုင်မှု ကဲလွန်းသည့် အစိုးရစနစ်ကို ပြုပြင်ပြောင်းလဲမှသာလျှင် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးနှင့် အစစ်အမှန် ညီညွတ်မှုကို မျှော်လင့် နိုင်ပေလိမ့်မည်။  မြန်မာနိုင်ငံအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ ခုနှစ်ကာလက တောင်းဆိုခဲ့သလို ဒုတိယ ပင်လုံ သဘောတူညီချက်မျိုး လိုအပ်ပါလိမ့်မည်။ ၁၉၄၇ ခုနှစ်က ခေတ်သစ်မြန်မာနိုင်ငံ ဗိသုကာ သူ့ ဖခင် ဗိုလ်ချုပ် အောင်ဆန်းက ရှမ်း၊ ချင်း၊ ကချင် လူနည်းစု တိုင်းရင်းသားများနှင့် ချုပ်ဆိုသဘောတူညီခဲ့သည့် စာချုပ်မျိုး ဖြစ်သည်။

ပင်လုံ စာချုပ်အရ ပြည်ထောင်စု မြန်မာနိုင်ငံ ထူထောင်ရန် အခြေခံ သဘောတူညီခဲ့ကြပြီး တောင်တန်းဒေသနေ လူနည်းစု တိုင်းရင်းသားများ အနေဖြင့် ယင်းတို့ဒေသအတွင်း အုပ်ချုပ်စီမံရေး ကိစ္စများတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ ရရှိကြရန် အာမခံထားသည်။။ လွတ်လပ်ရေးရပြီး ဆယ်နှစ်အကြာတွင် ခွဲထွက်လိုပါက ခွဲထွက်ခွင့်ပါ ပေးထားသေးသည်။ သို့သော်လည်း ပင်လုံစာချုပ်တွင် ဤအုပ်စုများ၏ ကိုယ်ပိုင်ပြဌာန်းခွင့် အာဏာများနှင့် အခွင့်အရေးများကို တိကျစွာ ဖော်ပြထားခြင်း မရှိပါ။ ထို့အပြင် ၁၉၅၀ ခုနှစ် နှောင်းပိုင်းကာလများတွင် ထကြွလာခဲ့သည့် ခွဲထွက်ရေး ဝါဒကြောင့်လည်း စစ်တပ်အာဏာသိမ်းမှု ဖြစ်ပေါ်လာစေခြင်း ဖြစ်သည်။   ပြည်ထောင်စု၏ သဘောသဘာဝနှင့် ပတ်သက်ပြီး အမြဲတစေ တည်ရှိနေခဲ့သည့် ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာကို မဖြေရှင်းဘဲနှင့် မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး မည်သို့ အောင်မြင်နိုင်မည် ဆိုသည်မှာလည်း ခန့်မှန်းတွက်ဆဖို့ ခက်လှသည်။

ဂျူအန် ဂျေ လင့်ဇ် (Juan J. Linz) နှင့် အဲဖရက် စတီဖင် (Alfred Stepan) တို့ ရေးခဲ့သည့်အတိုင်း ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတခုတွင် ပေါက်ကွဲလွယ်သည့် မေးခွန်း ၂ ခုမှာ မရှောင်မလွှဲသာ ရှိနေတတ်သည်။ မည်သူများက နိုင်ငံသားများ ဖြစ်ကြသနည်း၊ နိုင်ငံသားများအဖြစ် သတ်မှတ်ရန် ဥပဒေကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုကြသနည်း ဟူ၍ ဖြစ်သည်။ ဒီမိုကရေစီတွင် ဒီမို (ပြည်သူ) ဆိုသောစကားကို အဓိပ္ပာယ်ဖွင့်ရန် လိုအပ်ပါသည်။ လူမျိုးစုံ နေထိုင်ကြသည့် မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံတခုအနေဖြင့် အမျိုးသားနိုင်ငံတော်တခု (Nation-State) အဖြစ် ဒီမိုကရေစီကျစွာ အလျှင်အမြန်နှင့် ငြိမ်းချမ်းစွာ ရောက်ရှိလာရန် မဖြစ်နိုင်ပါ။ ယင်းအစား အိန္ဒိယနိုင်ငံ ကဲ့သို့ပင် ပြည်နယ်များ စုပေါင်းထားသည့် နိုင်ငံတော်တခု (State-Nation) အဖြစ်က ပိုအလားအလာ ကောင်းမွန်ဖွယ် ရှိပါသည်။ ဆိုလိုသည်မှာ တိုင်းရင်းသားလူမျိုးစု အများဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတော်ဖြစ်သော်လည်း ခိုင်မာ အားကောင်းသည့် ကြန်အင် ဝိသေသလက္ခဏာ နှင့် သစ္စာရှိမှုကို နိုင်ငံသားပြည်သူများထံမှ ဗဟိုအစိုးရက ရယူနိုင်ပါသေးသည်။

