Crime

မိတီ္ထလာ လူသတ်မှု နှစ်ရှည် ထောင်ဒဏ်များချ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မိတ္ထီလာမြို့ အဓိကရုဏ်းတွင် ဘုန်းတော်ကြီး ဦးသောဘိတကို သတ်မှုဖြင့် တရားစွဲဆိုခံရသူ ၇ ဦးကို ယနေ့ မေလ ၂၁ ရက်နေ့တွင် ထောင်ဒဏ် တသက်တကျွန်းအပါအဝင် ပြစ်ဒဏ် အသီးသီးကို ခရိုင်တရားရုံးက ချမှတ်လိုက်ပြီဖြစ်သည်။

တရားခံ ၇ ဦးကို ပြစ်ဒဏ် ချမှတ်လိုက်သော်လည်း ­­­အဓိက တရားခံ ၄ ဦးလွတ်မြောက်နေသေးခြင်းက အငြင်းပွားစရာဖြစ် နေသေးကြောင်း ၎င်းတို့၏ရှေ့နေ ဦးသိန်းသန်းဦးက ဧရာဝတီသို့ ပြောသည်။

“ အမိန့်ချတာမှာ ပြစ်ဒဏ်နဲ့ပြောစရာရှိတာဆိုလို့ တစ်ဖက်နဲ့ တစ်ဖက် ထွက်ဆိုတာချင်း မတူတာပဲ ရှိတယ်။ တရားရုံးရဲ့ စစ်ဆေးတာလည်း ပွင့်လင်းမြင်သာတယ်။ ဥပဒေနဲ့လည်း ညီပါတယ်။ ပြစ်ဒဏ်ချခံလိုက်ရတဲ့သူတွေထဲက ၁၀ နှစ်အထိ ချ မှတ်ခံရတဲ့သူတွေ မိတ္ထီလာထောင်မှာပဲ ထားမှာ။ ၁၀ နှစ်အထက်ကိုတော့ မြင်းခြံထောင်မှာထားမှာ” ဟု ၎င်းက ဆိုသည်။

အဓိက တရားခံ ကိုမြတ်ကိုကို(ခ) အဏ္ဏဝါကို ခရိုင်တရားရုံးမှ လူသတ်မှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အလုပ်နှင့် ထောင်ဒဏ် တသက်တကျွန်း( နှစ် ၂၀ ) ၊ သာသနာညှိုးနွမ်းစေမှု ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၅ အရ ထောင်ဒဏ် ၂ နှစ်နှင့် တရားမဝင် လူစုလူဝေးဖြင့် ဆူပူဖန်တီးမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၄ အရ ထောင်ဒဏ် ၂ နှစ်ဖြင့် စုစုပေါင်း ထောင်ဒဏ် ၂၄ နှစ် ချမှတ်လိုက်သည်။

တရားခံ မျိုးထွန်းထွန်း၊ မျိးချစ်(ခ)မျိုးညွန့်ဦး၊ ဖိုးချို တို့ ၃ ဦးကို လူသတ်မှု အားပေးကူညီမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ  ၃၀၂/၁၁၄ အရ ထောင်ဒဏ် ၁၀ နှစ်၊ သာသနာညှိုးနွမ်းစေမှု ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၅ အရ ထောင်ဒဏ် ၂ နှစ်နှင့် တရားမဝင် လူစုလူဝေးဖြင့် ဆူပူဖန်တီးမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၄ အရ ထောင်ဒဏ် ၂ နှစ်ဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၄ နှစ်ကို ခရိုင်တရားရုံးမှ ချမှတ်လိုက်သည်။

ထို့အပြင် တခြားတရားခံ ဇော်ထက်နိုင်နှင့် မျိုးဝင်း(ခ)ဒါဂျိဂန်တို့ ၂ ဦးကို တရားမဝင် လူစုလူဝေးဖြင့် ဆူပူဖန်တီးမှု ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၁၄၄ အရ ထောင်ဒဏ် ၂ နှစ်စီ ခရိုင်တရားရုံးမှ ချမှတ်လိုက်သည်။

မြို့နယ်တရားရုံးမှ အဆိုပါ တရားခံ ၇ ဦးထဲမှ ၃ ဦးကို ထပ်မံတရားစွဲဆို ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း ၎င်းတို့၏ ရှေ့နေ ဦးသိန်းသန်းဦးက ဆိုသည်။

မြို့နယ်တရားရုံးမှ တရားခံ ဇော်ထက်နိုင်နှင့် မျိုးထွန်းထွန်းတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ) အရ ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်လိုက်သောကြောင့် တရားခံ ဇော်ထက်နိုင်သည် စုစုပေါင်း ထောင်ဒဏ် ၄ နှစ်၊ မျိုးထွန်းထွန်းသည် ထောင်ဒဏ် ၁၆ နှစ်ဖြစ်သွားကြောင်း၊ တရားခံ ဖိုးချိုကို ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုဖြင့် ထောင်ဒဏ် ၇ နှစ်၊ ပညာရေးမှူးရုံးကို မီးရှို့ရာ တွင် အားပေးကူညီမှုဖြင့် ထောင်ဒဏ် ၇ နှစ် ထပ်မံချမှတ်လိုက်သောကြောင့် စုစုပေါင်း ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံရ ကြောင်း သိရသည်။

