သမ္မတဦးသိန်းစိန်၏ ဦးဆောင်မှုနှင့် လျှောက်လှမ်းနေသော မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းသစ် အောင်မြင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက အားပေးထောက်ခံသွားမည်ဖြစ်ကြောင်းနှင့် မွတ်စလင်လူနည်းစုတို့အပေါ် လေးစား ကူညီ စောင့်ရှောက်ရန် အမေရိကန်သမ္မတ အိုးဘားမားက ပြောဆိုလိုက်သည်။
မေလ ၂၀ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ သမ္မတအိမ်ဖြူတော်ရှိ ဘဲဥပုံ ရုံးခန်းတွင် သမ္မတအိုဘားမားနှင့် သမ္မတဦးသိန်းစိန်တို့ သမိုင်းဝင် တွေ့ဆုံကြစဉ် သမ္မတအိုဘားမားက ယင်းသို့ပြောဆိုလိုက်ခြင်းဖြစ်ပြီး အမေရိကန်သမ္မတအနေဖြင့် အစဉ်အဆက် သုံးစွဲခဲ့သော “Burma” အသုံးအနှုန်းအစား “Myanmar” ဟု တရားဝင် ပြောင်းလဲသုံးစွဲခဲ့သည်။
မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ နိုင်ငံရေးတွင် အားလုံးပါဝင် ဆောင်ရွက်နေခြင်း၊ ယုံကြည်လောက်သော ရွေးကောက်ပွဲကျင်းပခဲ့ခြင်း၊ လူမျိုးစုပြသနာနှင့် ပဋိပက္ခများဖြေရှင်းရေး လုပ်ဆောင်နေခြင်း၊ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်နေခြင်းအပါအဝင် ပြုပြင်ပြောင်းလဲမှုများကြောင့် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများကို ဖြေလျော့ပေးခဲ့ကြောင်း၊ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းသစ်အောင်မြင်ရေး အမေရိကန်က ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း၊ သို့ရာတွင် ဒီမိုကရေစီလမ်းကြောင်းသည် ရှည်လျားသော ခရီးတခုဖြစ်ကြောင်း သမ္မတအိုးဘားမားက ပြောသည်။
“သမ္မတကြီး ဦးသိန်းစိန်ကတော့ နောင်ကို ဆက်ပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း လွှတ်ပေးမယ်။ နောက်ပြီးတော့ လူမျိုးစု ပြဿနာတွေ ဖြစ်နေတဲ့ ကိစ္စတွေမှာလည်းပဲ အပစ်အခတ် ရပ်စဲရုံတင်မဟုတ်ဘဲနဲ့ သူတို့လည်း နိုင်ငံရေးမှာ ပါဝင်ပူးပေါင်းနိုင်အောင်၊ ဆောင်ရွက်နိုင်အောင် လုပ်မယ်လို့ ပြောသွားပါတယ်။ သမ္မတကြီးရဲ့ ဦးဆောင်မှုနဲ့ ဒီ လမ်းကြောင်းသစ်ကို သွားနေတဲ့ကိစ္စမှာ အောင်အောင်မြင်မြင်ဖြစ်အောင်လည်း ကျနော်တို့က အားပေးပါမယ်။ သမ္မတကြီး ဦးသိန်းစိန် ပြောသလိုပါပဲ၊ ဒါက အင်မတန်မှ ရှည်လျားတဲ့ ခရီး ဖြစ်ပါတယ်။ အဲ့တော့ တော်တော်လေးတော့ လုပ်ယူရပါလိမ့်မယ်”ဟု စကားပြန်က တဆင့် သမ္မတ အိုဘားမားက ဆိုသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော မွတ်စလင်လူနည်းစုအပေါ် အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး သမ္မတနှစ်ဦးက ထည့်သွင်းဆွေးနွေးကြပြီး နိုင်ငံတကာက အကူအညီပေးရေးနှင့် မွတ်စလင်လူနည်းစုအပေါ် လေးလေးစားစား ဆက်ဆံရန်ကိစ္စများလည်း ထည့်သွင်းဆွေးနွေးကြကြောင်း သိရှိရသည်။
“မြန်မာနိုင်ငံမှာ မွတ်စလင်တွေအပေါ်မှာ အကြမ်းဖက်မှုတွေ ဖြစ်တဲ့ကိစ္စနဲ့ပတ်သက်လို့လည်း ကျနော် သမ္မတကြီးနဲ့ ဆွေးနွေးခဲ့ပါတယ်။ အဲ့တော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ သူတို့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေ၊ နောက်ပြီးတော့ ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့ ဆက်လက်ပြီးတော့ အကူအညီ ပေးဖို့အတွက် ကျနော်တို့ သဘောတူကြပါတယ်။ နိုင်ငံတကာကလည်း ကူညီပေးနေတာ ဖြစ်ပါတယ်။ နောက်တခုကတော့ သူတို့ကို လေးလေးစားစား ဆက်ဆံဖို့ကိစ္စတွေလည်း ပါဝင်တယ်”ဟု အိုဘားမားက ဆိုသည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး အကူအညီများ ပေးအပ်မည်ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေး တိုးတက်ရေး၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပြုပြင်ရေးတို့ကို ကူညီဆောင်ရွက်ပေးမည်ဟု အိုဘားမားက ဆိုသည်။