ထိုသို့သော ပြည်နယ်များ စုပေါင်းထားသည့် နိုင်ငံတော်တခု (State-Nation) တွင် တခုတည်းသော ဘာသာစကားနှင့် ယဉ်ကျေးမှု အမှတ်လက္ခဏာများကို နိုင်ငံသားအားလုံး အပေါ်နှင့် နယ်မြေဒေသ အားလုံးတို့တွင် ချမှတ်ပေး၍ မရသည်ကို ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာ လူများစု တိုင်းရင်းသားတို့က အသိအမှတ်ပြု လက်ခံထားကြသည်။ ယင်းအစား သူတို့က ပြည်နယ်တခုနှင့်တခု လုပ်ပိုင်ခွင့်မတူသည့် ဖက်ဒရယ် ပြည်ထောင်စုစနစ်၊  တိုင်းရင်းသားလူမျိုး အများအပြား နေထိုင်ကြသည့် ဒေသများကို လုပ်ပိုင်ခွင့်အာဏာများ အတော်အတန်ပေးသည့် စနစ်တို့မှတဆင့် အမျိုးသား စရိုက်လက္ခဏာများကို ပြန့်ပွားစေရန် လုပ်ဆောင်ကြပါသည်။ ထို အမျိုးသား စရိုက်လက္ခဏာများသည် အမျိုးအစား ကွဲပြားကြသော်လည်း အပြန်အလှန် ဖြည့်ဆည်းမှုရှိကြပါသည်။ ဤစနစ်အရ အုပ်စုတိုင်းတွင် သူတို့ ကိုယ်ပိုင် ဘာသာစကားနှင့် ယဉ်ကျေးမှုအတွက် အခွင့်အရေးရှိသည်ဟု ခံယူထားပြီး တချိန်တည်းမှာပင် ပြည်နယ်များ စုပေါင်းထားသည့် နိုင်ငံတော်တခု (State-Nation) အတွင်း နေထိုင်မည်ဟု ကတိကဝတ်ကို ရယူထားကြပါသည်။ (ဤနေရာတွင် အလေးပေး ဖော်ပြရန် အချက်မှာ မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံကဲ့သို့ပင် အခြားသော တိုင်းရင်းသား လူနည်းစုများလည်း ပြည်နယ်များအတွင်း နေထိုင်နေကြသည်ကို သတိပြရန် လိုအပ်ပါသည်။ ပြည်နယ်များတွင် တိုင်းရင်းသားတအုပ်စုက လူများစု လွှမ်းမိုးနေမှုများ ရှိသည်၊ [ဥပမာ – ရှမ်းပြည်နယ်တွင် နေထိုင်ကြသူ သုံးပုံတပုံခန့် သို့မဟုတ် ထိုထက် ပိုသူများမှာ ရှမ်းလူမျိုးများ မဟုတ်ကြပါ၊] ထို့အတွက်ကြောင့် အသစ်ဖွဲ့စည်းမည့် နိုင်ငံတော်သစ်တွင် လူတိုင်းအတွက် အခွင့်အရေး [ဒေသခံ လူများစု အခွင့်အရေးကို ပြောရုံမျှဖြင့် မလုံလောက်ပါ] ကို သေချာ ပေးနိုင်အောင် ဆောင်ရွက်သင့်ပါသည်။)

