ကရင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အချင်းချင်း ပြန်လည် စည်းလုံးညီညွတ်မှုရရှိရန် ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီဝင်များက ကြိုးပမ်းမည် ဖြစ်ကြောင်း သိရသည်။
ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို လိုက်လံတွေ့ဆုံရန် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တို့ ပါဝင်သည့် ကော်မတီတရပ် ဖွဲ့ပေးထားပြီး ဖြစ်ကြောင်း ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီမှ ပြောခွင့်ရပုဂ္ဂိုလ် စောမက်သယူးအေးက ဧရာဝတီသို့ ပြောသည်။
လတ်တလောတွင် ယင်း ကော်မတီဝင်များက အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ခန့်ကို တဖွဲ့ချင်းစီအလိုက် တွေ့ဆုံရန် စီစဉ်နေပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အဓိက လက်နက်ကိုင် အဖွဲ့အစည်းတွေက အထူးသဖြင့် လက်နက်တွေ ကိုင်ဆောင်ထားတဲ့ အခါကျတော့ ပါးစပ်နဲ့ စကားပြောတာထက် သူတို့က လက်နက်နဲ့ပဲ ဖြေရှင်းကြတဲ့ သဘောမျိုးရှိတဲ့ အခါမှာ ပဋိပက္ခတွေ ထပ်မဖြစ်ရအောင် တဖွဲ့ချင်းစီကို ကျနော်တို့က တွေ့ဆုံမယ်၊ ညှိနိုင်းမယ်၊ အဲဒါကို ဦးတည်တာ ဖြစ်တယ်” ဟု စောမက်သယူးအေးက ဆက်ပြောသည်။
ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA)၊ သံတောင် မြောက်ပိုင်း ပြည်သူစစ် အဖွဲ့၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ နယ်ခြားစောင့်တပ်ဖွဲ့ အပါအဝင် ၇ ဖွဲ့ခန့်ကို တွေ့ဆုံရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။
စောမက်သယူးအေး၏ အဆိုရ ၎င်းတို့ အနေဖြင့် ကရင်တိုင်းရင်းသား လက်နက် အဖွဲ့အစည်းများ အချင်းချင်း ပြန်လည် စည်းလုံးညီညွတ်မှု ရရှိရန် လုပ်ဆောင်နေခြင်းကို တိုင်းရင်းသား ရေးရာ ဝန်ကြီးတချို့က နိုင်ငံတော် အစိုးရက ကန့်ကွက်မည် မဟုတ်ကြောင်း ပြောကြားသည်ဟု သိရသည်။
ကရင်ပြည်နယ် ဘားအံမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဒေါ်နန်းခင်ထွေးမြင့်က အစိုးရ တပ်မတော် အနေဖြင့် မည့်ကဲ့သို့ သဘောထားရှိသည်ကို မသိရသော်လည်း ယခုကဲ့သို့ လုပ်ဆောင်နေခြင်း အပေါ် ကြိုဆိုကြောင်း ပြောသည်။
၎င်းက “လက်နက်ကိုင်ပြီး တဖွဲ့နဲ့ တဖွဲ့ မပြေလည်ရင် ပြည်တွင်းထဲက လူတွေ မြေဇာပင် အဖြစ်တွေနဲ့ ပိုပြီးခံရမယ်၊ ကရင်ပြည်နယ်က ကရင် လက်နက်ကိုင်တွေ တစုတစည်းတည်း ဖြစ်သွားတာကို ပိုပြီးတော့ ကျေနပ်တယ်” ဟု ဆိုသည်။
ကရင် အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီသည် ပြီးခဲ့သည့် မတ်လက ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင် ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့သည့် ကရင်ရေးရာ အစည်းအဝေးမှ တက်ရောက်သူ ၃၇ ဦးခန့်ကို ရွေးချယ် တင်မြောက်၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ယင်း ကော်မတီဝင် ၃၇ ဦးတို့က ယခုလ ၁၈ ရက်နေ့မှ စတင်၍ ၂ ရက်ခန့်အကြာ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးပွဲ တရပ် ကျင်းပခဲ့ရာ ကရင်တိုင်းရင်းသား အချင်းချင်း ပြည်လည် စည်းလုံး ညီညွတ်မှုရရှိရေး အပြင် ကရင်အမျိုးသားများ၏ အနာဂတ် အရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ကရင် တိုင်းရင်းသားများ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေး၊ လူနေမှု ဘ၀ တိုးတက်မြင့်မား လာစေရေးနှင့် ကရင် လူမျိုးအများစု နေထိုင်သော ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ခရိုင်၊ မြို့နယ်၊ ကျေးရွာတို့မှ ကရင် လူမျိုး အချင်းချင်း တွေ့ဆုံ ဆွေးနွေးခွင့် ပေးရေး တို့ကို ဦးစားပေး ဆောင်ရွက်ရန် အချက် ၁၀ ချက်ကို ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။