ရန်ကုန်ကို စင်္ကာပူလို ဖြစ်စေရမည်ဟု သမ္မတ ဦးသိန်းစိန်အပါအဝင် အစိုးရခေါင်းဆောင်များက မကြာခဏ ပြောဆိုသော်လည်း ရန်ကုန်မြို့၏ ခေတ်မမီသော စည်ပင်သာယာစနစ်နှင့် ရန်ကုန်သူ ရန်ကုန်သားတို့၏ အမှိုက်ကို စနစ်တကျ မစွန့်ပစ်တတ်မှုတို့က ရန်ကုန်ကို မည်သို့မျှ အရောင်မထွက်စေဘဲ ဖျားနာအိုမင်းနေသောမြို့အဆင့်က ရုန်းမလွတ်ဖြစ်နေသည်မှာ အများအသိပင်။
မြို့ကို သန့်ရှင်းစိုပြေစေချင်သော စေတနာဖြင့် ရန်ကုန်လူထုကို ပညာပေးရန် ရည်ရွယ်၍ လူမှုရေးသမားများ၊ ဂီတပညာရှင်များ၊ စာပေနှင့် စာနယ်ဇင်းပညာရှင်များ လက်တွဲကာ လူသွားလူလာ ရုံးတက် ရုံးဆင်း ထူထပ်များပြားလှသော ရန်ကုန်မြို့လည်တွင် အမှိုက်ကောက်မည်ဆိုသည်မှာ အလွန်ကောင်းမွန်သော အစီအစဉ်ပင်။ ထိုမှတဆင့် ရပ်ကွက်များ မြို့နယ်များသို့ ပြန့်ပွားပြီး လူကြီး ကလေးမကျန် အမှိုက်ကို စနစ်တကျ စွန့်ပစ်လာလျှင် ရန်ကုန် စည်ပင်သာယာရေး ကော်မတီအတွက်လည်း တဖက်တလမ်းက အထောက်အကူဖြစ်ပေမည်။
သို့သော် ယင်းသို့ စေတနာဖြင့် နာရေးကူညီမှုအသင်းနှင့် စာပေပညာရှင်များ၊ ဂီတပညာရှင်များပူးပေါင်းကာ ရန်ကုန်မြို့တွင်းတွင် အမှိုက်ကောက်မည့် အစီအစဉ်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တားမြစ်ခဲ့ကြောင်း အဆိုပါအစီအစဉ်တွင် ဦးဆောင်လှုပ် ရှားခဲ့သည့် နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူက ပြောသည်။
“ ကိုကျော်သူကို အသုဘချခွင့်ပြုထားတယ်၊ အမှိုက်ကောက်မယ့်ကိစ္စကိုတော့ ရပ်ပေးပါလို့ ဌာနမှူးက ကောက်မယ့် မေလ၁၈ ရက် မနက်ကျမှ ကိုယ်တိုင်ဖုန်းဆက်လာတယ်၊ ဘာလို့တားတယ်ဆိုတာ မသိပေမယ့် အသင်းအဖွဲ့အနေနဲ့ ယူနီ ဖောင်းဝတ်ပြီး မလုပ်ဖို့ ပြောတယ်၊ ဒါဆို ကျော်သူ တယောက်တည်း မြို့တော်ခန်းမရှေ့ အမှိုက်ကောက်ဖို့ လုပ်ရမှာလား။ ”ဟု ဦးကျော်သူက ဧရာဝတီသို့ပြောသည်။
မေလမှ စတင်ပြီး တပတ်လျှင်တကြိမ် ရန်ကုန်မြို့တွင်းရှိ မြို့နယ်များတွင် အမှိုက်ကောက်ပြီး ပြည်သူလူထုကို အသိပညာ၊ ဗဟုသုတပေးမည့် ၎င်းအစီအစဉ်ကို မေ ၁၁ ရက်က ဗိုလ်တထောင်ဆိပ်ကမ်းမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့တို့တွင် ပထမ အကြိမ်အဖြစ် ကောက်ခွင့်ရရှိခဲ့သော်လည်း ဒုတိယအကြိမ် ဆောင်ရွက်မည့် ကျောက်တံတားနှင့် ရန်ကုန်မြို့တော်ခန်းမ ရှေ့တွင် ကောက်မည့် အစီအစဉ်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တားမြစ်ခဲ့သည်။
