ပြည်ထောင်စုလွှတ်တော်က အလုပ်ရှင်နှင့်အလုပ်သမား အကြား ဖြစ်ပွားလျက်ရှိသော ပြဿနာများကို ဖြေရှင်းနိုင်ရေး အတွက် အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မရှင် တရပ်ကို ဖွဲ့စည်းလိုက်ပြီး ယင်းကော်မရှင်က စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများကို ကွင်းဆင်း စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ယမန်နေ့က နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မရှင် ဖွဲ့စည်းကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က တရားဝင် ထုတ်ပြန် ကြေညာခဲ့ပြီး လွှတ်တော်ကလည်း ကန့်ကွက်သူမရှိ အတည်ပြုပေးခဲ့သည်။
အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေးလေ့လာရေး ပူးပေါင်း ကော်မရှင်သည် အလုပ်သမား အခွင့်အရေး၊ လုပ်ခလစာ၊ အချိန်ပိုကြေးနှင့် ရက်မှန်ကြေး ပေးခြင်း၊ ဖြတ်တောက်ခြင်း၊ အချိန်ပိုစေခိုင်းခြင်း၊ အလုပ်ပိတ်ရက်၊ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု၊ အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ လူမှုဖူလုံရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု အပါအဝင် အလုပ်သမား အခွင့်အရေးရာ ကိစ္စရပ်များကို လေ့လာ သုံးသပ် တင်ပြနိုင်ရန် ပြည်ထောင်စုလွှတ်တော်က ကော်မရှင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း ကော်မရှင်၏ အတွင်းရေးမှူး အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။
“ကျနော်တို့က စက်ရုံတွေဆီကို မေးခွန်းတွေ ပို့ထားပါတယ်။ အလုပ်သမား အခွင့်အရေးတွေက ဥပဒေတွေထဲမှာ တရားဝင် ရှိပေမယ့် လက်တွေ့မှာ အလုပ်သမားတွေက သိရှိမှု နည်းတာ၊ အလုပ်ရှင်တွေဘက် ချိုးဖောက်မှုတွေ ရှိနေတယ်။ အလုပ်ရှင် အလုပ်သမား ပြဿနာတွေ အားလုံးကို ကျနော်တို့ လေ့လာပြီး အစီရင်ခံစာ ဖော်ပြသွားမယ်။ အလုပ်ရှင် အလုပ်သမား ပြေလည်ဖို့နဲ့ ကုန်ထုတ် စွမ်းအားစုတွေ မြင့်မားစေလာဖို့ပါ” ဟု ဦးခိုင်မောင်ရည်က ဆိုသည်။
အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မရှင်သည် လာမည့် ရက်အနည်းငယ်အတွက် စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများသို့ ကွင်းဆင်း လေ့လာမှုများ သွားရောက် ဆောင်ရွက်မည်ဖြစ်ပြီး ကော်မရှင်နှင့်အတူ သတင်းမီဒီယာများ၊ ရုပ်သံလိုင်းများ ကိုပါ ပူးတွဲခေါ်သွားရန်ရှိသည်ဟု သိရှိရသည်။
အလုပ်သမား အခွင့်အရေးအတွက် ဆောင်ရွက်မည့်အပြင် အဓမ္မ အလုပ်စေခိုင်းမှုများ အတွက်လည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့နှင့်လည်း ချိတ်ဆက် ဆောင်ရွက်သွားရန်ရှိပြီး အလုပ်သမားများအတွက် အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေး၊ အချိန်ပိုကြေး သတ်မှတ်ရေး အပါအဝင် အလုပ်သမားနှင့် သက်ဆိုင်သော ဥပဒေများ အမြန်ဆုံး ထွက်ရှိ ရေးလည်း ဆောင်ရွက်သွားမည်ဟု သိရှိရသည်။
“လွှတ်တော်ဘက်က အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရေးအတွက် ဥပဒေတွေ ရေးဆွဲပြီးပြီ။ သမ္မတနဲ့ အစိုးရအဖွဲ့က နည်းဥပဒေတွေ ရေးဆွဲနေတုန်းလို့ သိရတယ်။ ဒါတွေကို ဇွန်လထဲမှာ အမြန်ဆုံး ထွက်မယ်လို့ သိထားတယ်။ ဒီလို အလုပ်သမား အခွင့်အရေး ကာကွယ်ပေးတဲ့ ဥပဒေတွေ အမြန်ဆုံး ထွက်ရှိရေးအတွက်လည်း ကျနော်တို့ကော်မရှင်က လုပ်ဆောင်သွားမယ်” ဟု ဦးခိုင်မောင်ရည်က ဆက်လက်ပြောသည်။
အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေးပူးပေါင်း ကော်မရှင်သည် အလုပ်သမားနှင့် အလုပ်ရှင်များအကြား ဖြစ်ပွား နေသော ပြဿနာများကို ငြိမ်းချမ်းစွာ အဖြေရှာနိုင်မည်ဟု မျှော်လင့်ကြောင်း ကော်မရှင်အဖွဲ့ဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ဧရာဝတီသို့ပြောသည်။
“ကျနော်တို့ကတော့ အလုပ်ရှင်၊ အလုပ်သမား ပြဿနာတွေ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ၎င်းက ရှင်းပြသည်။
အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မရှင်သည် ဇွန်လ ၂၅ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ထံသို့ အစီရင်ခံစာ တရပ်သွင်းရမည်ဖြစ်ပြီး အစီရင်ခံစာ တင်သွင်းခြင်းနှင့် ဆွေးနွေး ဆုံးဖြတ်ခြင်းများ ဆောင်ရွက်ပြီးသည်နှင့် ပျက်ပြယ်မည်ဖြစ်ကြောင်း သိရှိရသည်။
အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး လေ့လာရေးပူးပေါင်း ကော်မရှင်တွင် အဖွဲ့ဝင် ၂၆ ဦးပါဝင်ပြီး အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းက ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်ကြည်က ဒုတိယ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ အဖြစ် ဦးအောင်သိန်းလင်း၊ ဒေါ်ခင်ဝိုင်းကြည်၊ ဦးစိုးဟန်လင်း၊ ဦးဖုန်းမြင့်အောင်၊ ဦးဆွေအောင်၊ ဦးခင်မောင်(ခ)ဦးအောင်ကျော်ဦး၊ ဒေါက်တာမြတ်ဉာဏစိုး၊ ဦးနေဝင်း၊ ဦးမြင့်ဆွေ၊ ဦးဝင်းသိမ်း၊ ဦးထင်ဇော်၊ ဦးကျော်စန်း၊ ဦးအောင်မြင့်၊ ဒေါက်တာ တင်မေထွန်း၊ ဒေါက်တာသီတာဦး၊ ဦးကျော်စိန်၊ ဦးစန်းလွင်၊ ဦးကြည်ရှိန်၊ ဒေါ်ခင်သွယ်သွယ်မြင့်၊ ဦးသက်နိုင်ဦး၊ဦးဝင်းမြင့်၊ အတွင်းရေးမှူး အဖြစ် ဦးခိုင်မောင်ရည်၊ တွဲဘက် အတွင်းရေးမှူးအဖြစ် ဦးမြင့်သိန်းတို့ ပါဝင်ဖွဲ့စည်းထားသည်။