မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်လုပ်ဆောင်နိုင်ရန် အတွက် နှစ်ဘက်အစိုးရ အဖွဲ့တို့၏ တွေ့ဆုံပွဲများ ကို စစ်ကိုင်းတိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းနှင့် မဏိပူရ်ပြည်နယ် အကြားရှိ တမူးမြို့အစပ်တွင် မိုးရေး-နန်းဖာလုံဟု ခေါ်ဆိုသော နယ်စပ်ကုန်သွယ်စခန်း တခုရှိပြီး မြန်မာဘက်မှ ကုန်စည်များအား အိန္ဒိယနိုင်ငံသို့ အဓိက သွင်းနေခြင်းဖြစ်သည်။
“၂၀၁၃ ခုနှစ် မြန်မာ-အိန္ဒိယ ဒေသဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုပွဲလို့ နာမည် ပေးထားတယ်။ ဒီလ ၂၈၊ ၂၉ လုပ်မယ်” ဟု စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။ ဆွေးနွေးမည့် အကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ် ပြောဆိုခဲ့ခြင်း မရှိပေ။
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အိုက်ဇောမြို့တွင် အခြေစိုက်သော ခေါနူမ်းထုန် အွန်လိုင်း သတင်းဌာန၏ သတင်း တရပ်တွင်မူ ယင်းပွဲသို့ မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် Okram Ibobi တက်ရောက်မည် ဖြစ်ကြောင်း၊ မဏိပူရ်ပြည်နယ် မြို့တော် အင်ဖားနှင့် မန္တလေးမြို့ကို ခရီးသည်တင်ယာဉ် ပြေးဆွဲရန်၊ အိန္ဒိယမှ မြန်မာနိုင်ငံသို့ လျှပ်စစ်မီး ပေးရန်နှင့် ခရီးသွား လုပ်ငန်းများ တိုးချဲ့ရန် ကိစ္စရပ်များ အဓိက ဆွေးနွေးသွားရန် ရှိကြောင်း ဖော်ပြထားသည်။
ဧပြီလ ၆ ရက်နေ့က စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့တို့ မဏိပူရ်ပြည်နယ် အင်ဖားမြို့သို့ သွားရောက်ခဲ့ပြီး နှစ်ဘက်အစိုးရအဖွဲ့တို့ တွေ့ဆုံခဲ့ကြောင်း၊ ယင်းတွေ့ဆုံပွဲတွင် မဏိပူရ် အစိုးရက စစ်ကိုင်းတိုင်း၊ တမူးမြို့အား ၂၄ နာရီ မီးပေးလိုကြောင်း၊ လိုအပ်သော ထရန်စဖော်မာများ နှင့် ဓာတ်ကြိုးများ အတွက် အများပိုင် ကုမ္ပဏီများကို ဖိတ်ခေါ်သွားရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
“အင်ဖားမှာ ဝန်ကြီးချုပ်နဲ့ တွေ့တုန်းက သူတို့ဘက်က မီးပေးမယ်၊ ဒီဘက်ကို ဘတ်စ်ကားတွေ ဆွဲခွင့်ကို တောင်းဆိုတယ်။ အကြမ်းဖျဉ်း သဘောတူညီချက် ရထားပါပြီ” ဟု တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သော တမူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရွှေက ပြောသည်။
နယ်စပ် ကုန်သွယ်ရေး စခန်းမှ ဒေသခံများ၏ ပြောကြားချက်များ အရမူ အင်ဖားနှင့် မန္တလေး ပြေးဆွဲရန် အင်းဖား-တမူး-ကလေးဝ-မုံရွာ-မန္တလေးသို့ ဆက်သွယ်ထားသော ကားလမ်းမကြီး ရှိကြောင်း၊ ကားများလည်း ပြေးဆွဲရန် အဆင်သင့် ရှိနေပြီး အင်ဖားမြို့မှ ထွက်လာသော ကားများသည် မိုးရေးတွင် ခဏရပ်နားကာ တမူးမြို့မှ မန္တလေးသို့ ဆက်လက်ပြေးဆွဲ ရမည် ဖြစ်ကြောင်း သိရသည်။
အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သွယ်စခန်းအနီး၌ ကွတ်ကီ (ချင်း) လက်နက်ကိုင်အဖွဲ့၊ ကသည်းလက်နက်ကိုင် အဖွဲ့နှင့် ယင်း ကသည်းအဖွဲ့မှ ခွဲထွက်လာသော ကသည်းများလည်း ရှိပြီး မကြာခဏ တိုက်ပွဲများဖြစ်ပွားလေ့ရှိသည်။
လက်နက်ကိုင် အဖွဲ့ များပြားသည့် အလျောက် နှစ်ဘက်အစိုးရ၏ အားနည်းချက်များ ရှိနေပြီး နန်းဖာလုံဈေးတွင် မြန်မာဘက်၌ လာရောက်ခိုလှုံနေသော ကသည်း လက်နက်ကိုင် အဖွဲ့များ၏ ဆက်ကြေးတောင်း ခံရမှုများ ရှိနေကြောင်း၊ အိန္ဒိယမှ လာသော ကုန်သည်အကြီးစားများ ထံမှလည်း ငွေကြေး အများအပြား တောင်းယူခြင်း၊ ပြန်ပေးဆွဲခြင်းများ ပြုလုပ်သည့် အတွက် အရောင်းအဝယ်တွင် အခက်ခဲများ ကြုံတွေ့ရကြောင်း နန်းဖာလုံ ဈေးဆိုင်ပိုင်ရှင်များက ဆိုသည်။
“ကုန်သည်ကြီးတွေ မလာတာ ကြာတော့ ဈေးဆိုင်ပိုင်ရှင်တွေရော တနိုင်သမားတွေပါ အလုပ် မဖြစ်တာကြာပြီ။ သူပုန်နယ်မြေ ဆိုတော့ လုံခြုံရေးက စိတ်မချရဘူး” ဟု နန်းဖာလုံဈေးမှ ဆိုင်ခန်းပိုင်ရှင် တဦးဖြစ်သူ ချင်းအမျိုးသား ကိုပါခုပ်က ပြောသည်။
မဏိပူရ် ပြည်နယ်အတွင်း လုံခြုံရေး အားနည်းသော်လည်း ကျန်းမာရေး ကုသစရိတ် နည်းပါးပြီး ပညာရေးစနစ် ကောင်းမွန်ခြင်းကြောင့် မြန်မာနိုင်ငံမှ တဘက်နိုင်ငံသို့ သွားရောက်ပြီး ဆေးကုသသူများနှင့် ကျောင်းတက်သူများ များပြား ကြောင်း၊ အင်ဖားနှင့် တမူးမှာ မိုင် ၁၀၀ ခန့်သာ ဝေးပြီး ၃ နာရီခန့်သာ ကားစီးရကြောင်း သိရသည်။
“ကားလိုင်း ဆွဲမယ်ဆိုတာနဲ့ ပြည်သူတွေရဲ့ လုံခြုံရေး တာဝန်ကို မဏိပူရ်ဘက်က ယူပေးသင့်တယ်။ အခု မြန်မာဘက်ကပဲ လူတွေကို လုံခြုံရေး ပေးထားတယ်။ သူတို့ဘက်မှာက အင်ဖားနဲ့ မိုရေး ကြားမှာတင် တိုက်ပွဲလို ပြဿနာတွေဖြစ်နေတာ” ဟု တမူးမြို့နယ် ကြံ့ခိုင်ရေး ပါတီမှ တာဝန်ရှိသူ ဦးဝင်းဌေးက ပြောသည်။
၂၀၁၃ ဇန်နဝါရီလ ၁၅ ရက်နေ့က မိုးရေးတွင် လက်နက်ကိုင်အဖွဲ့တခုက တခြားတဖွဲ့၏ အကြီးအကဲအိမ်ကို လက်ပစ်ဗုံး နှစ်လုံးဖြင့် ပစ်ခတ်ဖောက်ခွဲပြီး မြန်မာဘက်သို့ ထွက်ပြေးဝင်ရောက်လာကြောင်း၊ အဆိုပါ အဖြစ်အပျက်အတွက် မိုးရေး ဒေသခံများက မကျေမနပ်ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး စခန်းအား ခုံတန်းရှည်များဖြင့် ပိတ်ဆို့ကာ သုံးရက်ကြာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း၊ ထို့ကြောင့် ကုန်စည် ရောင်းဝယ်မှုများ ပြတ်တောက် သွားခဲ့ရကြောင်း သိရသည်။
ထို့အပြင် ကသည်း လက်နက်ကိုင်များက မြန်မာပြည်ဘက်ရှိ နေအိမ်များကို ဖိအားပေး၍ ငှားရမ်းနေထိုင်နေကြပြီး ၎င်းတို့ လက်နက်ကိုင် အဖွဲ့ အချင်းချင်း ပစ်ခတ်မှုများကြောင့် ကသည်းများ သေဆုံးခဲ့ပါက မြန်မာအစိုးရက အိမ်ရှင်ကို တရားစွဲဆို ထောင်ချမှုများ ရှိနေသည်။