မိတ္ထီလာပဋိပက္ခ အခြေအနေများ ထိန်းသိမ်းနိုင်ရေးအတွက် သမ္မတ၏ အရေးပေါ် အခြေအနေ ကြေညာချက် အမိန့် ထုတ်ပြန်မှုကို ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးက အတည်ပြု ပေးလိုက်ပြီး အရေးပေါ်အခြေအနေ ကာလကို ရက်ပေါင်း ၆၀ သတ်မှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
မတ်လ ၂၂ ရက်နေ့တွင် လူသေဆုံးမှု ရှိခဲ့သည်အထိ ပဋိပက္ခများဖြစ်ပွားခဲ့ သော မိတီ္ထလာခရိုင်တွင် သမ္မတဦးသိန်းစိန်က အရေးပေါ် အခြေအနေကြေညာသော အမိန့်အမှတ် ၁/ ၂၀၁၃ ကို ထုတ်ပြန် ကြေညာခဲ့ကြောင်း၊ ယင်းအမိန့်တွင် မိတ္ထီလာခရိုင် အတွင်းရှိ မိတီ္ထလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ သာစည်မြို့နယ်၊ မလှိုင်မြို့နယ် များ၌ ဆူပူအကြမ်းဖက် မှုများ ပိုမို များပြား ကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံး ပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက်ရုံဖြင့် အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ငန်းများ ထိရောင်အောင် ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း၊ ပြည်သူများ၏ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းစွာ နေနိုင်ရေးတို့အတွက် အရေးပေါ် အခြေအနေ ကြေညာရခြင်းဖြစ်ပြီး တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက် ရမည်ဟု ထုတ်ပြန်ကြေညာခဲ့ရာ ယင်းအမိန့် ကြေညာချက်ကို ပြည်ထောင်စု လွှတ်တော်က ယနေ့တွင် ထောက်ခံသူအများစုဖြင့် အတည်ပြု ပေးလိုက်ကြောင်း၊ သို့ရာတွင် အရေးပေါ်အခြေအနေ ကြေညာချက်အမိန့်၏ သက်တမ်းကို ရက်ပေါင်း ၆၀ သတ်မှတ်ပေးလိုက်ကြောင်း သိရှိရသည်။
“သမ္မတ ထုတ်ပြန်တဲ့အမိန့်ထဲမှာ အရေးပေါ်အခြေအနေ ကာလကို နောက်ထပ် အမိန့်ညွှန်ကြားချက် မထုတ်မချင်း အတည်ဖြစ်တယ်လို့ ဆိုထားပေမယ့် အဲဒါကို လွှတ်တော်က ကန့်ကွက်သူအများစုနဲ့ ပယ်ချလိုက်တယ်။ လွှတ်တော်က သမ္မတရဲ့ အမိန့်ညွှန်ကြားချက် သက်တမ်းကို ရက်ပေါင်း ၆၀ သတ်မှတ်ပေးလိုက်တယ်။ တကယ်လို့ ရက်ပေါင်း ၆၀ ပြည့်လို့ ထပ်ပြီး သက်တမ်း တိုးချင်ရင်တော့ သမ္မတက ပြည်ထောင်စုလွှတ်တော်မှာ ထပ်ပြီးတော့ သက်တမ်းတိုးရမယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ယနေ့ ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် သမ္မတ၏ အရေးပေါ်အခြေအနေ ကြေညာချက် အမိန့် ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးက ဆွေးနွေးခဲ့၍ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော် ကိုယ်စားလှယ် အချို့က အရေးပေါ် အခြေအနေနှင့် အုပ်ချုပ်ရေးအပိုင်း ဆောင်ရွက်မှုကို ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။
NLD ပါတီ ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မိတ္ထီလာ ပဋိပက္ခတွင် အစိုးရပိုင်းက ပွင့်လင်းမြင်သာမှု အားနည်းခဲ့ပြီး လုပ်သင့်လုပ်ထိုက်သည် များကို လုပ်ဆောင်မှု ရှိ၊ မရှိ မေးခွန်း ထုတ်ရမည် ဖြစ်ကြောင်း ပြောဆိုသည်။
