ရန်ကုန်မြို့လယ် ကုန်သည်ကြီးများ ဟိုတယ် တိုးချဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို နေ့ည အဆက်မပြတ် လည်ပတ်နေခြင်းကြောင့် အနီးဝန်းကျင်ရှိ ပန်းဘဲတန်းမြို့နယ် ၃၂ လမ်း အပေါ်ဘလောက်အတွင်း နေထိုင်နေသူများ အဆင်မပြေမှုများ ကြုံတွေ့နေရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလက စတင်ခဲ့သည့် ယင်းဆောက်လုပ်ရေးလုပ်ငန်းခွင်သည် မြေတူးဖော်ခြင်း၊ ဖောင်ဒေးရှင်းတိုင်များ စိုက်ထူခြင်းလုပ်ငန်းများကို ပြုလုပ်လျက်ရှိခြင်းကြောင့် လူခြေတိတ်ဆိတ်သည့် ညများတွင် နေအိမ်များ တုန်ခါခြင်းနှင့် အသံကျယ်လောင်ခြင်းများကို ကြုံတွေ့နေရကြောင်း ၃၂ လမ်းရှိ အထပ်မြင့် အဆောက်အအုံများတွင် နေထိုင်သူများကပြောသည်။
သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ၏ အိပ်ချိန်ကို ထိခိုက်ခြင်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ရေဆိုးများလမ်းအတွင်းသို့ ဖောက်ချခြင်းများကြောင့် ယင်းကိစ္စနှင့်ပတ်သက်၍ ရပ်ကွက်နေ အိမ်ထောင်စု ၂၀ ကျော် လက်မှတ်ရေးထိုးကာ ပန်းဘဲတန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှတဆင့် မြို့ရွာနှင့် အိုးအိမ် စီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပန်းဘဲတန်း ရဲစခန်းသို့ အသိပေး အကြောင်းကြားစာ ပို့ထားကြောင်း ၃၂လမ်းတွင် နေထိုင်သူ အမည်မဖော်လိုသူ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးကပြောသည်။
“ကျနော်တို့ကလည်း သူများစီးပွားရေးကို ထိခိုက်စေချင်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် အချိန်နဲ့လုပ်စေချင်တယ်။ အခုက မနက် ၆ နာရီကတည်းက စလုပ် လိုက်တာ နောက်နေ့ မနက် ၅ နာရီလောက်မှာ ခဏနားပြီး၊ ဆက်လုပ်တယ်။ ကျနော်မှာ ဗီဒီယိုရိုက်ထားတာရှိပါတယ်။ ကျနော်တို့ စာပို့ထားတာ ၁ ပတ် ကျော်ပါပြီ။ ခုချိန်ထိ အကြောင်းမပြန် သေးပါဘူး”ဟု အဆိုပါ အမျိုးသားက ဧရာဝတီသို့ပြောသည်။
ထို့ပြင် အသက် ၆၀ ဝန်းကျင်အမျိုးသမီးကြီးတစ်ဦးကလည်း “ အန်တီတို့ကလည်း ညဘက် ၉ နာရီ၊ ၁၀ နာရီလောက်နဲ့ ရပ်တယ်ဆိုရင် မပြောပါဘူးကွယ်။ အခုက ညညဆို အိပ်လို့မရဘူး” ဟုပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းများကို ပြုလုပ်မည်ဆိုပါက အလုပ်ချိန်နှင့်ပတ်သက်၍ မည်သို့ သတ်မှတ်ချက်ရှိကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီ သို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ အင်ဂျင်နီယာဋ္ဌာန(အဆောက်အဦ)မှ လက်ထောက်ဋ္ဌာနမှူး ဦးနေဝင်းက “ ဋ္ဌာနကတော့ ပုံမှန်အလုပ်ချိန်အတိုင်းပဲ ဆောက်လုပ်ခွင့်ပြုပါတယ်။ တကယ်လို့ အလုပ်တွင်ကျယ်ချင်လို့ ညဆိုင်းနဲ့ ဆက်လုပ်မယ်ဆိုရင် ပတ်ဝန်းကျင်က လူထုနဲ့ ညှိနှိုင်းပြီး သဘောတူညီချက် ရဖို့လိုပါတယ်”ဟု ပြောသည်။
ပတ်ဝန်းကျင် လက်မခံနိုင်သောကိစ္စများ ပြုလုပ်ပါက ဋ္ဌာနသို့ တိုင်ကြားနိုင်ပြီး၊ ယင်းကုမ္ပဏီအား ခေါ်ယူကာ သတိပေးခြင်း၊ စည်ပင်သာယာရေးကော်မတီ၏ လုပ်ထုံးလုပ်နည်းများအရ အရေးယူခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးနေဝင်းက ပြောသည်။
ဦးနေဝင်းက ဆက်လက်၍ “ ကျနော်တို့ဆီကိုတော့ ခုထိတိုင်စာရောက်လာတာမရှိသေးပါဘူး။ ကျနော်တို့ကလည်း မတိုင်ပဲ အရေးယူလို့ မရပါဘူး” ဟုပြောသည်။
ယင်းဆောက်လက်စလုပ်ငန်းခွင်တွင် လုပ်ငန်းခွင် လုံခြုံရေးစနစ်ကိုလည်း စိုးရိမ်ကြောင်း ၃၂ လမ်းအတွင်း နေထိုင်သူတဦးကလည်း ပြောသည်။
“လုပ်ငန်းခွင်ထဲမှာ ကရိန်းကြိုးတွေ ပြတ်ကျတာမျိုး ဖြစ်တယ်။ ကျနော်တို့ လမ်းဘက်ကိုပြုတ်ကျရင် ဘယ်လို တာဝန်ယူ ဖြေရှင်းပေးမှာလဲ။ သူတို့ စဆောက်တုန်းကလည်း ကျနော်တို့နဲ့ ညှိခဲ့တာမျိုး မရှိဘူး။ သူတို့မှာ ဆက်လုပ်ရမယ့် အချိန်တွေက အများကြီး ကျန်သေးတယ်။ နောက် ကြာလာရင် ဒီထက်ပိုဆိုးလာတော့မှာ” ဟု ဆိုသည်။
ကုန်သည်ကြီးများ ဟိုတယ်ဘေးတွင် စတင်တည်ဆောက်လျက်ရှိသည့် ယင်းအဆောက်အအုံသစ်ကို တာဝန်ယူဆောက်လုပ်ပေးနေသည့် ရွှေတောင်ဖွံ့ဖြိုးရေးကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရာ လက်ထောက်မန်နေဂျာ မအေးချိုချိုငြိမ်းက “ ရွှေတောင်ကုမ္ပဏီရဲ့ လုပ်ငန်းခွဲတခုဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းကို ကုန်သည်ကြီးများဟိုတယ်က ငှားထားတာပါ။ သူတို့ လိုချင်တဲ့အချိန်၊ သူတို့ဆုံးဖြတ်တဲ့အတိုင်း ကျမတို့ဘက်က တာဝန်ယူပေးရတာပါ”ဟု ပြန်လည်ဖြေကြားခဲ့သည်။
ကုန်သည်ကြီးများ ဟိုတယ်သို့ ဧရာဝတီမှ မေးမြန်းမှုကို ဖြေဆိုခြင်း မပြုပါ။