သတင်း

RNDP နှစ်ပတ်လည် အစည်းအဝေးတွင် လာမည့် ရွေးကောက်ပွဲ အတွက် ကြိုပြင်မည်

This article has been converted from Zawgyi One to Unicode

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ၏ ဗဟိုအလုပ်မှုဆောင် နှစ်ပတ်လည် အစည်းအဝေး၌ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်ရမည့် အချက်များကို အလေးထား ဆွေးနွေးကြမည်ဟု သိရသည်။

RNDP ၏ ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးကို ရခိုင်ပြည်နယ် အမ်းမြို့၌ မေလ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း၊ အစည်းအဝေး၌ ၂၀၁၅ ရွေးကောက်ပွဲအတွက် မြို့နယ်အလိုက် ကြိုတင်ပြင်ဆင်ရမည့် ကိစ္စများ၊ ပါတီနှင့် လူထုအကြား ထိတွေ့ ဆက်ဆံရေး အခြေအနေ၊ စည်းရုံးရေး အခြေအနေ၊ ပါတီ၏ တနှစ်အတွင်း လုပ်ဆောင်ချက်များကိုလည်း ဆွေးနွေးသုံးသပ်ကြမည်ဟု ပါတီ၏ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ဧရာဝတီသို့ ပြောသည်။

“၂၀၁၅ ရွေးကောက်ပွဲကလည်း နီးလာပြီဆိုတော့ အဲဒီအတွက် ဘာတွေကြိုတင်ပြင်ဆင်မလဲ၊ ပြည်သူတွေအတွက် ဘာတွေ လုပ်ပေးရမလဲ၊ ပြည်သူတွေ ဘာတွေ လိုအပ်နေကြလဲ ဆိုတာတွေကို မြို့နယ်အလိုက် အသေးစိတ် ဆွေးနွေး တင်ပြကြဖို့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စု အဆင့်လွှတ်တော် အသီးသီးနှင့် ပြည်နယ်လွှတ်တော်တို့၌ RNDP မှ ကိုယ်စားလှယ်များ၏ တင်ပြ ဆွေးနွေးမှုများအနက် အောင်မြင်သည့် အချက်၊ မအောင်မြင်သည့်အချက် စသည်တို့ကိုလည်း လွှတ်တော် ကိုယ်စားလှယ်များက သုံးသပ်ဆွေးနွေးကြမည် ဖြစ်သည်။

ထို့အတူ ရခိုင်ပြည်တဝန်းမှ အဓမ္မ သိမ်းဆည်းခံထားရသည့် လယ်ယာမြေများနှင့် ပတ်သက်၍ ပါတီ၏ ဆောင်ရွက်ပေးနိုင်သည့် အခြေအနေ၊ လယ်ယာမြေ သိမ်းခံရခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရ၏ အလေးထား လုပ်ဆောင်ပေးမှု ရှိ မရှိနှင့်ပြည်နယ် အစိုးရ၏ ရခိုင်ပြည်တွင်း လုပ်ဆောင်ထားမှုများ မည်သည့် အတိုင်းအတာ အထိ ရှိသည်ကိုလည်း ဆွေးနွေးကြမည်ဟု သိရသည်။

RNDP ပါတီ၏ ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးသို့ ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင် ၄၅ ဦးနှင့် ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်ဥက္ကဋ္ဌများ၊ ပါတီဝင်တချို့နှင့် ဖိတ်ထားသည့် ဧည့်သည်များ စသည်ဖြင့် လူဦးရေ ၁၀၀ ကျော် တက်ရောက်မည်ဟု ဦးခိုင်ပြည်စိုးက ပြောသည်။

RNDP ပါတီသည် ၂၀၁၀ ရွေး ကောက်ပွဲ၌ ကိုယ်စားလှယ် ၄၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၃၅ ဦး အနိုင်ရခဲ့ပြီး ရခိုင်ပြည်သူများ၏ ထောက်ခံမှု အများဆုံး ရရှိခဲ့သည့် ရခိုင်နိုင်ငံရေးပါတီ တခုလည်း ဖြစ်သည်။

သို့သော် ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တချို့နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် RNDP ပါတီ၏ ဝန်ကြီး တချို့သည် ဒေသခံ ရခိုင်ပြည်သူများ အကျိုးထက် ၎င်းတို့၏ အကျိုးစီးပွားအတွက်သာ လုပ်ဆောင်နေခြင်းများ ရှိနေကြောင်းလည်း  ရခိုင်ဒေသခံများက ဧရာဝတီသို့ ပြောသည်။

RNDP ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသား အင်အားစု ပါတီ၊ မြို၊ ခမီး၊ ကမန် စသည့် တခြားတိုင်းရင်းသား ပါတီများနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ရခိုင်ပြည်၌ ရခိုင်တိုင်းရင်းသားများ ကိုယ်စားပြုသည့် အင်အားကြီး နိုင်ငံရေးပါတီ ၂ ခု ဖြစ်သော ၁၉၉၀ ရွေးကောက်ပွဲ အနိုင် ရ (ALD  နှင့် ၂၀၁၀ အနိုင်ရ RNDP တို့အား ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ပူးပေါင်းကြရန် ပြည်တွင်း၊ ပြည်ပရှိ ရခိုင် လူမျိုးများက တောင်းဆိုနေကြသည့်တိုင် ယနေ့အထိ ပူးပေါင်းနိုင်ခြင်း မရှိသေးပေ။ ပါတီ ၂ ခုအား တပါတီတည်း ဖြစ်ရေးကို နှစ်ဘက်စလုံးက ဆွေးနွေးနေကြဆဲဟုသာ အသီးသီး သဘောထား ထုတ်ပြန်ထားကြသည်။

Loading