ဧရာဝတီက ရန်ကုန် စည်ပင်သာယာရေးသို့ မည်သည့်အတွက်ကြောင့် တားမြစ်ရကြောင်း မေးမြန်းရာ“ လောလောဆယ်တော့ မဖြေနိုင်သေးဘူး၊ ကိုယ်တိုင်ကလည်း ကျော်သူနဲ့ မတွေ့ရသေးဘူး၊ အမှိုက်ကောက်တာကို တားမြစ်ခဲ့တဲ့ ကိစ္စကို စာတစောင်ထုတ်ပေးဖို့ကတော့ နက်ဖြန်လောက်မှ ဖြစ်မယ်”ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဌာနမှူး ဦးသန်းလွင်ဦးက ဆိုသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်က နိုင်ငံတော်ထူထောင်ရာတွင် အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ အင်အား လိုအပ်သည်ဟု ဆိုနေသော်လည်း အောက်ခြေအဆင့်တွင် တကယ် အလုပ်မဖြစ်ဟု ဦးကျော်သူက ဆိုသည်။ ယခု အမှိုက်ကောက်မည့် အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ် အုပ်ချုပ်ရေးရုံးများသို့ ကောက်မည့်မြို့နယ်စာရင်းများကို စာတင်ခဲ့သည်။
“ အမှိုက်ကောက်တဲ့ အသေးအဖွဲကိစ္စကိုတောင် လုပ်ခွင့်မပေးဘူးဆိုတော့ နိုင်ငံတော်ထူထောင်တဲ့နေရာ အကြီးအမားကိစ္စဆိုရင် မစဉ်းစားရဲဘူး”ဟု ဦးကျော်သူက ပြောသည်။
အမှိုက်ကောက်ရာတွင် ပါဝင်ခဲ့သည့် မကြာသေးမီက အကျဉ်းထောင်မှ ပြန်လွတ်လာသူ ဦးနေမျိုးဇင်ကလည်း ယခုကဲ့သို့ အများပြည်သူ အကျိုးစီးပွား ရှေးရှု၍ လုပ်ဆောင်ချက်ကို ပိတ်ပင်မှုသည် အလွန် ရှက်စရာကောင်းသည်ဟု ပြောသည်။
“ ဘာပဲပြောပြော တာဝန်ရှိသူတွေ စိတ်ထဲကိုတော့ ရှက်ဖို့ သိပ်ကောင်းတယ်ဆိုတဲ့ အသိတခု ပို့ပေးလိုက်နိုင်တယ်လို့ ထင်တယ်။ မြို့ပြသာယာဖို့ လူထုအသိရှိဖို့၊ စည်းကမ်းရှိဖို့ သက်ဆိုင်ရာက တာဝန်ယူ အသိပေးဖို့ ပျက်ကွက်နေတာကို ကျနော်တို့တွေက ဖြည့်ဆည်းဖို့ လုပ်ခဲ့တာ။ တားမြစ်ခံရပေမယ့် သူတို့အနေနဲ့တော့ တာဝန်သိစိတ်နဲ့ ရှက်တဲ့စိတ်လေး နည်းနည်းတော့ ပေါ်လာလိမ့်မယ်လို့ ထင်ပါတယ်” ဟု ဦးနေမျိုးဇင်က ပြောသည်။
အမှိုက်ကောက် အစီအစဉ်တွင် ပါဝင်ခဲ့သူ ပန်းရဲ့လမ်း ဂီတကွန်ရက်မှ ဦးရဲလွင်ကလည်း “ကျနော်တို့က ကိုယ့်တာဝန်ကိုယ် သိတတ်ဖို့ အမှိုက်မပစ်ဖို့ကို ပညာပေးချင်တဲ့သဘောပါပဲ။ အခုလို တားမြစ်တာကတော့ စေတနာကို နားမလည်တာပေါ့”ဟု ဧရာဝတီကို ပြောဆိုသည်။