ကလောမြို့နယ် ရွှေမင်းဖုန်ဒေသရှိ အာရှကမ္ဘာမြေ ကုမ္ပဏီပိုင် ရွှေတောတွင် မေ ၁ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ရွှေတွင်းပြိုကျမှု၊ သစ်ပင်များ ပြိုလဲခဲ့မှုကြောင့် သေဆုံးသူ ၁၇ ဦးရှိပြီး ပျောက်ဆုံးသူ ၈ ဦးရှိကြောင်း အဆိုပါ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးမြင့်ဦးက မေလ ၁၇ ရက်နေ့ ရန်ကုန်မြို့ ဆာကူရာတာဝါတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
အာရှကမ္ဘာမြေပိုင် Gold Star ရွှေတွင်းတွင် မေလ ၁ ရက်နေ့ညပိုင်းက ညဆိုင်း အလုပ်ဆင်းသူ အလုပ်သမား ၃၀ ဦးခန့် ရှိကြောင်း၊ မိုးသည်းထန်စွာ ရွာပြီး တောင်ကျရေများ ရွှေတွင်း အတွင်းသို့ ဝင်ရောက်လာချိန်တွင် ရွှေတွင်း၌ အလုပ်လုပ် နေသူများက နီးစပ်ရာ ထွက်ပေါက်များမှ ထွက်ပြေးခဲ့ကြကြောင်း၊ ရွှေတွင်းထဲတွင် ပိတ်မိနေသူ ၂ ဦးကို ရွှေတွင်း အပြင် ရောက်ရှိနေသူ ၅ ဦးက ကယ်တင်ရန်ကြိုးစားနေချိန် ရေလုံးရိုက်ပြီး ၇ ဦးစလုံး တွင်းထဲသို့ ပြုတ်ကျပြီး အသက် သေဆုံး ခဲ့ရကြောင်း၊ အဆိုပါ ၇ ဦး၏ အလောင်းများကိုလည်း ပေ ၃၀၀ မှ ၅၀၀ အနက်ရှိ ရွှေတွင်းထဲမှ ပြန်လည် ရှင်းလင်း ဆယ်ယူပြီး ဖြစ်ကြောင်း၊ တခြားသေဆုံးခဲ့သူ ၁၀ ဦးမှာ သစ်ပင်ပိခဲ့ခြင်းဖြစ်ပြီး ပျောက်ဆုံးသူ ၈ ဦးရှိကြောင်း သိရှိရသည်။
ဧရာဝတီသတင်းဌာနက ရွှေတွင်းပြိုကျမှုဖြစ်ပွားခဲ့သော အာရှကမ္ဘာမြေပိုင် ရွှေတောဒေသသို့ သွားရောက် သတင်းယူစဉ် ရွှေတွင်း ပြိုကျမှုကြောင့် ၃၆ ဦးသေဆုံးပြီး ပျောက်ဆုံးသူ ၈ ဦးရှိကြောင်း၊ သေဆုံးသူများတွင် တရုတ်နိုင်ငံသားများ ပါဝင်ပြီး တရုတ် နိုင်ငံသား တဦး၏ အလောင်း ရှာဖွေတွေ့ရှိကာ တရုတ်နိုင်ငံသား ၂ ဦးပျောက်ဆုံးနေသဖြင့် အပူတပြင်း ရှာဖွေနေကြောင်း အာရှကမ္ဘာမြေ သတ္တုတူးဖော်ရေး ကုမ္ပဏီမှ ရွှေတူးဖော်ရေး အငှား ကန်ထရိုက်လုပ်ငန်း ဆောင်ရွက်နေသူ ဗိုလ်မှူးဇော်ဝင်းက ဧရာဝတီသို့ အတည်ပြု ပြောဆိုခဲ့သည်။
အာရှကမ္ဘာမြေ ကုမ္ပဏီကမူ သေဆုံးသူများတွင် တရုတ်နိုင်ငံသားများ ပါဝင်ခြင်း ရှိ၊ မရှိကို သတင်းစာရှင်းလင်းပွဲတွင် တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မပြုသကဲ့သို့ သေဆုံးနှင့် ပျောက်ဆုံးသူများ၏ အမည်စာရင်း အတိအကျ ထုတ်ပြန်ခြင်း မရှိပေ။
သေဆုံးသူများအနက် အာရှကမ္ဘာမြေ ကုမ္ပဏီမှ အရာရှိတဦး ဖြစ်သူ ဗိုလ်ကြီး သူရပြုံးချိုအတွက် လျော်ကြေး ကျပ်သိန်း ၃၀၊ သာမန် ဝန်ထမ်းများ အတွက် လျော်ကြေး ၁၀ သိန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက် နေသည့်ကုမ္ပဏီများမှ သေဆုံးခဲ့သူများ အတွက် လျော်ကြေး ၅ သိန်းစီ ပေးအပ်ခဲ့ကြောင်း၊ ဒဏ်ရာရသူများကို လျော်ကြေး ၂ သိန်းစီ ပေးခဲ့ပြီး သေဆုံး ဒဏ်ရာရ သူများအားလုံးအတွက် စုစုပေါင်းလျော်ကြေး ကျပ် ၁၀၆ သိန်း ပေးခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့ ပေးတဲ့ လျော်ကြေးတွေက အလုပ်သမား ဝန်ကြီးဌာနက သတ်မှတ်ချက်ထက် အဆများစွာ ပိုပေးထားတယ်။ လုံးဝ မနိမ့်ဘူး၊ အခုလည်း ဝန်ထမ်းတွေ အတွက် အသက် အာမခံထားဖို့ စီစဉ်နေတာတွေ ရှိပါတယ်” ဟု အာရှကမ္ဘာမြေ ကုမ္ပဏီ၏ ဦးမြင့်ဦးက ရှင်းပြသည်။
အာရှကမ္ဘာမြေကုမ္ပဏီ၏ ရွှေတောဒေသတွင် လာရောက် အလုပ် လုပ်ကိုင်နေသူ ကုမ္ပဏီ ဝန်ထမ်း ၆၈၀ ကျော် ရှိခဲ့ သော်လည်း ရွှေတွင်းပြိုကျခဲ့သော ဖြစ်စဉ်ဖြစ်ပွားပြီး နောက်တွင် ဝန်ထမ်း ၁၂၀ ကျော် နုတ်ထွက် သွားကြောင်း ၎င်းက ဆိုသည်။
အာရှကမ္ဘာမြေ သတ္တုတူးဖော်ရေး ကုမ္ပဏီသည် ကလောမြို့နယ် ရွှေမင်းဖုန် ဒေသတွင် သတ္တုတွင်းဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ရွှေတူးဖော်ရေး လုပ်ငန်းများကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်မှ စတင်လုပ်ဆောင်ခဲ့သည်။