အလုပ်ဖြစ်နိုင်သည့် ဒီမိုကရေစီကို ကျင့်သုံးဖို့ဆိုလျှင် မြန်မာနိုင်ငံအနေဖြင့် ပုံစံ တစုံတရာ သို့မဟုတ် အတိုင်းအတာ တစုံတရာအထိ အိန္ဒိယနှင့် များစွာ ဆင်တူလှသည့် ပြည်နယ်ပေါင်းစု နိုင်ငံတော်တခု (State-Nation) ပုံစံကို အသုံးပြုရန် လိုအပ်ပါသည်။ အိန္ဒိယ စနစ်တွင် ပြည်နယ်တခုနှင့်တခု လုပ်ပိုင်ခွင့် ရပိုင်ခွင့် မတူကြသော်လည်း ယဉ်ကျေးမှုအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်များကို အများအပြား ပေးအပ်ထားပါသည်။ အာဏာကို အောက်ခြေသို့ ခွဲဝေဖြန့်ဖြူးပေးရန် လက်ရှိ ဖွဲ့စည်းပုံ အခြေအနေတွင်သေချာပြဌာန်းနိုင်ဖို့ အတော်ပင် လိုအပ်နေပါသေးသည်။

ပြည်နယ်များနှင့် တိုင်းဒေသကြီးများ အတွက် အရေးကြီးသည့် အာဏာနှင့် လုပ်ပိုင်ခွင့်များကို ဥပဒေပြုလွှတ်တော်က ပေးအပ်နိုင်သော်လည်း  ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များကို ခန့်အပ်ခွင့် အာဏာကို သမ္မတက ရယူထားပြန်သည်။ (သမ္မတ အဆိုပြုလာသူကို တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်များက ဥပဒေအရ ငြင်းပယ်နိုင်ပါသည်။ သို့သော်လည်း ထိုသို့ပြုရန် အင်မတန် ခဲယဉ်းပါသည်။) ဒီမိုကရေစီ တည်ငြိမ်မှုကို အာမခံနိုင်စေရန် ဒေသဖွံံံ့ဖြိုးရေး လုပ်ငန်းများ၊ အရင်းအမြစ်၊ သယံဇာတ၊ ယဉ်ကျေးမှု စသည့် ကိစ္စများတွင် တစုံတရာသော အဓိပ္ပာယ် ပြည့်ပြည့််၀၀ လုပ်ပိုင်ခွင့် ရှိသည့် ရွေးချယ်တင် မြှောက်ခံရသည့် အစိုးရများရှိဖို့ လိုပါသည်။ ထိုသို့ ပြန်လည်ဖွဲ့စည်းမည့် နိုင်ငံတွင် အမြဲတမ်းနေထိုင်ပြီး ခွဲထွက်ရေး တောင်းဆိုခွင့်ကို ထာဝရ စွန့်လွှတ်ပါမည်ဟု တိုင်းရင်းသား လူနည်းစုများကလည်း အပြည့်အ၀ ကတိပြုရမည် ဖြစ်ပါသည်။

အလုပ်ဖြစ်နိုင်သည့် ဒီမိုကရေစီစနစ်တရပ် ၂၀၁၅ ရွေးကောက်ပွဲမှ ပေါ်ထွက်လာစေဖို့ ဆိုလျှင်၊ ၁၉၉၀ ရွေး ကောက်ပွဲပြီး နောက်ပိုင်း နောက်တကျော့ ဘေးဒုက္ခဆိုးမျိုး၊ လူအများက အပြင်းအထန် မကျေမနပ် ဖြစ်နေကြသည့် မတည်မငြိမ်လှသည့် အာဏာရှင်တပိုင်း အစိုးရမျိုး မဖြစ်စေရန်ဆိုလျှင် လာမည့် ၂ နှစ်တာ ကာလအတွင်းတွင် မြန်မာနိုင်ငံ အနေဖြင့် လုပ်ဆောင်ရန် နိုင်ငံရေးကိစ္စများစွာ ရှိနေပါသည်။ သတင်းကောင်းမှာ တနိုင်ငံလုံး အတိုင်းအတာ ကျင်းပမည့် ရွေးကောက်ပွဲများ ၃ နှစ်မျှ လိုသေးခြင်း ဖြစ်ပါသည်။