“မိတ္ထီလာမှာ ဖြစ်တဲ့ကိစ္စတွေက အုပ်ချုပ်ရေးပိုင်းက တည်ဆဲဥပဒေအရ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေကို လုပ်ခဲ့ရဲ့လား ဆိုတာ ကျမတို့ စဉ်းစားရမယ်။ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာက မိမိတို့ရှိတဲ့ လုပ်ပိုင်ခွင့်များနဲ့ တည်ဆဲ ဥပဒေများအရ အခြေအနေ တခုကို ပိုင်ပိုင်နိုင်နိုင် အစွမ်းကုန် ထိန်းချုပ်ဖို့ မဖြစ်မြောက်မှ သာလျှင် အရေးပေါ် အခြေအနေ ဥပဒေကို စဉ်းစားရမှာဖြစ်တယ်။ ဒီလိုလုပ်ခဲ့ရဲ့လား ဆိုတာ စဉ်းစားဖို့လိုတယ်။ ဒီမှာ ပွင့်လင်းမြင်သာမှု နည်းနေတာကြောင့်မို့လို့ ဒီကိစ္စကို သုံးသပ်ဖို့ ခက်နေပါတယ်။ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာက တကယ်ပဲ လုပ်သင့်လုပ်ထိုက်တဲ့၊ လုပ်နိုင်တဲ့ ကိစ္စတွေကို အားလုံးလုပ်ခဲ့ရဲ့လား ဆိုတာကို မသုံးသပ်နိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ နောက်ပြီးတော့ အရေးပေါ် အခြေအနေကို ကြေညာတဲ့အခါမှာ မူလအခြေအနေကို အမြန်ဆုံး ပြန်ရောက်သွားဖို့ ဆိုတာလည်း ပါပါတယ်။ ဒါကို မမေ့သင့်ဘူး။ အဲဒီတော့ မူလအခြေအနေကို အမြန်ဆုံး ပြန်ရောက်သွားဖို့ ဘာတွေ စွမ်းဆောင်နေလဲ ဆိုတာကို အများပြည်သူသိဖို့ လိုပါတယ်။ ဒီဟာကို အုပ်ချုပ်ရေးပိုင်း ဆိုင်ရာကနေ ထိထိရောက်ရောက် စွမ်းဆောင်ပေးဖို့ လိုတယ်လို့ ထင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်သည် အာဏာရှိသူက ပြည်သူ၏ ဆန္ဒပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ထုတ်ပြန်ခြင်း ဖြစ်သည့်အတွက် တရားဥပဒေ စိုးမိုးရေးနှင့် ဒီမိုကရေစီ ရှင်သန်ခိုင်မာရေးအတွက် ထိခိုက်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော အရေးပေါ် အခြေအနေ ကြေညာနိုင်သော ပြဋ္ဌာန်းချက်များသည် လွယ်ကူ လွန်းလှကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်သွားသည်။
“တရားဥပဒေနဲ့ အမိန့်အကြား ကွာခြားချက်က ကြီးလွန်းတာကြောင့်မို့ ဆန့်ကျင်ဘက်လို့တောင် ပြောနိုင်ပါတယ်။ အရေးပေါ် အခြေအနေ၊ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် ထုတ်ပြန်ပုံနဲ့ ပတ်သက်လို့လည်း လွယ်ကူလွန်းတယ်လို့ ကျမ ထင်မိပါတယ်။ အခု ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲမှာ ချမှတ်ထားတဲ့ အရေးပေါ် အခြေအနေကြေညာဖို့ ပြဋ္ဌာန်းချက်က ကျဉ်းမြောင်း သင့်သလောက် မကျဉ်းမြောင်းဘူး၊ ပြတ်သားသင့်သလောက် မပြတ်သားဘူးလို့ ကျမမြင်ပါတယ်။ ကျမတို့နိုင်ငံက ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ သွားနေပြီဆိုပြီးတော့ တကမ္ဘာလုံးက ကြေညာနေတဲ့ အချိန် ဖြစ်တာကြောင့်မို့လို့ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီတဲ့ ကိစ္စမှန်သမျှကို ရှောင်နိုင်သမျှ ရှောင်ရမယ်” ဟု ၎င်းက ဆက်ပြောသည်။
သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကမူ မိတ္ထီလာ ကိစ္စတွင် ရဲတပ်ဖွဲ့က ထိရောက်စွာ တားဆီးရန် ပျက်ကွက်ခဲ့ကြောင်း ထောက်ပြပြောဆို သွားသည်။
“ရဲအရာရှိများက လူစုလူဝေး ကိုင်တွယ်တဲ့ကိစ္စ ထိထိရောက်ရောက် မကိုင်တွယ်နိုင်ဘူး။ ဒီအဓိကရုဏ်း နှိမ်နင်းဒိုင်းတွေ၊ လက်နက်တွေ ကိုင်ပြီးတော့ စောင့်ဆိုင်းနေတဲ့ ပုံတွေကို မီဒီယာတွေမှာ တွေ့ရတယ်။ အခုလို ရဲအရာရှိတွေ၊ တရားသူကြီး တွေက မိမိ ထမ်းရမယ့် တာဝန်တွေကို တက်တက်ကြွကြွမထမ်းခဲ့ရလဲ။ ဒါနဲ့ပတ်သက်ရင် ကျနော်တို့ လမ်းခွဲခဲ့တဲ့ ခေတ်ဟောင်း၊ စနစ်ဟောင်းလက္ခဏာတွေ အထူးသဖြင့် လာဘ်ပေး လာဘ်ယူအောက်မှာ ပျော်မွေ့နေတာတွေ တကယ်ကို နိုင်ငံအတွက် စိန်ခေါ်လာတဲ့ ပြဿနာတွေကို ရဲရဲရင့်ရင့် မကိုင်တွယ်နိုင်ခဲ့ဘူး။ ပြည်ထဲရေး ဝန်ကြီးဌာန အဆင့်အတန်းသည် နိုင်ငံတကာနှင့် သော်လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် သော်လည်းကောင်း နှိုင်းယှဉ်လိုက်ရင် ဘယ်လောက် နိမ့်ကျနေသလဲ” ဟု ဦးသိန်းညွန့်က ဆိုသည်။
NLD ၏ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်ကမူ မိတ္ထီလာ ပဋိပက္ခတွင် ရဲတပ်ဖွဲ့ကို အပြစ်မတင်လိုဘဲ ရဲတပ်ဖွဲ့ကို ထိရောက်စွာ နှိမ်နင်းရန် အမိန့်မပေးခဲ့သူကို ထုတ်ဖော်ရန် လိုအပ်သည်ဟု ပြောသည်။
“ဖြစ်စဉ်မှာ ပြန်ကြည့်မယ်ဆိုရင် ကျနော်ရှေ့မှာတင်၊ ရဲတွေရဲ့ရှေ့မှာတင် သတ်တာ ဖြတ်တာတွေကို ရဲတွေက ဘာမှ မလုပ်ဘူးဆိုတဲ့ အခါမှာ သာမန်ကြည့်ရင်တော့ သူတို့မှာ တာဝန်ရှိတယ်မြင်တယ်။ သို့သော် ကျနော့် အမြင်ကတော့ အဲဒီရဲတွေကို အပြစ်မတင်ဘူး၊ အပြစ်မမြင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ရဲဆိုတာက ရဲပဲဖြစ်ဖြစ်၊ တပ်ပဲဖြစ်ဖြစ် ကောင်းကောင်း လေ့ကျင့်ထားတဲ့ ပုဂ္ဂိုလ်တွေ၊ အမိန့်အရ ဆောင်ရွက်ရတဲ့ ပုဂ္ဂိုလ်တွေ။ အမိန့်မရလို့သာ ဘာမှ မလုပ်တာဘဲ လို့ ယူဆတဲ့အတွက် သူတို့ရပ်ကြည့်ခြင်း အားဖြင့် လူတွေသေတယ်ဆိုတဲ့ အပြစ်မမြင်ဘဲနဲ့ ရဲတွေကို ထိထိရောက်ရောက် လုပ်ဖို့ အမိန့်ပေးတဲ့သူက ဘယ်သူလဲ၊ အမိန့်မပေးတဲ့သူက ဘယ်သူလဲ ဝန်ကြီးချုပ်ပဲဖြစ်မလား၊ ဝန်ကြီးချုပ်အပေါ်က ဖြစ်မလား။ ကျနော်မသိတဲ့ကိစ္စပါ။ ဒီဖြစ်ရပ်ကြီးနဲ့ ကြည့်မယ်ဆိုရင်တော့ ပြည်သူ့ရဲတပ်ဖွဲ့ကို အပြစ်မတင်ချင်ပါဘူး။ အခြေအနေကို သုံးသပ်ပြီးတော့ Timing ကိုက်တဲ့ အမိန့် မပေးတဲ့အတွက်ကြောင့် ဒီလိုဖြစ်တယ်လို့ ယူဆပါတယ်” ဟု ဦးဝင်းထိန်က ဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) မှ လွှတ်တော်ကိုယ်စားလှယ် များကမူ အရေးပေါ် အခြေအနေ ကြေညာမှုကို ထောက်ခံပြီး အမိန့်သက်တမ်းကို ရက်ပေါင်း ၆၀ သတ်မှတ်ပေးရန် အဓိက အဆိုပြုခဲ့ကြသည်။
မိတ္ထီလာတွင် ရွှေဆိုင်တခုအတွင်း အရောင်းအဝယ်မှ စတင်ခဲ့သော ပဋိပက္ခများကြောင့် လူ ၄၀ ကျော်သေဆုံးပြီး လူဦးရေ ၃ သောင်းကျော် အိုးမဲ့အိမ်မဲ့ ဒုက္ခသည်များအဖြစ် ရောက်ရှိခဲ့ရကြောင်း အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။