သတင်း

ဗုဒ္ဓဂယာ ခရီးသွားလုပ်ငန်းများ တရားဝင်ဖြစ်ရန် ဆောင်ရွက်ပေးတော့မည်

This article has been converted from Zawgyi One to Unicode

သက်ဆိုင်ရာမှ တရားဝင် ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်နေသော ဗုဒ္ဓဂယာ ခရီးသွားလုပ်ငန်းများ အနေဖြင့် လိုအပ်သော စာရွက် စာတမ်း အထောက်အထားများ ပြည့်စုံစွာတင်ပြနိုင်ပါက ယခုနှစ်အတွင်း တရားဝင်လုပ်ကိုင်ခွင့် ချထားပေးမည်ဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ဗုဒ္ဓဂယာ ခရီးသွားလုပ်ငန်းကို တရားမဝင် လုပ်ကိုင်နေသော ခရီးသွားလုပ်ငန်း ကုမ္ပဏီပေါင်း ၉၀ ကျော် ရှိနေကြောင်း၊ အဆိုပါ ခရီးသွား လုပ်ငန်းများနှင့် ပတ်သက်သည့် စီမံခန့်ခွဲမှုများကို မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း (UMTA) က ဖွဲ့စည်းမည့် ဗုဒ္ဓဂယာ ခရီးသွားလုပ်ငန်းရှင်များ ကော်မတီသို့ သာသနာရေးဝန်ကြီးဌာနမှ လွှဲပြောင်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဗုဒ္ဓဂယာ ခရီးသွားလုပ်ငန်း များအနက် ကုမ္ပဏီ ၅ ခုသာ တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်ပြီး ကျန် ခရီးသွား ကုမ္ပဏီများမှာ သာသနာရေး ဝန်ကြီးဌာနသို့ ခွင့်ပြုချက် လျှောက်ထားကြသော်လည်း မရရှိခဲ့ကြောင်း ခရီးသွား လုပ်ငန်းရှင်များက ဆိုသည်။

“သူတို့ ပေးတာ မပေးတာ အပထား၊ နှစ်စဉ် လျှောက်ပါတယ်။ အင်တာဗျူး ခေါ်မေးတာသာ ရှိတယ်။ ဘယ်တော့မှ အကြောင်း မပြန်ခဲ့ဘူး။ ကျမတို့က ဝန်ဆောင်မှုသာ ပြိုင်ချင်တာပါ။ လုပ်ပိုင်ခွင့်ကို မပြိုင်ချင်ပါဘူး” ဟု ဗုဒ္ဓဂယာ ခရီးသွားလုပ်ငန်းကို ၃ နှစ်ကျော် လုပ်ကိုင်ခဲ့သော Travel for Moment ခရီးသွားကုမ္ပဏီမှ ဒေါ်နှင်းမိုးဝေက ပြောသည်။

တရားဝင် ခွင့်ပြုချက် ရထားသော ကုမ္ပဏီများသည် လေယာဉ်လက်မှတ် ဦးစားပေးခံရခြင်း၊ ဗီဇာကြေး ကင်းလွတ်ခွင့်ရခြင်း စသည့် အခွင့်အရေးများ ရရှိသည့် အပြင် ယင်းကုမ္ပဏီများမှ လွဲ၍ ကျန်ကုမ္ပဏီများမှာ နိုင်ငံပိုင် သတင်းစာများ၌ ကြော်ငြာ ထည့်ရာတွင် ဗုဒ္ဓဂယာဆိုသော စကားလုံးကို အသုံးပြုခွင့် မရှိကြောင်း သိရသည်။

“ဗုဒ္ဓဂယာ ဆိုတဲ့ စကားလုံးကို ခွင့်ပြုချက်မရတဲ့ ကုမ္ပဏီတွေမှာ မသုံးဖို့ သာသနာရေးကနေ ပြန်ကြားရေးကို စာပို့ ထားတာလို့တော့ ပြောတယ်။ ဗုဒ္ဓဂယာ မသုံးရတော့ အိန္ဒိယခရီးစဉ်တို့၊ သံဝေဇနိယ လေးဌာနတို့ စသည်ဖြင့် စကားလုံးတွေ သုံးပြီး ကြော်ငြာရတယ်” ဟု ဒေါ်နှင်းမိုးဝေက ဆိုသည်။