သမ္မတ ဦးသိန်းစိန်ကမူ မြန်မာနိုင်ငံအနေဖြင့် အစိုးရသက်တမ်း ၂ နှစ်တာ ကာလအတွင်း နိုင်ငံရေး စိးပွားရေး ပြုပြင်ပြောင်းလဲမှုများ ကို ဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီနှင့်ပတ်သက်ပြီး အတွေ့အကြုံ အလေ့အကျင့် နည်းပါးသေးသည့်အတွက် အောင်မြင်မှုများရှိသကဲ့သို့ အခက်အခဲ စိန်ခေါ်မှုရှိကြောင်း၊ မြန်မာနိုင်ငံသည် ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်မားနေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ ပြည်သူများတွင် ဒီမိုကရေစီအတွေ့အကြုံနှင့် အလေ့အကျင့်များ နည်းပါးနေဆဲဖြစ်ကြောင်း၊ သို့ရာတွင် အမေရိကန်သမ္မတ အိုဘားမားမကြာခဏ ပြောဆိုဖူးသော “Move Forward” ဆိုသော စကား အတိုင်း ဒီမိုကရေစီစနစ်ရှင်သန် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
“ဒီမိုကရေစီရှေ့ကို ဆက်လက်ပြီးတော့ ရှင်သန်ဖွံ့ဖြိုးဖို့အတွက် ကျနော်တို့ ဒီ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ၊ ဒါတွေကို ကျနော်တို့ လုပ်နေပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေးဆိုတာ တစ်ခုနဲ့တစ်ခု ကျနော်တို့ ခွဲခြားလို့ မရပါဘူး။ ကျနော်တို့ ခွန်အားနဲ့ ကျနော်တို့နိုင်ငံအတွက် လုပ်နေသလို တဘက်ကလည်း ကျနော်တို့ကို ထောက်ခံအားပေးတဲ့ ပြည်ပရဲ့ ခွန်အားတွေကိုပါ ကျနော်တို့ ရယူပြီးတော့မှ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ပြောချင်တာကတော့ ဒီမိုကရေစီစနစ် ရှေ့ကို ဆက်လက်ပြီးတော့ ရှင်သန်ဖွံ့ဖြိုးဖို့အတွက် သမ္မတကြီး မကြာခဏ ပြောဖူးသလိုပါပဲ Forward ဆိုတဲ့အတိုင်းပဲ ကျနော်တို့ရဲ့ ဒါ Move Forward ဆိုပြီး ဆက်ပြီးတော့ သွားမှာဖြစ်ပါတယ်” ဟု ဦးသိန်းစိန်က ဆိုသည်။
အမေရိကန်သမ္မတ အိုဘားမားက ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် အလည်အပတ်ခရီးစဉ်လာရောက်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် သမိုင်းဝင်မိန့်ခွန်းပြောကြားခဲ့သည်။
သမ္မတဦးသိန်းစိန်သည် အမေရိကန်ခရီးစဉ်အတွင်း ဂျွန်ဟော့ပ်စကင်းတက္ကသိုလ်တွင် မိန့်ခွန်းပြောကြားခြင်း၊ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီနှင့် တွေ့ဆုံခြင်း၊ အမေရိကန် ကုန်သည်ကြီးများအသင်း တွေ့ဆုံပွဲတွင် မိန့်ခွန်းပြောကြားခဲ့သေးသည်။
ခရီးစဉ်တွင် လိုက်ပါသွားသူ သမ္မတဦးသိန်းစိန်၏ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒု ဝန်ကြီးဦးရဲထွဋ်က သူ၏ Facebook စာမျက်နှာတွင် “အမေရိကန် ကုန်သည်ကြီးများ အသင်းရဲ့ ညစာစားပွဲမှာ သမ္မတကြီး မိန့် ခွန်းပြောပါတယ်။ မိန့်ခွန်းပြောအပြီးမှာတော့ ဧည့်ပရိသတ်က သမ္မတကြီး သူ့ရဲ့ စားပွဲကို ပြန်ရောက်တဲ့အထိ မတ်တပ်ရပ်ကာ လက်ခုတ်သြဘာပေးခဲ့ကြပါတယ်။ ဒီလက်ခုပ်သံတွေဟာ သမ္မတကြီးအတွက်သာမဟုတ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းမှာ ပါဝင်နေတဲ့ ဒီမိုကရေစီကို နှစ်သက်လိုလားစွာ အကောင်အထည်ဖော်နေတဲ့ မြန်မာပြည်သူများ အတွက်ဖြစ်တယ်လို့ ခံစားမိပါတယ်။ ကျနော့်ဘေးမှာ ထိုင်တဲ့ ဂျွန်ဟော့ကင်းတက္ကသိုလ်က ဆရာမကြီးက ပုခုံးကိုပုတ်ပြီး မြန်မာဟာ သူ့ နေရာကို သူပြန်ရပြီလို့ ပြောလိုက်တော့ မြန်မာနိုင်ငံသစ်အတွက် မျက်ရည်လည်အောင် ဂုဏ်ယူမိပါတယ်” ဟု ရေးသားထားသည်။