သတင်း

မြန်မာတနိုင်ငံလုံးရှိ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်နိုင်ရေး ဆွေးနွေးမည်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံအနှံ့အပြားရှိ ကျောင်းမနေနိုင်သည့် ကလေးငယ်များ တပြေးညီ ပညာသင်ကြားခွင့် ရရှိရေးအတွက် ပညာရှင်များ၊ ကျောင်းအုပ်ဆရာ၊ ဆရာမများ ပါဝင်မည့် အလုပ်ရုံဆွေးနွေးပွဲ တခုကို လာမည့် မေ ၂၄ ရက်နေ့တွင် မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC) ၌ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဂရုဏာလူမှုဘ၀ မြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။

ယင်း အလုပ်ရုံဆွေးနွေးပွဲသို့ ကျောင်းသားမိဘများနှင့် လူမှုရေးအဖွဲ့အစည်းများ တက်ရောက်နိုင်ကြောင်းလည်း သိရသည်။

ထို့အပြင် ကျောင်းမနေနိုင်သည့် မိဘမဲ့နှင့် ဆင်းရဲနွမ်းပါး ကလေးငယ်များ အတွက်လည်း ယခုနှစ်မှ စတင်ကာ ကျောင်းထား ပေးမည့် အစီအစဉ်ကို ရှင်းပြခြင်း၊ တနိုင်ငံလုံးမှ ကလေးငယ်များ ပညာသင်ရေးအတွက် မည်သို့ လုပ်ဆောင်သင့်သည်ကို ပညာရှင်များနှင့် အပြန်အလှန် ဆွေးနွေးအဖြေရှာခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင်မည့် ဂရုဏာအဖွဲ့မှ အထွေထွေ အတွင်းရေးမှူးက ပြောသည်။

ဂရုဏာလူမှုဘ၀ မြှင့်တင်ရေး အဖွဲ့သည် တိုင်းရင်းသားပေါင်းစုံ ပါဝင်ပြီး ဘာသာရေး လူမှုရေး မခွဲခြားဘဲ ကူညီ ထောက်ပံ့သွားရန် အတွက် ၂၀၁၂ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် ပြည်တွင်းအဖွဲ့အစည်း တခုဖြစ်သည်။

“အဓိကကတော့ တနိုင်ငံလုံးမှာရှိတဲ့ ကျောင်းမနေနိုင်တဲ့ ကလေးတွေအတွက် ပညာရှင်တွေနဲ့ တာဝန်ရှိသူတွေက ဘယ်လို စဉ်းစားထားသလဲ၊ ကျနော်တို့က ဘာတွေလုပ်နေသလဲ ဆိုတာတွေ ဆွေးနွေးမယ်။ ကျောင်းမနေနိုင်တဲ့ ကလေး ၁၃၀၀ ကျော်ကို ဒီနှစ်ကစပြီး ကျနော်တို့ ကျောင်းထား ပေးသွားမယ်။ အဲဒီ ကလေးတွေကို ကျောင်းအပ်မယ့် မြို့နယ်အလိုက် ကျောင်းအုပ်ကြီးတွေ ကိုလည်း ဖိတ်ခေါ်ထားပါတယ်” ဟု အထွေထွေအတွင်းရေးမှူး ဦးကျော်မြင့်ဦးက ပြောသည်။

ဂရုဏာ အဖွဲ့သည် ရန်ကုန်တိုင်း အတွင်းရှိ လှိုင်သာယာ၊ ထောက်ကြန့်၊ ရွှေပြည်သာ၊ မှော်ဘီ၊ ထန်းတပင် စသည့် မြို့နယ်များမှ ပုဂ္ဂလိက မိဘမဲ့ ဂေဟာ ၁၂ ခုနှင့် ရပ်ကွက် အတွင်းရှိ ဆင်းရဲနွမ်းပါး ကလေးငယ်များအတွက် ပြည်တွင်းအလှူရှင် များ၏ အကူအညီဖြင့် ယခု ပညာသင်နှစ်မှ စတင်ကာ ကျောင်းစရိတ် ထောက်ပံ့ပေး သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

“ကျနော်တို့က နိုင်ငံတော် အဆင့်အထိ သွားဖို့ စဉ်းစားထားပါတယ်။ တတိုင်းပြည်လုံး အတိုင်းအတာအထိ လုပ်သွားဖို့ စီစဉ်ထားတယ်” ဟု ဦးကျော်မြင့်ဦးက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် မူလတန်းအဆင့် အခမဲ့ ပညာရေးစနစ်ကို ကျင့်သုံးလျှက် ရှိသော်လည်း၊ အခြေခံပညာ ကျောင်းများကို နှစ်စဉ် ကျောင်းသား ၆ သိန်းကျော် ပညာရေးကို စွန့်ခွာလျှက်ရှိကြောင်း ၂၀၁၀ – ၁၁ ပညာသင်နှစ်နှင့် ၂၀၁၁ -၂၀၁၂ ပညာသင် နှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တက်ရောက်ခဲ့သည့် ကျောင်းသား အင်အားစာရင်းအရ သိရသည်။

Loading