သမ္မတ ဦးသိန်းစိန်သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်မှ ပုဂ္ဂိုလ်များနှင့် မကြာခဏ တွေ့ဆုံသော်လည်း မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုတွင် အဓိကအင်အားစု တခုဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသားများ၏ အဖွဲ့ဖြစ်သော ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် တွေ့ဆုံမှုမရှိသေးခြင်းက မေးခွန်း ထုတ်စရာဖြစ်နေသည်။
နိုင်ငံရေး လေ့လာသူများက အရပ်ဖက် လူအဖွဲ့စည်းတွင် အားကောင်းသည့် ၈၈ မျိုးဆက်ကျောင်းသားများနှင့် သမ္မတ ဦးသိန်းစိန်တို့ အကြား တွေ့ဆုံ ဆွေးနွေးသင့်သည်ဟု ယူဆနေကြကြောင်း သိရသည်။
ရန်ကုန်မြို့နေ နိုင်ငံရေး လေ့လာသူ ဦးမောင်မောင်နိုင်က “နှစ်ဖက်စလုံးက တိုင်းပြည်ကောင်းကျိုး လုပ်နေတဲ့လူတွေ၊ လုပ်ဖို့ ရည်ရွယ်ချက်ရှိတဲ့လူတွေပဲ၊ ရင်းရင်းနှီးနှီး တွေ့သင့်တယ်လို ထင်တယ် ” ဟု ဆိုသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးမှု မရှိသော်လည်း မကြာသေးမီက ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တဦးဖြစ်သည့် ဦးမင်းကိုနိုင်ကို သူ၏ ဟောပြောပွဲ တခုနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက ခေါ်ယူမေးမြန်းမှုများ ပြုလုပ်ခဲ့သည့် အဖြစ်အပျက်များလည်း ရှိခဲ့သည်။
သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး ၈၈ မျိုးဆက် ကျောင်းသားများအား အကျဉ်းထောင်များမှ လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ပြီးနောက် အဆိုပါ ကျောင်းသားများနှင့် ဆွေးနွေးမည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သော်လည်း လက်တွေ့တွင်မူ ယနေ့အထိ ဖြစ်မလာသေးပေ။
ပြီးခဲ့သည့် မေလ ၄ ရက်နေ့က သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများဖြစ်သည့် ကရင်ပြည်သူ့ပါတီ၊ ဖလုံစဝေါ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ စသည့် တိုင်းရင်းသားပါတီများမှ ခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီမှ ဦးခင်မောင်ဆွေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးဟန်ရွှေ၊ အမျိုးသား ကွန်ကရက်ပါတီမှ ဦးကောင်းမြတ်ထွဋ်နှင့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေ စသည့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် တွေဆုံခဲ့သေးသည်။
ထိုသို့ သမ္မတနှင့် ၈၈ ပွင့်လင်း လူအဖွဲ့အစည်းတို့ အကြား မတွေ့ဆုံနိုင်သေးသည့် အကြောင်းအရင်းတရပ်မှာ သမ္မတနှင့် နီးစပ်သူ တချို့၏ ပယောဂကြောင့်ဟု အတည်မပြုနိုင်သော သတင်းများကဆိုသည်။
သမ္မတ၏ လူမှုစီးပွားအကြံပေး ကောင်စီအဖွဲ့ဝင် ဦးလှမောင်ရွှေကမူ “အစိုးရအဖွဲ့သစ်အနေနဲ့ နိုင်ငံတော် ပြန်လည်ထူထောင်ရေးမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးက လူတွေရဲ့အားကို ရမှ မြန်မြန်လိုရာရောက်မယ်လို့ သမ္မတကြီးကဆိုတဲ့ အတွက် သူအနေနဲ့ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ အတတ်နိုင်ဆုံး တွေဖို့ကြိုးစားတယ်လို့ ခံယူတယ်” ဟု ဆိုသည်။
ထို့အတွက်လည်း သမ္မတအနေဖြင့် နိုင်ငံရေးပါတီ အသီးသီးဖြင့် လည်းကောင်း၊ လွန်ခဲ့သည့် လအနည်းငယ်က အရပ်ဖက် လူအဖွဲ့အစည်းများနှင့် လည်းကောင်း တွေ့ဆုံခဲ့ပြီးဖြစ်ရာ နောင်တွင်လည်း သင့်တော်သည့် အဖွဲ့အစည်းများကို ဆက်လက် တွေ့လိမ့်မည်ဟု ၎င်းက ယူဆသည်။
သမ္မတ ဦးသိန်းစိန် အနေဖြင့် ၈၈ မျိုးဆက် ကျောင်းသားများကို ခေါ်ယူတွေ့ဆုံခြင်း မရှိသေးသော်လည်း သမ္မတရုံး ဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်းတို့နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ဦးကိုကိုကြီးနှင့်မူ အခါအားလျော်စွာ တွေ့ဆုံမှုများ ရှိသည်ဟု သိရသည်။
ယမန်နှစ် သြဂုတ်လက ၈၈ မျိုးဆက်ကျောင်းသားများ ဦးဆောင်၍ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒကိ္ခဏာရာမ ဘုရားကြီးကျောင်းတိုက်တွင် ကျင်းပသည့် ၈၈၈၈ ဒီမိုကရေအရေးတော်ပုံ ၂၄ နှစ်ပြည့် အခမ်းအနားကို ဝန်ကြီး ဦးစိုးသိန်းနှင့် ဝန်ကြီး ဦးအောင်မင်းတို့ ရုတ်တရက် ရောက်ရှိလာပြီး ငွေကျပ် ၁၀ သိန်း လှူသွားဖူးသည်။ ၈၈ မျိုးဆက် ကျောင်းသားများနှင့် တွေ့ရန် သမ္မတ ဦးသိန်းစိန်၏ ခွင့်ပြုချက်ဖြင့် လာရောက်ခြင်း ဖြစ်သည်ဟု သိရသည်။
သမ္မတနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းတို့ အကြား တွေဆုံရေးနှင့် ပတ်သက်၍ ဦးကိုကိုကြီး၏ သဘောထားကို မေးမြန်းရာ ဖြေဆိုရန် ငြင်းဆိုသွားသည်။
မကြာသေးမီက ဖွဲ့စည်းခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေး ကော်မတီသစ်တွင်လည်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းမှ ဦးကိုကိုကြီးကို ထည့်သွင်းခဲ့သည်။
သမ္မတ ဦးသိန်းစိန် အနေဖြင် တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများဖြင့်သာ တွေ့ဆုံလေ့ရှိရာ ၈၈ မျိုးဆက် ကျောင်းသားများ အနေဖြင့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအဖြစ် တရားဝင်ပါတီအဖြစ် မှတ်ပုံတင်မှသာ တွေ့ဆုံနိုင်မည်ဟု ထင်ကြောင်း သမ္မတ၏ နိုင်ငံရေး အကြံပေးပုဂ္ဂိုလ် ဒေါက်တာ နေဇင်လတ်က ဆိုသည်။
“သမ္မတအနေနဲ့ကတော့ နိုင်ငံတော်အဆင့်လည်း ဖြစ်တယ်၊ အချိန်အကန့်အသတ်လည်း ရှိလာပြီဆိုတော့ မူနဲ့သွားရတာပေါ့” ဟု ပြောသည်။
သို့သော် မိမိတို့ သမ္မတအကြံပေး အဖွဲ့ဝင်များမှာမူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တချို့နှင့် အခါအားလျော်စွာ တွေ့ဆုံမှု ရှိကြကြောင်း ၎င်းက ဆက်ပြောသည်။
အရပ်ဖက် လူအဖွဲ့အစည်းတွင် အားအကောင်းဆုံးဟု ဆိုနိုင်သည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းသည် အစိုးရသစ် လက်ထက် ဖြစ်ပေါ်ခဲ့သည့် လှိုင်သာယာ စက်မှုအလုပ်သမား အရေးမှအစ မကြာသေးမီက ဖြစ်ပွားခဲ့သည့် မိတ္ထီလာ အဓိကရုဏ်းအထိ ကြားဝင် ဖြန်ဖြေ ညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့သည်။
စစ်အစိုးရလက်ထက် ထင်သာမြင်သာ မရှိဘဲ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့သည့်အတွက် ဒေသခံများ၏ ကန့်ကွက် ဆန္ဒပြခံရသော လက်ပံတောင်း ကြေးနီစီမံကိန်း အရေးတို့တွင်လည်း ဝင်ရောက် ကူညီဖြေရှင်းခြင်းများ ပြုလုပ်နေသည်။
မကြာသေးမီက တရုတ်သံအမတ်ကြီး မစ္စတာ Yang Houlan နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင်း တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ စာချုပ်များသည် ပွင့်လင်း မြင်သာမှု မရှိခဲ့သောကြောင့် စာချုပ်အားလုံး ပွင့်လင်းမြင်သာသည့် စာချုပ်သစ်များ ဖြစ်စေလိုကြောင်း ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းက တောင်းဆိုခဲ့သေးသည်။
ထို့အပြင် အမေရိကန် သံအမတ်ကြီး ဒဲရက် မစ်ချယ် အပါအဝင် အနောက်နိုင်ငံများမှ သံတမန်များနှင့် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်လည်း မကြာခဏ တွေ့ဆုံဆွေးနွေးခဲ့သည်။
ယခုအခါ သမ္မတ ဦးသိန်းစိန်သည် အမေရိကန် ပြည်ထောင်စုသို့ အလည်အပတ်ခရီး ရောက်ရှိနေပြီး ၈၈ မျိုးဆက် ကျောင်းသားများဖြစ်သော ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး တို့သည်လည်း အမေရိကန် ပြည်ထောင်စုသို့ သီးခြားခရီးစဉ်အဖြစ် ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလျက်ရှိသည်။