စိုးရိမ်ပူပန်ဖွယ် သတင်းမှာ အသွင်ကူးပြောင်းရေးကာလ အခက်ခဲဆုံး နိုင်ငံရေးလုပ်ငန်းများ (ဆွေးနွေးညှိနှိုင်းမှုများနှင့် နိုင်ငံရေးအရ သဘောတူညီမှုများ) စတင် မလုပ်ဆောင်ရသေးခြင်း ဖြစ်ပါသည်။ ထိုသို့ဆွေးနွေးပွဲ များ သို့မဟုတ် ဆွေးနွေးပွဲဝင်ရန် မဟာဗျူဟာနှင့် ဖြစ်မြောက်အောင် ဖိအားပေးရန် မဟာဗျူဟာများ အရေးတကြီး လိုအပ်ကြောင်း ဒီမိုကရက်တစ် အတိုက်အခံများ ရှင်းရှင်းလင်းလင်း မသိကြပါ။ စစ်အစိုးရနှင့် ဒီမိုကရေစီ အင်အားစုများအကြား စစ်တပ်နှင့် အရပ်သားတို့အကြား အဓိက အတိုက်အခံအင်အားစု (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) နှင့် ပိုအားငယ်သည့် အင်အားစုများအကြား လူများစုဗမာနှင့် အထွေထွေသော တိုင်းရင်းသား လူနည်းစုတို့အကြား ရှုပ်ထွေး ခက်ခဲလှသည့် အချင်းချင်း အပြန်အလှန် ချိတ်ဆက်နေသည့် အပေးအယူပြုမှုများ၊ သဘောတူညီမှုများအတွက် အလေးအနက် ဆွေးနွေး ညှိနှိုင်းမှုများ လိုအပ်နေပါသည်။ ကံကောင်းထောက်မသည်မှာ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့အကြား အပြန်အလှန် ယုံကြည်လေးစားမှုနှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိနေခြင်း ဖြစ်ပါသည်။ သို့သော် ကိစ္စတခုကို အလေးအနက် ဆွေးနွေးပြောဆိုခြင်းက နှစ်ဖက်သာမန် တွေ့ဆုံစကားပြောခြင်းထက် ပိုအရေးကြီးပါသည်။ လူအများက လေးစားကြသည့် သူရဲကောင်းသဖွယ် ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည်ပင် မတူကွဲပြားလှသည့် နိုင်ငံရေးအင်အားစုများ လူမှုအသိုက်အဝန်းများကို တဦးတည်း ကိုယ်စားပြု ဆွေးနွေးရန် မဖြစ်နိုင်ပါ။

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖြစ်ထွန်းလာမည်လား၊ သို့မဟုတ် ဒီမိုကရေစီ လမ်းကြောင်းပေါ် ကိုယ့်ဖာသာကိုယ် တင်ထားနိုင်မည်လား၊ သို့မဟုတ် မည်သို့သော ဒီမိုကရေစီလမ်းကြောင်း ဆိုသည်ကို အားလုံး သဘောတူညီ နိုင်ကြမည်လား ဆိုသည်တို့မှာ လာမည့် ၂ နှစ်တွင် နိုင်ငံရေးအခြေအနေ မည်သို့ ဖြစ်ပေါ်လာသည် ဆိုသည့်အပေါ် အကြီးအကျယ် မှီတည်နေပါသည်။ အပေးအယူ ညှိနှိုင်းမှု ပြုနိုင်သည့် အပြန်အလှန် လုံခြုံမှုပေးနိုင်သည့် စနစ်တရပ်ကို တည်ဆောက်ရန် မြန်မာ့ ဒီမိုကရေစီ အင်အားစုတို့က ယခုအချိန်ကို အသုံးချရပါမည်။ သို့မှသာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ရှေ့ဆက်နိုင်ကြမည်လည်း ဖြစ်သည်။ နိုင်ငံရေးအနေဖြင့် တဦးအနိုင်ရ တဦးရှုံးဆိုသည့် ရလဒ်သုည (zero-sum) ကစားပွဲမှသည် အပေါင်းသဘော ရလဒ် (positive-sum) ကစားပွဲသို့ ရွှေ့ပြောင်းတိုးတက်ရန်လည်း လိုအပ်သည်။ အနာဂတ် ဒီမိုကရေစီနိုင်ငံတွင် သူတို့အတွက် အကျိုးကျေးဇူးများ ရှိနေသည်ကို အစိုးရနှင့် အတိုက်အခံ အင်အားစုများ အတွင်းရှိ အဓိက အင်အားစုများက မြင်ကြဖို့လည်း လိုအပ်နေပါသည်။

