ကချင်ပြည်နယ် လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ ဒေသရှိ စစ်ပြေး ဒုက္ခသည် ၇ သောင်းကျော်အတွက် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေကြောင်း သိရသည်။
ဒုက္ခသည်များကို ယခင်က ပုံမှန် ထောက်ပံ့ပေးနေသော အဖွဲ့တချို့တွင် အခက်အခဲရှိ၍ ကူညီမှု ရပ်တန့်ထားကြောင်း၊ လက်ရှိတွင် ပုဂ္ဂလိက အလှူရှင်များ၊ ကချင်လူမှုရေး အဖွဲ့များနှင့် ကချင်ဒုက္ခသည်များဆိုင်ရာ ကော်မတီတို့က တာဝန်ယူ ဆောင်ရွက်ပေးနေရကြောင်း ကချင် ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာ ဧရာဝတီသို့ ပြောသည်။
“လတ်တလောမှာ စားနပ်ရိက္ခာရယ်၊ ကျောင်းတွေဖွင့်တော့မယ် ဆိုတော့ ကျောင်းသုံးပစ္စည်း ကိရိယာတွေ အရေးပေါ် လိုအပ်ပါတယ်” ဟု ဆလန်ကဘာ ဒွဲပီဆာက ဆိုသည်။
ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် KIO တို့ ထိန်းချုပ်ရာ ဒေသများတွင် ဒုက္ခသည် စခန်းစုစုပေါင်း ၄၀ ဝန်းကျင် ရှိပြီး ဒုက္ခသည် ဦးရေ စုစုပေါင်း ၇ သောင်းကျော်ရှိကြောင်း၊ ဒုက္ခသည်တချို့ အနည်းငယ် ဖျားနာရုံမှအပ ကျန်းမာရေး ဆိုးဝါးသည့် အခြေအနေ မရှိကြောင်း သိရသည်။
သို့သော် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးဝါးများ လိုအပ်နေပြီး မိုးဦးရာသီ ရောက်လာပြီဖြစ်၍ အမိုးအကာ တချို့လည်း လိုအပ်မည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့များနှင့် NGO အဖွဲ့များ၏ ကူညီထောက်ပံ့မှု နည်းပါးကြောင်း၊ မည့်သည့် အဖွဲ့ကို ဖြစ်စေ ဒုက္ခသည်များအတွက် ကူညီမည့် အလှူရှင်များကို ကြိုဆိုကြောင်း၊ ၎င်းတို့ KIA/KIO အနေဖြင့် တားဆီမှု မရှိကြောင်း ဆလန်ကဘာ ဒွဲပီဆာက ပြောသည်။
၎င်းက “ပြီးခဲ့တဲ့နှစ်က ဖားကန့်ဘက်မှာ တိုက်ပွဲတချို့ဖြစ်နေလို့ ကူညီပေးရေးအဖွဲ့တချို့ကို လုံခြုံရေးအရ ကန့်သတ်ထားခဲ့တာပဲ ရှိတယ်။ ဗဟိုအစိုးရရော ပြည်နယ်အစိုးရ အဖွဲ့ကလည်းပဲ ကူညီပေးတာ ဘာမှမရှိပါဘူး” ဟု ဆက်ပြောသည်။
ကချင်ပြည်နယ် အစိုးရ၏ လူမှုရေးရာ ဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောရာတွင်မူ KIO ဒေသရှိ ဒုက္ခသည်များအား ကူ ညီပေးရန် ပြည်နယ် အစိုးရအဖွဲ့က ကမ်းလှမ်းမှုရှိခဲ့ကြောင်း၊ သို့သော် ယာယီအားဖြင့် လက်မခံဟုသာ KIO ဘက်က ပြောဆိုကြောင်း၊ အကူအညီ တောင်းခံမှုလည်း တကြိမ်တခါမှ မရှိကြောင်း၊ အကူအညီတောင်းပါက ကူညီပေးရန် အဆင်သင့်ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
“ပြည်နယ်အစိုးရကို အကူအညီတောင်းရင်တော့ ကူညီဖို့အဆင်သင့်ပဲ။ အကူအညီပေးပါလို့ တခါမှ စာမရေးဖူးဘူး” ဟု ၎င်းက ဆိုသည်။
ထို့အတူ ကချင်ပြည်နယ် အစိုးရ ထိန်းချုပ်ရာ ဒေသများတွင်လည်း ဒုက္ခသည် စခန်းပေါင်း ၁၀၅ ခု ရှိကာ လူဦးရေ စုစုပေါင်း ၃၉၀၄၂ ဦး ရှိကြောင်း၊ ၎င်းဒုက္ခသည်များအတွက် ပြည့်စုံ ဖုံလုံမှုရှိကြောင်း၊ သို့သော် ဝိုင်းမော်မြို့နယ်ရှိ ဒုက္ခသည် စခန်းတချို့တွင် သောက်သုံးရေ လိုအပ်မှုနှင့် လွယ်ဂျယ်ဒေသရှိ စခန်းတခုတွင် ဆေးဝါး လိုအပ်မှုတို့ရှိကြောင်း လူမှုရေးဝန်ကြီးက ပြောသည်။
“ပြည်နယ်အစိုးရ လက်အောက်မှာ ရှိတဲ့စခန်းတွေမှာ အကုန်ဖူလုံပါတယ်။ ဝိုင်းမော်က စခန်း ၁၃ ခုမှာ သောက်သုံးရေ နည်းနည်း လိုတာရယ်၊ လွယ်ဂျယ်က စခန်းတခု ဆေးဝါးလိုတာရယ်ပဲ ရှိတယ်။ ဒါတွေကိုလည်း ဒီရက်ပိုင်း ဖြည့်ပေးဖို့ စီစဉ်နေပါပြီ” ဟု ဝန်ကြီး ဒေါ်ဘောက်ဂျာက ဆိုသည်။
မိုးရာသီ ရောက်တော့မည်ဖြစ်၍ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ဆေးများကို တပြည်နယ်လုံး အတိုင်းအတာဖြင့် ဖြန့်ဝေနိုင်ရေး ဆောင်ရွက်သွားရန် ပြည်နယ်အစိုးရက စီစဉ်နေကြောင်း သိရသည်။
မြန်မာအစိုးရနှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် စစ်ပွဲများကြောင့် မိမိတို့ နေအိမ်များမှ စွန့်ခွာထွက်ပြေးနေကြရသည့် ကချင် စစ်ပြေး ဒုက္ခသည် စုစုပေါင်း ၁ သိန်းကျော်ရှိသည်။