လွန်ခဲ့သည့် နှစ် ၂၀ ကျော်က စစ်ထောက်လှမ်းရေးဟု စွပ်စွဲသတ်ဖြတ်ခံခဲ့ရသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းဒေသ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်၏ အမှုနှင့် ပတ်သက်ပြီး မိခင်ဖြစ်သူ ဒေါ်တင်မမက မန္တလေးတိုင်း ချမ်းအေးသာဇံမြိုနယ် အမှတ် (၈) ရဲစခန်းတွင် ပြီးခဲ့သည့် သောကြာနေ့က အမှုဖွင့်လိုက်ကြောင်း သိရသည်။
အမှတ် (၈) ရဲစခန်းမှူးက လက်ခံခဲ့ပြီးနောက် မန္တလေးတိုင်း ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ တင်ပြပြီး စုံစမ်းစစ်ဆေးမှုများကို စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ ABSDF မြောက်ပိုင်း တပ်ဖွဲ့ဝင်တဦးဖြစ်ခဲ့ပြီး အဖမ်းခံခဲ့ရာမှ လွတ်မြောက်လာသည် ကိုညီညီကျော် ကိုလည်း သက်သေအဖြစ် ချမ်းအေးသာဇံရဲစခန်မှ ဆင့်ခေါ်ထားသည်ဟု သိရှိရသည်။
“ကျနော်တို့ အနေနဲ့တော့ လက်စားချေဖို့၊ တရားစွဲဖို့ မရည်ရွယ်ပေမယ့် ရဲဘော်ရဲဘက်တွေရဲ့ မိသားစုတွေက အမှုအတွက် လိုက်ပါဆောင်ရွက်ဖို့ အကူအညီတောင်းရင်တော့ ဆောင်ရွက်ပေးရမှာပါ။ တချို့က မျက်မြင်သက်သေ၊ တချို့က တိုက်ရိုက်ပါဝင် ပတ်သက်သူတွေရှိပါတယ်” ဟု ကိုညီညီကျော်က ဆိုသည်။
ကိုထွန်းအောင်ကျော် အပါအဝင် ၁၅ ဦးမှာ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ လူအများရှေ့တွင် တပြိုင်နက်တည်း အသတ်ခံရခြင်းဖြစ်ပြီး နိုင်ငံတကာ သတင်းထောက်များ၏ မှတ်တမ်းမှတ်ရာများနှင့် ထိုစဉ်က တာဝန်ယူသူများ၏ ထုတ်ပြန်ချက်များက အကောင်းဆုံး သက်သေများ ဖြစ်လာနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။
ထိုစဉ်က အသတ်ခံခဲ့ရသူများ၏ ကျန်ရစ်သော မိသားစုများအနေဖြင့် စီးပွားရေးနှင့် လူမှုရေး ဆိုးကျိုးများအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ယနေ့ထက်တိုင် ခံစားနေရဆဲဖြစ်သည်ဟုလည်း ဆိုသည်။
ချမ်းအေးသာဇံမြို့နယ် အမှတ် (၈) ရဲစခန်းမှ စခန်းမှူးက ကိုထွန်းအောင်ကျော် အသတ်ခံရမှုနှင့် ပတ်သက်၍ အမှုဖွင့်ထားခြင်းမှာ မှန်ကန်သော်လည်း အသေးစိတ်ပြောဆိုရန် ငြင်းဆိုသွားသည်။
၁၉၉၁ ခုနှစ်က ကချင်ပြည်နယ် ပါဂျောင်ဒေသ၌ ဖြစ်ပွားခဲ့သည့် အဆိုပါအမှုတွင် လူပေါင်း ၁၀၀ ကျော် စစ်ထောက်လှမ်းရေးဟု စွပ်စွဲဖမ်းဆီးခံခဲ့ရပြီး စခန်းဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် အပါအဝင် လူ ၃၅ ဦး အသက် သေဆုံးခဲ့ရသည်။ ကျန် လူပေါင်း ၇၁ ဦးမှာ တရုတ်ပြည်ဘက်သို့ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