အတိုက်အခံ အင်အားစုများက ဆွေးနွေးပွဲစကားဝိုင်းတွင် အစိုးရနှင့် ထိရောက်စွာ  မတွေ့ဆုံ မဆွေးနွေးမီတွင် ယင်းတို့အချင်းချင်း ထိတွေ့ဆွေးနွေးကြရန်လည်း လိုအပ်နေပါသည်။ သူတို့အနေဖြင့် ပိုစုစည်းညီညွတ်သည့်၊ နိုင်ငံရေးအရ ပိုလက်ရည်တူ ဖြစ်သည့်၊ နည်းပရိယာယ်ပိုင်းအရ ပိုပူးပေါင်းဆောင်ရွက်မည့် တပ်ဦး (တပ်ပေါင်းစု) တခုကို တည်ထောင်ကြရန် လိုအပ်ပြီး အစိုးရနှင့် တွေ့ဆုံကြရမည် ဖြစ်သည်။ အနာဂတ်ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးဆိုသည့် ဘုံသဘောတူညီချက်အရ မိမိတို့ လူ့အဖွဲ့အစည်းကို စည်းရုံးလှုံ့ဆော်နေသည့် ကာလအတွင်းမှာပင် အဆိုပါ တပ်ပေါင်းစုကို တည်ဆောက်ရမည် ဖြစ်သည်။

သေချာသည်မှာ ဆွေးနွေးညှိနှိုင်းပွဲများတွင် ဒီမိုကရေစီ အင်အားစုများကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ရမည် ဆိုသည်မှာ ရှင်းပါသည်။ သို့သော်လည်း သူက သူ့ပါတီကို ပြန်လည် ထူထောင်နိုင်နေချိန်တွင်၊ ခေတ်မီအောင် လုပ်နေချိန်တွင် တခြားသော နိုင်ငံရေးပါတီများ တိုင်းရင်းသားလူမျိုးများ လူငယ်များကို ဆွဲဆောင်စည်းရုံးပြီး အားလုံးပါဝင်သည့် ညွန့်ပေါင်းတခုကို တည်ဆောက်ရပါမည်။ အချို့ အကဲဆတ်လွန်းသော ဆွေးနွေး အပေးအယူ လုပ်မှုမျိုးကို ညင်သာစွာ ဆောင်ရွက်ရမည် ဖြစ်သလို ဖြစ်နိုင်လျှင် အချို့ကိစ္စများကို ပုဂ္ဂိုလ်ရေးအရ လျှို့ဝှက် ဆောင်ရွက်ကြရမည်လည်း ဖြစ်သည်။ သို့မှသာ ယုံကြည်မှုတည် ဆောက်နိုင်ကြလိမ့်မည် ဖြစ်သည်။ ထို့အပြင် ပိုစနစ်ကျ ဖွဲ့စည်းမှုရှိသည့်၊ ပိုကျယ်ပြန့်သည့် ဆွေးနွေးညှိနှိုင်းမှု အခြေခံ မူဘောင်များ ပေါ်ထွက်လာစေရန်လည်း ကြိုးပမ်းရပါမည်။

တိုင်းပြည်တွင် တွေ့ကြုံလာရနိုင်သော စိန်ခေါ်မှုမှာ ထိတ်လန့် တုန်လှုပ်ဖွယ် ဖြစ်ပါသည်။ သို့သော်လည်း ယနေ့ မြန်မာနိုင်ငံတွင် နုပျိုလတ်ဆတ်သော မျှော်လင့်များနှင့် ပြည့်လွှမ်းနေသော စိတ်ဓာတ်များလည်း ပေါ်ပေါက်နေကြပါသည်။ ရင်နာစရာကောင်းသည့် တိုင်းပြည်ချွတ်ခြုံကျ ပျက်စီးမှု နောက်တကြိမ်ဖြစ်ပြီးမှ ရလာမည့်  နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမျိုးကို စစ်အစိုးရဖက်ကရော အတိုက်အခံဖက်ကပါ  မမြင်လိုကြပါ။ ထိုသို့ဖြစ်လာလျှင် တိုင်းပြည်တွင် မည်သို့ ဆုံးရှုံးသွားမည်ဆိုသည်ကို ၁၉၉၀ ခုနှစ်တွင် နှစ်ဖက်ခေါင်းဆောင်များ နည်းလည် သဘောပေါက်ခဲ့သည်ထက် ယခုအချိန်တွင် ပိုမိုအလေးအနက် သဘောပေါက်နေကြပြီ ဖြစ်ပါသည်။ လွန်ခဲ့သည့် အနှစ် ၂၀ က တောင်အာဖရိက နိုင်ငံတွင် ကြိုးစား လုပ်ဆောင်ခဲ့ကြသော အသွင်ကူးပြောင်းမှု အပါအဝင် အခြားသောအသွင် ကူးပြောင်းမှုများကို ပြန်လှည့်ကြည့်ပါလျှင်လည်း ထိုသိ့ု ထိတ်လန့် တုန်လှုပ်စရာကောင်းသော ကျော်လွှားဖို့ မဖြစ်နိုင်လောက်သော အခက်အခဲ အကျပ်အတည်းများကို မြင်ရနိုင်ပါသည်။  ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်မှုနှင့် ကျရှုံးမှုအပေါ် ဝေဖန်သုံးသပ်ကြသူများ က အောက်ခြေတွင် ဖုံးကွယ်နေသော အခြေအနေများ၏ အရေးကြီးပုံကို မှန်ကန်စွာ ထောက်ပြခဲ့ကြပါသည်။ သို့သော်လည်း ထိုသို့သော အကန့်အသတ်များ ကြားမှပင် ပြည်သူများက သူတို့သမိုင်းကိုသူတို့ ဖန်တီးခဲ့ကြပါသည်။ ထိုသို့သော ကြီးကြယ်ခမ်းနားသည့် ဇာတ်လမ်းမျိုးကိုလည်း မြန်မာအစိုးရနှင့် အတိုက်အခံခေါင်း ဆောင်တို့ ကပြ အသုံးတော်ခံရတော့မည် ဖြစ်ပါသည်။ အောင်မြင်မည် ရှုံးနိမ့်မည်ဆိုသည်မှာ သူတို့အပေါ်တွင်သာ မူတည်နေပါတော့သည်။

ကိုးကား
Alfred Stepan, Rethinking Military Politics: Brazil and the Southern Cone (Princeton: Princeton University Press, 1988), 131.

Alfred Stepan, Rethinking Military Politics, 142.

Michael Lwin, “Ending Myanmar’s Civil War,” Al Jazeera, 13 February 2012, available at www.aljazeera.com/indepth/opinion/2012/02/20122494825985895.html.
 
Juan J. Linz and Alfred Stepan, Problems of Democratic Transition and Consolidation: Southern Europe, South America, and Post-Communist Europe (Baltimore: Johns Hopkins University Press, 1996), 28.
 
Linz and Stepan, Problems of Democratic Transition, 34.
 
Alfred Stepan, Juan J. Linz, and Yogendra Yadav, “The Rise of ‘State-Nations,’” Journal of Democracy 21 (July 2010): 50–68; and Stepan, Linz, and Yadav, Crafting State-Nations: India and Other Multinational Democracies (Baltimore: Johns Hopkins University Press, 2011).

(၂၀၁၂ ခုနှစ် အောက်တိုဘာလထုတ် Journal of Democracy, အတွဲ ၂၃၊ အမှတ်စဉ် ၄၊ The Opening in Burma [မြန်မာနိုင်ငံတွင် ပွင့်လင်းလာခြင်း] မှ လာရီ ဒိုင်းမွန်း (Larry Diamond) ၏ “The Need for a Political Pact” ကို ဘာသာပြန်ဆိုပါသည်။ လာရီ ဒိုင်းမွန်းသည် Journal of Democracy ၏ ပူးတွဲအယ်ဒီတာဖြစ်ပြီး စတန်းဖို့ဒ်တက္ကသိုလ် Hooover Institution and the Freeman Spogli Institute for International Studies မှ အဆင့်မြင့် ပညာရှင်တဦး ဖြစ်ပါသည်။ စတန်းဖို့ဒ်တက္ကသိုလ် Center on Democracy, Development, and the Rule of Law ၏ ညွန်ကြားရေးမှူးလည်း ဖြစ်သည်။ မကြာသေးမီက သူသည် မြန်မာပြည်သ့ို သွားရောက်လည်ပတ်ခဲ့သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading