ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရုံးအဖွဲ့ဝင်များကို ပအိုဝ့် အမျိုးသားအဖွဲ့ချုပ် ပါတီ(PNO) ပြည်သူ့စစ်များက ခြိမ်းခြောက်မှုသဖြင့် ပါတီဝင် ၅၇ ဦး နုတ်ထွက်ရကြောင်း NLD ရှမ်းပြည်နယ် ဥက္ကဌက ဧရာဝတီသို့ ပြောဆိုသည်။
ဖြစ်ပွားပုံမှာ တောင်ကြီးမြို့နယ် မောက်စံကျေးရွာမှ NLD အဖွဲ့ ဝင် ရွာသား ၅ ဦး သည် မေ ၁၄ ရက် တွင် ရွာသားများ သိမ်းခံရသည့် မြေယာများကို ထွန်တုန်း တိုက်ပွဲ သွားရောက် လုပ်ဆောင်သဖြင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပြည်သူ့စစ်က NLD ရုံးကို ဝိုင်းပြီး ဖမ်းဆီးကာ ဝန်ခံချက်ဖြင့် ပြန်လွှတ်လိုက်ပြီးနောက် ပါတီမှ နုတ်ထွက်ခဲ့ရာမှ စတင်ခဲ့ကြောင်း NLD ပါတီ၏ ရှမ်းပြည်နယ် ပြည်နယ် ဥက္ကဌ မှ ဒေါ်ခင်မိုးမိုးက ပြောသည်။
“သူတို့ကို ပြန်လွှတ်တဲ့အချိန်မှာ NLD ကနေ မထွက်ရင် နောက်ပြန်ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ မောက်စံ ကျေးရွာမှာဆိုရင် ဒီနေ့ထိ NLD ရုံးကို ဝိုင်းထားတုန်း။ကျမတို့ဘက်ကလည်း ပြည်ထောင်စု ကော်မရှင်တို့ မြို့နယ်ကော်မရှင် တိုင်းမှူးတွေဆီကိုလည်း စာတင်ထားပါတယ်” ဟု ဒေါ်ခင်မိုးမိုးက ပြောသည်။
အဆိုပါဖြစ်ပွားမှုသည် မောက်စံကျေးရွာဒေသခံများသည် ဘိုးဘွားပိုင်လယ်ယာမြေကို ပြန်လည်ရယူလိုသည့်စိတ်၊ မိုးရာသီအမှီ ထွန်ယက်စိုက်ပျိုးလိုစိတ်တို့ကြောင့် လယ်မြေကို ဝင်ထွန်သဖြင့် ခေါင်းဆောင်ဟု ယူဆသူနှစ်ဦးကို PNO ကဖမ်းဆီးလိုက်ကြောင်း၊ NLD ပါတီအနေဖြင့် ဒေသခံ တိုင်းရင်းသားများ၏ အသက်အိုးအိမ်ကို မဖျက်ဆီးရန် အဓိက ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပါတီ ချမှတ်သည့် မူဝါဒ မကျော်လွန်ရန်နှင့် ပြဿနာကို အသင့်မြတ်ဆုံး ဖြေရှင်းသွားမည်ဖြစ်ကြောင်း ဒေါ်ခင်မိုးမိုးက ဆိုသည်။
ယင်းကိစ္စနှင့်ပတ်သတ်ပြီး PNO ၏ ပြည်သူ့စစ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဇော်ပျံက “ ကျနော်တို့ ဒေသခံတွေကို ပါတီကနေ ထွက်ဖို့ ခြိမ်းခြောက်တာတွေ မလုပ်ပါဘူး။ ဒေသခံ နယ်မြေလို့သာ သူတို့ ပြောတယ်၊ ပိုင်ဆိုင်မှုတွေ ဘာအထောက်အထားမှလည်း မပြနိုင်ဘူး။ ခြိမ်းခြောက် ဖမ်းဆီးတယ်ဆိုတာကလည်း လှုံ့ဆော်မှုတွေကြောင့်ပါ။ NLD ပါတီရုံးကိုလည်း မဝိုင်းထားပါဘူး” ဟု ဧရာဝတီသို့ ပြောဆိုသည်။
ပါတီများ၏ သွေးထိုးလှုံ့ဆော်မှုနှင့် စည်းလုံးရေးကြောင့် ဘာမှမသိ နားမလည်သည့် ရွာသားများသာ ခံနေရကြောင်း၊ မြေယာနှင့်ပတ်သက်သည့် ကိစ္စကိုလည်း ဥပဒေအရ ဆောင်ရွက်စေလိုကြောင်း၊ ရွာသားများ အချင်းချင်း စိတ်ဝမ်းကွဲမှုများဖြစ်နေသည်မှာ မကောင်းကြောင်း၊ လုံခြုံရေးအရ ကင်းလှည့်နေရသဖြင့် NLD ပါတီရုံးကို ဝိုင်းဝန်းထားခြင်းမဟုတ်ကြောင်း ဗိုလ်မှူး ဇော်ပျံက ဆိုသည်။
တောင်ကြီး NLD မှ ဦးတင်မောင်တိုးကမူ “ မောက်စံရွာသား ၂ ဦးကို ဖမ်းဆီးပြီး ပြန်လွှတ်ပေးဖို့ ကျနော်တို့ မြို့နယ် ဥက္ကဌ သွားရောက် ညှိအပြီးမှာပဲ ဆက်သေကျေးရွာက ရွာသား ၃ ယောက်ကို ပြန်ဖမ်းပါတယ်။ လယ်ယာကတော့ (ဗိုလ်မှူး ဇော်ပျံက) သူနဲ့မဆိုင်ဘူးဆိုပြီး ပြောသွားတယ်။ လယ်ယာမြေ ဥပဒေနဲ့လုပ်ဆောင်ဖို့ ပြောပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ရွာသားများသည် ခံဝန်လက်မှတ်ထိုးကာ ပြန်လည်လွှတ်ပေးလိုက်ကြောင်း၊ ယင်းခံဝန်တွင် PNO လယ်မြေကို နောက်ထပ် မဝင်ရောက်ရန်၊ “ရွာသားများ၏ မှားယွင်းပြီး လုပ်ဆောင်သည့်အတွက်” ဟု ဆိုပြီး ဝန်ခံရေးရကြောင်း၊ ပါတီမှလည်း နုတ်ထွက်ရန် သေနတ်ဖြင့် ခြိမ်းခြောက်ကြောင်း ဦးတင်မောင်တိုးက ဆိုသည်။
“အဲ့နေရာမှာ အခုထိ ဝိုင်းထားတုန်းပါ။ ဆက်သေ ကျေးရွာပါတီဝင် ၅၇ ယောက် နုတ်ထွက်သွားပါပြီ။ ထီပွာကျေးရွာဘက်ကလည်း နုတ်ထွက်ဖို့ လုပ်နေတယ်လို့ ကြားပါတယ်။မောက်စံကျေးရွာ မှာဆိုရင် ကလေးတွေပဲ အိမ်ပြင်ထွက်လို့ရတယ်။ လူကြီးတွေက ထွက်လို့ မရဘူး။ ထွက်ရင် ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်နေပါတယ်” ဟု တောင်ကြီး NLD မှ ဦးခွန်ထွန်းစိန်ကလည်း ဧရာဝတီသို့ ပြောသည်။
PNO ပြည်သူ့စစ်များ ဖမ်းဆီးသည့် အချိန်တွင် ရွာသားများကို ကြိုးဖြင့် တုတ်ထားကြောင်း၊ ရိုက်နှိပ်ခြင်း မရှိကြောင်း၊ သို့သော် သေနတ်ဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်ကြောင်း၊ ရွာသားများကို နှစ်ရက်နှင့် နှစ်ည ဖမ်းဆီး ချုပ်နှောင်ထားကြောင်း သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဧရာဝတီမှ ဆက်သွယ်မေးမြန်းသည့်အခါ မသိရှိသေးကြောင်း၊ ပါတီအချင်းချင်း ဖြစ်သည့်ကိစ္စမှာလည်း ၎င်းတို့နှင့်မဆိုင်ကြောင်း ဖြေကြားခဲ့သည်။
ပအိုဝ့် အမျိုးသား အဖွဲ့ချုပ် PNO သည် ၁၉၉၁ ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် အပစ်ရပ်ခဲ့ပြီး ရှမ်းပြည်တောင်ပိုင်း ဟိုပုန်း၊ ဆီဆိုင်၊ ပင်လောင်းမြို့နယ်များပါဝင်သည့် အထူးဒေသ ၆ ကို ထိန်းချုပ်ခွင့်ရခဲ့သည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲဝင်ခဲ့သည်။ လက်နက်ကိုင်တပ်ဖွဲ့မှာ ပြည်သူ့စစ်အဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။