ဗုဒ္ဓဂယာသို့ ခရီးသွားများ တနှစ်ထက်တနှစ် ပိုမို များပြားလာနေပြီး ဗုဒ္ဓဂယာ ခရီးသွားလုပ်ငန်းများမှာ တဦးချုပ် စီးပွားရေး စနစ်ကဲ့သို့ ဖြစ်နေသည်ဟု UMTA ဥက္ကဋ္ဌ ဒေါက်တာအောင်မြတ်ကျော်က ပြောသည်။

သာမန် ခရီးသွားလုပ်ငန်း ကုမ္ပဏီများသည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်းဆောင်ရွက် နိုင်သော်လည်း၊ ဗုဒ္ဓဂယာနှင့် မက္ကာတို့ ကဲ့သို့သော ဘာသာရေး ဘုရားဖူး ခရီးစဉ်များ ဝန်ဆောင်မှု ပေးလိုပါက သာသနာရေး ဝန်ကြီးဌာန၏ သဘောတူ ခွင့်ပြုချက်ကိုပါ ရရှိထားရန် လိုအပ်မည် ဖြစ်သည်။

လက်ရှိအချိန်တွင် သာသနာရေး ဝန်ကြီးဌာနမှ တရားဝင် ခွင့်ပြုချက် ရရှိ လုပ်ကိုင်နေသော ဗုဒ္ဓဂယာ ခရီးသွားလုပ်ငန်း ကုမ္ပဏီများမှာ အောင်ချမ်းသာ၊ ရန်ကုန်၊ မေသူမောင်၊ Green Holidays နှင့် Nice Fair တို့ဖြစ်သည်ဟု UMTA မှ သိရသည်။

ယခုအခါ ကုမ္ပဏီလိုင်စင်၊ ခရီးသွားလိုင်စင်၊ UMTA အသင်းဝင်ကတ်ပြား၊ ကုမ္ပဏီဖွဲ့စည်းပုံနှင့် ခိုင်မာမှုကိုပြသသော ပုံစံ ၆ နှင့် ပုံစံ ၂၆ စသည်တို့ တင်ပြနိုင်သော မည်သည့် ခရီးသွားကုမ္ပဏီမဆို ဗုဒ္ဓဂယာ ဘုရားဖူးလုပ်ငန်းကို တရားဝင်လုပ်ကိုင်ခွင့် ရနိုင်တော့မည် ဖြစ်သည်။

သာသနာရေး ဝန်ကြီးဌာနမှ ဗုဒ္ဓဂယာခရီးသွားလုပ်ငန်းများကို ၁၉၉၉ခုနှစ်မှ စတင်၍ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ၂၀၀၄ ခုနှစ် နောက်ပိုင်းတွင် ဘုရားဖူးခရီးသည် ပိုမိုများပြားလာကာ နှစ်စဉ် ဗုဒ္ဓဂယာသို့ ဘုရားဖူး ခရီးသွားကြသူ ၃၅၀၀၀ မှ ၅၀၀၀၀ အကြားတွင် ရှိနေကြောင်း သိရသည်။

ယခုနှစ် မေလဆန်းတွင် အိန္ဒိယနိုင်ငံ မှ အွန်လိုင်း ဗီဇာစနစ်သို့ ပြောင်းလဲ သတ်မှတ် လိုက်ခြင်းကြောင့် ဗုဒ္ဓဂယာ ခရီးသွားများ အတွက် ဗီဇာလျှောက်ထားရန် အခက်အခဲများ ရှိလာနိုင်သောကြောင့် ဗုဒ္ဓဂယာ ခရီးသွား လုပ်ငန်းရှင်များ ပူပေါင်း၍ ဗီဇာ စည်းကမ်းချက် တချို့ကို ဖြေလျော့ပေးရန် အိန္ဒိယသံရုံးသို့ တောင်းဆိုသွားမည် ဖြစ်ကြောင်း ခရီးသွား လုပ်ငန်းရှင်များက ပြောဆိုကြသည်။

Loading