အမေရိကန်ဒေါ်လာနှင့် မြန်မာငွေ လဲလှယ်နှုန်းထားတွင် ဒေါ်လာတန်ဖိုး တရိပ်ရိပ် မြင့်တက်လာမှုကြောင့် ပြည်ပမှ တင်သွင်းသော စက်သုံးဆီ အပါအဝင် သွင်းကုန်များ၏ ဈေးနှုန်းများ မြင့်တက်လာပြီး တခြားသော အခြေခံ စားသောက်ကုန်များ ဖြစ်သည့် ဆန်နှင့်ဆီ ဈေးနှုန်းများပါ လိုက်ပါ မြင့်တက်လာကြောင်း သိရှိရသည်။
ကုန်စည် သယ်ယူပို့ဆောင်ရေးနှင့် ကုန်ထုတ် လုပ်ငန်းများအတွက် အဓိက အားထားနေရသော ပြည်ပမှ သွင်းကုန်တခု ဖြစ်သော စက်သုံးဆီ ဈေးနှုန်းများမှာ ဒေါ်လာတန်ဖိုး မြင့်တက်မှုကြောင့် ရက်ပိုင်းအတွင် ဈေးတက်လာကြောင်း၊ စက်သုံးဆီ အသုံးပြုရသည့် လုပ်ငန်းများ၊ တင်သွင်းရသည့် လုပ်ငန်းများ၊ ကုန်ပစ္စည်းများမှာ ဈေးနှုန်း မြင့်တက် လာရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ မောင်မောင်လေးက ပြောသည်။
“စက်သုံးဆီ ဈေးတက်လာတာ၊ ဒေါ်လာဈေးတွေ အတက်အကျ ကြမ်းလာတာကို သတိထားမိတယ်။ အမှန်ဆို ဒီလို အတက်အကျ ကြမ်းတာကြောင့် ဈေးနှုန်းသတ်မှတ်ရတာတွေ ခက်လာမယ်၊ အခုလို သွင်းကုန်ကို အားကိုးနေရတဲ့ အချိန်တွေမှာ စက်သုံးဆီတွေ ဈေးတက်သွားတဲ့ အတွက် သွင်းကုန်တွေနဲ့ တခြား ကုန်စည်တွေပါ ဈေးတက်လာတယ်။ အခုလို ဈေးတက်တာကလည်း ခေတ္တ ယာယီသဘောလောက်ပဲ ထင်ပါတယ်။ ဈေးကွက်နဲ့ ဝယ်လိုအားကြောင့်သာ ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်” ဟု ဒေါက်တာမောင်မောင်လေးက ရှင်းပြသည်။
လက်ရှိတွင် အစိုးရက စက်မှုဇုန်များ အားလုံးကို လျှပ်စစ်မီး ၂၄ နာရီ ရက် အကန့်အသတ်မရှိ ဖြတ်တောက်ထားကြောင်း၊ စက်မှု လုပ်ငန်းရှင်များသည် စက်သုံးဆီများကိုသာ အသုံးပြု၍ အဓိက လုပ်ငန်း လည်ပတ်နေရကြောင်း၊ စက်သုံးဆီ ဈေးနှုန်းများ မြင့်တက် လာမှုကြောင့် ထုတ်လုပ်မှု စရိတ်ပါ မြင့်မားလာကြောင်း စက်မှုလုပ်ငန်းရှင် အများစုက ဆိုကြသည်။
ဒီဇယ်ဆီ တပေပါလျှင် ကျပ် ၁ သိန်း ၉ သောင်းကျော် ရှိရာမှ ကျပ် ၅ သောင်းခန့် ထပ်မံ မြင့်တက်သွားကြောင်း၊ စက်သုံးဆီ ဈေးနှုန်း မြင့်တက်နေမှုကြောင့် စက်မှုလုပ်ငန်းတချို့ လုပ်ငန်းရပ်နားထားကြောင်း သိရှိရသည်။
“ဈေးကြီးပေးပြီး စက်သုံးဆီတွေကို ဝယ်နေရတဲ့ ပိုက်ဆံတွေက ကျနော်တို့ရဲ့ အမြတ်တွေပေါ့။ အခုတော့ အမြတ်ထဲကနေ စက်သုံးဆီတွေကို ဈေးကြီးပေးပြီး ဝယ်နေရသလို ဖြစ်နေတယ်။ အခုလို တဒေါ်လာကို တထောင်ကျပ် မပြည့်သေးတဲ့ အချိန်မှာတောင် ဒီလို ဂယက်တွေ ဖြစ်နေတယ်။ တဒေါ်လာ တထောင်ကျော်ပြီးတော့ ဒီထက် များလာမယ်ဆိုရင် ဘယ်လိုတောင် ဖြစ်လာမလဲ မသိဘူး။ တချို့လုပ်ငန်းရှင် တွေဆိုရင် မီးစဖြတ်ကတည်းက လုပ်ငန်းနားလိုက်ကြတယ်။ တချို့ကြတော့လည်း မနားဘဲ တင်းခံပြီးလုပ်နေကြပေမယ့် အခုလို ဈေးနှုန်းတွေ တက်လာတော့ မတောင့်ခံနိုင်ကြတော့ဘူး။ ကျနော့်အသိတွေထဲက တချို့တွေဆို လုပ်ငန်း ခဏ နားထားရတယ်” ဟု ဒဂုံတောင် စက်မှုဇုန် ၁ ရှိ SNW အထွေထွေ စက်မှုလက်မှု လုပ်ငန်းမှ လုပ်ငန်းရှင် ဦးစိုးနိုင်ဝင်းက ပြောသည်။
စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် သယ်ယူပို့ဆောင်ရေး စရိတ်နှင့် တခြား စရိတ်များပါ မြင့်တက်လာရာ နောက်ဆက်တွဲ အနေဖြင့် ဈေးကွက်တွင် အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ပဲတို့၏ ဈေးနှုန်းများ မြင့်တက် လာကြောင်း သိရှိရသည်။
စားအုန်းဆီ ဈေးနှုန်းသည် တပိဿာ ကျပ် ၁၄၀၀ ဝန်းကျင်မှ ၁၅၂၅ ကျပ်အထိ မြင့်တက်လာပြီး ဆန်ဈေးနှုန်း များမှာလည်း တရိပ်ရိပ် မြင့်တက်လာနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
“ဆန်ဈေးတွေက ၁၁ ရက်နေ့လောက်အထိကို ပေါ်ဆန်းတအိတ်ဆိုရင် ၃ သောင်းဝန်းကျင်ပဲ ရှိနေပေမယ့် အခုဆိုရင် ၃ သောင်း ၄ ထောင်ကျော်နေပြီ၊ ဖျာပုံဆိုရင် ၂ သောင်း ၉ ထောင်၊ မြောင်းမြရှယ်ဆိုရင် ၃ သောင်းအထိ တက်လာတယ်။ ရောင်းတဲ့သူတွေ ကတော့ အခုကတည်းက ဝယ်လှောင်နေကြပြီ။ ရှေ့ဆက် ဒီထက်ပိုပြီး ဈေးမတက်ခင် ဝယ်ထားကြတာ ပိုများလာတယ်” ဟု ဘုရင့်နောင်မှ ဆန်ကုန်သည် ကိုထွန်းထွန်းက ပြောသည်။
အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက်လာသည်နှင့် အမျှ စက်သုံးဆီနှင့် အခြေခံ စားသောက်ကုန် ဈေးနှုန်းများ ဆက်လက်မြင့် တက်မည်ဟု စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေး ပညာရှင်တချို့က သုံးသပ်ပြောဆိုသည်။
ယနေ့ နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်သည့် ဈေးကွက်တွင် အမေရိကန်တဒေါ်လာကို မြန်မာငွေ ၉၄၇ ကျပ်အထိ ဈေးနှုန်း အမြင့်ဆုံး မြင့်တက်သွားကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။