ရခိုင်ပြည်နယ် မောင်တောခရိုင်နေ မွတ်စလင် အိမ်ထောင်စု တစုလျှင် ကလေး ၂ ဦးနှုန်းသာ မွေးဖွားရမည်ဟူသော ဒေသန္တရ အမိန့်တရပ် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ယင်း မွတ်စလင် အိမ်ထောင်စုများ အနေဖြင့် အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားမှုနှုန်းကို ပြန်လည် ကန့်သတ်လိုက်သည့် ဒေသန္တရ အမိန့်တရပ်အား ပြီးခဲ့သည့် တပတ်မှစတင် ထုတ်ပြန်လိုက်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောသည်။
ယခင် ကတည်းက မြန်မာနိုင်ငံတွင် နေထိုင်သော မွတ်စလင်များ အိမ်ထောင်ပြုပါက တလင်တမယား စနစ်သာကျင့်သုံးရန်၊ ကလေးမွေးဖွားရာတွင် တအိမ်ထောင်လျှင် ကလေး ၂ ဦးသာ မွေးဖွားရန် ဥပဒေကြောင်းအရ ထုတ်ပြန်ခဲ့သော်လည်း လိုက်နာမှု မရှိကြသည့်အတွက် အဆိုပါ ဥပဒေကို ပြန်လည် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။
“ဒီနိုင်ငံမှာ နေမယ်ဆိုရင်တော့ နိုင်ငံရဲ့ ဥပဒေကို လိုက်နာရမယ်။ အခုလို ကန့်သတ်လိုက်တယ် ဆိုတာကလည်း သူတို့တွေ အတွက် လုပ်တာပဲ။ ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ပြဿနာတွေက အဲဒီမှာနေတဲ့ မွတ်စလင်တွေရဲ့လူဦးရေ ပေါက်ဖွားနှုန်း များရာကနေ ဖြစ်လာတာပဲလေ” ဟု ဦးဝင်းမြိုင်က ဆိုသည်။
ရခိုင် အစီရင်ခံစာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကလည်း ရခိုင်ဒေသနေ မွတ်စလင်များ တလင်တမယား စနစ်သာ ကျင့်သုံးရန်နှင့် ကလေးမွေးဖွားနှုန်း ကန့်သတ်ရန် အကြံပြုခဲ့ကြောင်း၊ ၎င်းတို့ လက်ထပ်မည်ဆိုပါက သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများသို့ လက်ထပ်ခွင့် တင်ပြရမည်ဖြစ်ကြောင်း၊ လက်ရှိ ကလေး ၂ ဦးရှိပြီးသော မွတ်စလင် အိမ်ထောင်စုများ အနေဖြင့် ဆက်လက် မွေးဖွားရန် ခွင့်မပြုတော့ကြောင်း၊ အဆိုပါ ထုတ်ပြန်ချက်ကို မလိုက်နာပါက ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ထုတ်ပြန်ထားသော ဒေသန္တရ အမိန့်အပေါ် လိုက်နာခြင်းရှိမရှိ ကိုလည်း ရှောင်တခင် စစ်ဆေးခြင်းများ ပြုလုပ်မည်ဖြစ်ပြီး ပိုမို၍ မွေးဖွားသော ကလေးများကို အမည်မည်း စာရင်း သွင်းမည်ဟု သိရသည်။
“ရခိုင်မှာ ပြဿနာတွေဖြစ်ပြီး နောက်ပိုင်းမှပဲ ကျနော်တို့တွေအတွက် ကန့်သတ်ချက်တွေ၊ ထုတ်ပြန်ချက်တွေက အများကြီး ဖြစ်လာတယ်။ ကလေး ၂ ဦး မွေးပြီးသားဆိုပေမယ့် ရုတ်တရက် သေဆုံးသွားတာတို့၊ ပျောက်ဆုံးသွားတာတို့ တွေဆို မိဘတွေက ဘယ်လို ဆက်လုပ်ရမှာလဲ။ ဒါက မျိုးဆက်ပြတ်သွားအောင် လုပ်နေသလိုပဲ” ဟု မောင်တောမြို့နယ်နေ ကိုမောင်မောင်ဝင်းက ပြောသည်။
မောင်တောခရိုင် တောင်ပိုင်းတွင်နေထိုင်သူ ဦးတင်မောင်စိန်ကလည်း အစိုးရအနေဖြင့် ၎င်းတို့ကို မြန်မာနိုင်ငံတွင် မနေနိုင်ရန် မပြောရုံတမည် ပုံစံဖြင့် ဤအမိန့်ကို ထုတ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ကျနော်တို့ကို ဒီနိုင်ငံမှာ မနေနဲ့လို့ ပါးစပ်က မပြောရုံတမယ်ပဲ၊ နှိပ်စက်နေတာ။ ကလေးမွေးတာ၊ အိမ်ထောင်ပြုတာကို ကန့်သတ်တယ် ဆိုတာတော့ မဖြစ်သင့်ပါဘူး။ တမင်သက်သက် ကျနော်တို့လူမျိုးတွေ နိုင်ငံထဲက ထွက်သွားအောင် လုပ်နေတယ်လို့ ခံစားရတယ်” ဟု သူက ဆက်ပြောသည်။
ယနေ့အချိန်အထိ မောင်တောခရိုင်တွင် အထက်ပါ ဒေသန္တရ အမိန့်ကို ထုတ်လိုက်သည်ဟုသာ ကြားနေရပြီး အိမ်ထောင်စု များထံသို့ အမိန့်စာ မရောက်သေးကြောင်း မောင်တောခရိုင် အတွင်းရှိ မွတ်စလင် အိမ်ထောင်စုများထံမှ စုံစမ်း သိရှိရသည်။
ရခိုင်ပြည်နယ် တနယ်တည်းတွင်ပင် နေထိုင်သော မွတ်စလင် ဦးရေ စုစုပေါင်း တသန်းကျော်ရှိနေကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ကောက်ခံထားသော စာရင်းဇယား အချက်အလက်များ အရ သိရသည်။