အသက်မပြည့်သေးသည် တရားခံ ညီညီနိုင်ကို ကလေးသူငယ်တရားရုံးမှ ထောင်ဒဏ် ၇ နှစ်၊ ပုဒ်မ ၁၄၄ အရ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၂၉၅(က) အရ ထောင်ဒဏ် ၂ နှစ် ကို ပြစ်ဒဏ် ၃ ရပ်လုံး တပေါင်းထဲ ကျခံစေရန် အမိန့်ချမှတ် ခဲ့သည်။

“ ညီညီနိုင်ကတော့ စုစုပေါင်း ၁၁ နှစ် ချမှတ်တယ်ဆိုပေမယ့် ကလေးသူငယ်တွေကို ၇ နှစ်ထက် အများဆုံး ပိုချလို့မရတဲ့ အတွက် သူက ၇ နှစ်ပဲ ကျခံရမှာပါ” ဟု ရှေ့နေ ဦးသိန်းသန်းဦးက ဆိုသည်။

ထို့အပြင် အဓိကရုဏ်း ဖြစ်ပွားခဲ့သော ဒေသများတွင် ထုတ်ပြန်ထားသော အရေးပေါ်ပုဒ်မ ၁၄၄ ထုတ်ပြန်ချက်ကို ထပ်မံ သက်တမ်းတိုးရန်အတွက် ယနေ့တွင်ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုလိုက်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်၏ အရေးပေါ် အစည်းအဝေးတွင် သက်တမ်းတိုးသင့် မသင့်နှင့် ပက်သက်ပြီး လွှတ်တော်ကိုယ် စားလှယ် ၁၃ ဦးမှ ဆွေးနွေးတင်ပြကြပြီး နောက်ဆုံး အတည်ပြုလိုက်ခြင်းဖြစ်သည်။

ဆွေးနွေးကြသူ လွှတ်တော်ကိုယ်စားလှယ်များတွင် အများစုက သက်တမ်းတိုးရန် ထောက်ခံဆွေးနွေးခဲ့ကြကြောင်း၊ ထုတ် ပြန်ချက်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်သောကြောင့်  မိမိအနေဖြင့် ထောက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဆိုသည်။

ထိုသို့ မိတ္ထီလာမြို့နယ်တွင် အရေးပေါ်ပုဒ်မ ၁၄၄ ကို သက်တမ်းတိုးရန်လိုအပ်မည်ဟု ထင်မြင်ကြောင်း၊  လက်ရှိအနေအ ထားအရ ပြန်လည်နေရာချထားရေးလုပ်ငန်းများကို လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း မိတ္ထီလာခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး  ဦးတင်မောင်စိုးက  ဧရာဝတီသို့ ပြောသည်။

ထို့အပြင် အစ္စလမ်ဘာသာဝင် ဒုက္ခသည်များ နေရပ်ပြန်ရာတွင် ဒေသခံတချို့၏ လက်မခံသော အခြေအနေကြောင့် နေရပ် မပြန်နိုင်ခြင်းများလည်း ရှိနေသေးကြောင်း၎င်းက ဆက်ပြောသည်။

“ ဘုန်းကြီးကျောင်းနဲ့ နီးတဲ့နေရာတို့၊ အဓိကရုဏ်းဖြစ်ခဲ့တဲ့ နေရာတို့က ဒေသခံတွေက အစ္စလမ်ဒုက္ခသည်တွေကို လက်မခံသေးဘူး။ နောက်ပြီး  ကြောက်လန့်တကြားနဲ့ တခြားနေရာတွေကို ထွက်ပြေးသွားတဲ့သူတွေကိုလည်း ပြန်လက်ခံဖို့လုပ်ရဦးမယ်” ဟု ဦးတင်မောင်စိုးက ဆိုသည်။

လက်ရှိ မိတ္ထီလာပဋိပက္ခကြောင့် ဗုဒ္ဓဘာသာနှင့် အစ္စလမ်ဘာသာဝင် စုစုပေါင်း ၇၄ ဦးကိုဖမ်းဆီးကာ ဥပဒေအရ တရားရုံးတင် အမှုဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း၊ အဆိုပါ အမှုများတွင် လူသတ်မှုက အများဆုံးဖြစ်ကြောင်း၊ နေအိမ်များ၊ ဆိုင်ခန်းများကို ဖျက်ဆီးမှု၊ မီးရှို့မှုများလည်း ပါဝင်ကြောင်း ခရိုင် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ထို့အပြင် ယနေ့အချိန်အထိ ဖမ်းဆီးထားသူများထဲမှ အမိန့်ချ အရေးယူခဲ့သူများမှာ ရွှေဆိုင်ပိုင်ရှင်အပါအဝင် ၃ ဦးနှင့် ယခု ဘုန်းတော်ကြီးကို သတ်သည့်အမှုမှ ၇ ဦးတို့သာရှိသေးပြီး တခြားသူများကိုလည်း မကြာခင်အချိန်အတွင်း အမိန့်ချ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading