မြန်မာနိုင်ငံတွင် တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းလုပ်ပိုင်ခွင့် လိုင်စင်များကို နိုင်ငံခြားကုမ္ပဏီ သို့မဟုတ် ဖက်စပ်ကုမ္ပဏီ နှစ်ခုသို့ လိုင်စင်ချထားပေးရန် တလကျော်အလိုတွင် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က အင်တာနက် ဆင်ဆာစနစ်နှင့် မိုဘိုင်းဖုန်းသုံးစွဲသူများအပေါ် အစိုးရက စောင့်ကြည့်နေသေးခြင်းသည် မြန်မာနိုင်ငံ အတွက် အရေးကြီးသော ပြဿနာတရပ်ဖြစ်သည်ဟု သတိပေးပြောဆိုလိုက်သည်။
ဝါရှင်တန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (Human Rights Watch) အဖွဲ့မှ မေလ ၁၉ ရက်နေ့က ထုတ်ပြန်ကြေညာရာ လိုင်စင်ရရှိရေး အဆိုပြုလွှာ တင်သွင်း ယှဉ်ပြိုင်နေကြသော နိုင်ငံတကာ တယ်လီဖုန်းအော်ပရေတာ ကုမ္ပဏီ ၁၂ ခုထံသို့ စာ ရေးသားပေးပို့ခဲ့ကြောင်းနှင့် အကယ်၍ လိုင်စင်ရရှိခဲ့ပါက အထက်ဖေါ်ပြပါ လူ့အခွင့်အရေး ချိုးဖေါက်မှုများတွင် ပါဝင်ပတ်သက်မှု မရှိစေရေးကိုလည်း သေချာအောင်ပြုလုပ်ရန် တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင်ကုမ္ပဏီများ အနေဖြင့် အစိုးရ၏ လွတ်လပ်စွာပြောဆိုခွင့်နှင့် ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်များကို ချိုးဖေါက်သည့်ကိစ္စရပ်များတွင် ပါဝင်ပတ်သက်မှု မရှိအောင် မည်သို့ ဆောင်ရွက်မည်ဆိုသည့် အကြောင်းကို ပြည်သူအများသိအောင် ထုတ်ပြန်ပေးရန်လည်း HRW အဖွဲ့က အကြံပြုလိုက်သည်။
“တယ်လီဖုန်းကုမ္ပဏီတွေက တရားမဝင် စောင့်ကြည့်မှုတွေ၊ ဆင်ဆာလုပ်တာတွေနဲ့ တခြား အလွဲသုံးစားမှုတွေကို ကာကွယ်ပေးနိုင်မှု မရှိသေးဘဲနဲ့ မြန်မာနိုင်ငံထဲကို အလျင်စလို ဝင်ချင်နေကြတယ်” ဟု အမေရိကန်အခြေစိုက် HRW အဖွဲ့မှ အကြီးတန်းသုတေသီ စင်သီယာဝေါင်းက ပြောသည်။
HRW အဖွဲ့က မြန်မာနိုင်ငံမှ အင်တာနက်အသုံးပြုသူများနှင့် မိုဘိုင်းဖုန်းသုံးစွဲသူ များအား မည်ကဲ့သို့ အကာအကွယ် ပေးရမည် ဆိုသည့် အကြံပြုချက်များပါဝင်သည့် စာမျက်နှာ ၂၄ မျက်နှာ ရှိသော အစီရင်ခံစာ တစောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။ တယ်လီဖုန်းကုမ္ပဏီများအနေဖြင့် နိုင်ငံတကာ လူ့အခွင့် အရေး စံနှုန်းများနှင့် ကိုက်ညီသော ဆက်သွယ်ရေး ဥပဒေများ ရေးဆွဲပြဌာန်းနိုင်ရန် ဖိအားပေးသင့်သည် ဟု HRW အဖွဲ့၏ အစီရင်ခံစာတွင်ရေးသားထားသည်။
ယခုအချိန်တွင် မြန်မာအစိုးရသည် ဆက်သွယ်ရေး ဥပဒေသစ်တခုကို မူကြမ်းရေးဆွဲလျှက်ရှိပြီး ယခင်စစ်အစိုးရလက် ထက်က သတင်းအချက်အလက်များကို ထိန်းချုပ်ရန်နှင့် စာနယ်ဇင်းသမားများ၊ အင်တာနက်ဘလော့ဂ်ဂါများကို ဖမ်းဆီး ထောင်ချရန် အသုံးပြုခဲ့သည့် ဥပဒေအချို့၏ နေရာတွင် အစားထိုးမည်ဖြစ်သည်။