အခင်းဖြစ်ပွားစဉ်က ABSDF (မြောက်ပိုင်း) တာဝန်ယူထားသူများမှာ ရဲဘော်မျိုးဝင်း (ကျဆုံး)၊ ရဲဘော်သံချောင်း (သာယာဝတီ ထောင်တွင် သေဒဏ်ကျခံထားရသူ)၊ ကိုအောင်နိုင် (ခ) ရော်နယ် အောင်နိုင်၊ ကိုလဆိုင်း၊ ကိုအောင်သန်း၊ ကိုကျော်ကျော်၊ ကိုသန်းဇော်၊ ကိုဇော်ဇော်မင်း စသူတို့ ဖြစ်သည်ဟု သိရသည်။
အစိုးရသစ်လက်ထက်တွင် အဆိုပါ မြောက်ပိုင်းလူသတ်မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ကာယကံရှင်များနှင့် ဆက်စပ်သူများက ပိုမိုကျယ်လောင်စွာ ပြောဆိုလာခဲ့ကြပြီး စာအုပ်များကိုပါ ရေးသားထုတ်ဝေလာခဲ့သည်။ ထို့အပြင် အမှုဖွင့် တရားစွဲဆိုမှုများပါ ပြုလုပ်လာခဲ့သည်။
ပြီးခဲ့သည်နှစ်ကပင် ကချင်ပြည်နယ် ABSDF (မြောက်ပိုင်း) တွင် အသတ်ခံရသည့် ဦးစိန်၏ သမီးဖြစ်သူ မစန်းစန်းအေးက ABSDF မှ တာဝန်ရှိသူများကို ရန်ကုန်တိုင်း မြောက်ဥက္ကလာပ ရဲစခန်းနှင့် ကချင်ပြည် ဝိုင်းမော်ရဲစခန်းတို့တွင် အမှုဖွင့်ခဲ့သည်။
သို့သော် ၄ လခန့် စစ်ဆေးပြီးနောက် သက်သေ မခိုင်လုံသည့်အတွက် အမှုပိတ်ခဲ့ရသည်ဟု ဦးစိန် အသတ်ခံရမှုတွင် သက်သေအမည် တင်သွင်းခြင်းခံရသူများက ဆိုသည်။
အမှုနှင့်ပတ်သက်၍ ၄ ကြိမ်အစစ်ခံရသည့် သာယာဝတီမြို့မှ ကိုကျော်နိုင်ဦး (ခ) ကိုကြောင်က “ဦးစိန်သေတာက ရေခဲတဲ့နေရာမှာ စောင်မပေးဘဲထားလို့ သေတာ။ အချုပ်ခန်းမှာ အတူတူနေပေမယ့် ရိုက်တာနှက်တာကို မတွေ့ရတော့ သက်သေထွက်လို့ မရဘူးလေ။ ဒါကြောင့် အမှုပိတ်ရတာပါ” ဆိုသည်။
ABSDF (မြောက်ပိုင်း) ၌ အသတ်ခံရသူပေါင်း ၃၅ ဦးတွင် တရားဥပဒေအရ အမှုဖွင့်ခဲ့သူများတွင် ကိုထွန်းအောင်ကျော် မိသားစုနှင့် ဦးစိန်၏ မိသားစု နှစ်စုသာ ရှိသေးသည်။
ထောက်လှမ်းရေးဟု စွပ်စွဲသတ်ဖြတ်ခံရသည့် အဖြစ်အပျက်နှင့် ပတ်သက်၍ ABSDF တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ကိုမိုးသီးဇွန်၊ ကိုထွန်းအောင်ကျော် (၇၄ မျိုးဆက် ကျောင်းသားဟောင်း)၊ ဒေါက်တာ နိုင်အောင် တို့ကလည်း အဖြစ်မှန် ပေါ်ပေါက်ရေးကို ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပြီးခဲ့သည့်နှစ် မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်စဉ် ပြောဆို သွားခဲ့သည်။
မြန်မာနိုင်ငံတွင် ဤကဲ့သို့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ စစ်အစိုးရ အဆက်ဆက်တွင် ဖြစ်ပွားခဲ့သော်လည်း ပြန်လည် ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။