သို့သော် HRW က ၎င်းတို့ မတ်လအတွင်းက လေ့လာကြည့်ခဲ့သော ဥပဒေကြမ်းအရဆိုလျှင် ဥပဒေသစ်သည် ဆင်ဆာလုပ်ခြင်းနှင့် စောင့်ကြည့်ခြင်းတို့မှ လုံလောက်စွာ ကာကွယ်ပေးနိုင်ခြင်းမရှိဟု ဆိုသည်။ အချို့သော အခြေအနေ များတွင် သတင်းအချက်အလက်ကို ကန့်သတ်ခြင်းနှင့် အင်တာနက်ပေါ်မှ လုပ်ဆောင်မှုများကို စောင့်ကြည့်နိုင်ရေး အခွင့်အလမ်းသစ်များ ဖန်တီးပေးထားသလို ဖြစ်နေသည်ဟုလည်း ဆိုသည်။
ဥပဒေကြမ်းအရဆိုလျှင် အင်တာနက်သုံးစွဲသူများကို ထောင်ဒဏ် ၁၅ နှစ် အထိချမှတ်နိုင်သည့် အချက်များ အဖြစ် တရားဥပဒေစိုးမိုးရေးကို ခြိမ်းချောက်ခြင်း၊ ဒေသတွင်း မတည်ငြိမ်မှုများ ဖြစ်စေရန်လှုံ့ဆော်ခြင်း၊ အမျိုးသားလုံခြုံရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသားစီးပွားရေး စသည်တို့ကို ထိခိုက်ပျက်ပြားစေခြင်း နှင့် နိုင်ငံတော်၏ လျှို့ဝှက်ချက်များကို ပေါက်ကြားစေခြင်း တို့ပါဝင်သည်။
အများပြည်သူသိရှိရန် မသင့်လျော်သည့် သတင်းအချက်အလက်များကို ဖြန့်ချိခြင်းအားလည်း ဥပဒေကြမ်းက တားမြစ်ထားသည်။ သို့သော်လည်း စကားလုံးများကို တိကျသေချာစွာ ဖွင့်ဆိုပြထားခြင်း မရှိဟု HRW အဖွဲ့ကပြောသည်။
မြန်မာ အစိုးရတာဝန်ရှိသူများက ဥပဒေကြမ်းတွင် ပါဝင်သော အထက်ဖေါ်ပြပါအချက်များကို ပြန်လည်စိစစ် တည်းဖြတ်ပေးမည်ဟု ကတိပြုခဲ့သော်လည်း ယခုအချိန်အထိ ပြန်လည်ပြင်ဆင်ရေးဆွဲထားသည့် ဥပဒေမူကြမ်းသစ် ထွက်ပေါ်မလာသေးပေ။
ကမ္ဘာပေါ်တွင် ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံတနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမှ တယ်လီဖုန်းလုပ်ငန်းသည် နိုင်ငံရပ်ခြားမှ ရင်းနှီးမြှုပ်နှံသူများအတွက် ကြီးမားသော အလားအလာများကို ပြနေသည်။ အစိုးရက ထုတ်ပြန်ကြေညာ သည့်ကိန်းဂဏန်းများ အရဆိုလျှင် လူဦးရေ သန်း၆၀ ခန့်ရှိသော မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းသုံးစွဲနိုင်သူ ၁၀ ရာခိုင်နှုန်းသာ ရှိသည်။ သို့သော်လည်း လေ့လာသူ အချို့က ထိုထက်နည်းနိုင်သည်ဟု ယူဆကြသည်။
တယ်လီဖုန်းလိုင်စင်နှစ်ခု အတွက် နိုင်ငံတကာမှ ကုမ္ပဏီနှင့် ဖက်စပ်လုပ်ငန်း ၉၀ ကျော် ယှဉ်ပြိုင်ခဲ့ကြပြီး ဧပြီလတွင် ဆန်ကာတင် ကုမ္ပဏီ ၁၂ ခု စာရင်းကို အစိုးရက ထုတ်ပြန်ခဲ့သည်။ ထိုကုမ္ပဏီများမှာ တရုတ်၊ ပြင်သစ်၊ ဂျပန်၊ မလေးရှား၊ နော်ဝေ၊ ကာတာ၊ စင်္ကာပူ၊ တောင်အာဖရိက၊ အင်္ဂလန်နှင့် ဗီယက်နမ် နိုင်ငံများမှ ဖြစ်သည်။ အစိုးရလေလံအောင်သည့် ကုမ္ပဏီ ၂ ခုကို ဇွန်လ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး အပြီးသတ်လိုင်စင်ကို စက်တင်ဘာတွင် ထုတ်ပေးမည်ဖြစ်သည်။
မိမိတို့ အော်ပရေတာအဖြစ် ရွေးချယ်ခံရသည့်အခါ ဆင်ဆာဖြတ်ခြင်း၊ စောင့်ကြည့်ထိန်းချုပ်ခြင်းနှင့် ကွန်ယက်ဆက်ကြောင်းကို ဖြတ်တောက် ပစ်ခြင်း အစရှိသော ပုဂ္ဂလိက လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်များကို ဖိနှိပ်ချုပ်ချယ်သည့် ပေါ်လစီများ ကျင့်သုံးရန် မြန်မာအစိုးရ က တောင်းဆိုလာလျှင်လည်း မိမိတို့ဖက်က မည်သို့တုန့်ပြန်ဆောင်ရွက်ရကြောင်းကို အများပြည်သူ သိရှိနိုင်ရန် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေး ရန်လည်း HRW က ပဏာမ ရွေးချယ်ခံထားရသည့် ကုမ္ပဏီ ၁၂ ခုကို တိုက်တွန်းထားသည်။
မြန်မာအစိုးရသည် အင်တာနက်နည်းပညာများကို တင်းကျပ်စွာ ချုပ်ကိုင်ထားသည့် စစ်အုပ်ချုပ်ရေးစနစ်မှ အရပ်သားအစိုးရဆီသို့ အသွင်ကူးပြောင်းလာသည့်အခါတွင် ဆက်သွယ်ရေးကဏ္ဍကို လွတ်လပ်ခွင့်များပေးခဲ့ပြီး ဆင်ဆာဥပဒေများကို ပြန်လည်သုံးသပ်ခြင်းများ ပြုလုပ်ခဲ့သည်။ အင်တာနက်ပေါ်တွင် ဖေါ်ပြမှုများကို ပြင်းထန်သော ပြစ်ဒဏ်ချမှတ်ခြင်းများ၊ သတင်းနှင့် နိုင်ငံရေး ဝက်ဘ်ဆိုက်များကို ပိတ်ဆို့ထားခြင်းများကိုလည်း လျှော့ပေါ့ပေးခဲ့သည်။
နိုင်ငံအသီးသီးတွင် အင်တာနက် စောင့်ကြည့်ထိန်းချုပ်ခြင်းနှင့် စိစစ်ဖြတ်တောက်ခြင်းများကို လေ့လာနေသည့် ပညာရပ် ဆိုင်ရာ စီမံကိန်းတခုဖြစ်သည့် OpenNet Initiative ၏ သုတေသနပြုချက်များအရဆိုလျှင် အွန်လိုင်းပေါ်တွင် တိုင်းရင်းသား လူနည်းစုများအကြောင်းနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းဖေါ်ပြခြင်း များ ကို ပြင်းထန်စွာ စိစစ်ခဲ့သည်။
သို့သော်လည်း သမ္မတဦးသိန်းစိန် ၏ အရပ်သားအစိုးရ တက်လာပြီး နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်လုပ်ဆောင်လာပြီးနောက် လွန်ခဲ့သောနှစ်က OpenNet Initiative ၏ စမ်းသပ်ချက်များ အရဆိုလျှင် ၎င်း တို့ စမ်းသပ်ကြည့်ခဲ့သော ဝက်ဘ်ဆိုက် ၁၅၀၀ အနက် ၁၃၂ ခုကိုသာ ပိတ်ထားသည်ကိုတွေ့ရသည်ဟုဆိုသည်။ ၎င်းတို့မှာ အများအားဖြင့် ညစ်ညမ်းဓာတ်ပုံ ဝက်ဆိုတ်များ၊ မူးယစ်ဆေး အရက် စသော ဥပဒေနှင့် ဆန့်ကျင်သည့် ဝက်ဘ်ဆိုက်များ ဖြစ်သည်ကိုတွေ့ရသည်။
ဆက်သွယ်ရေးကဏ္ဍနှင့် ပတ်သက်၍ မြန်မာအစိုးရက တံခါးဖွင့်ပေးလိုက်သည်ကို HRW က ကြိုဆိုထားသည်။ သတင်း အချက်အလက်များကို လျှင်မြန်စွာ ရရှိနိုင်ခြင်းအားဖြင့် စာနယ်ဇင်း မီဒီယာသမားများ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများနှင့် နိုင်ငံရေး လှုပ်ရှားသူများသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို မြှင့်တင်နိုင်ရန် အခွင့်အလမ်းများ ရရှိလာနိုင်ကြမည် ဖြစ်သည်။ သို့သော်လည်း အစိုးရနှင့် ကုမ္ပဏီများဖက်မှ သင့်လျော်သော ကာကွယ်မှုမျိုး မပေးပါက ရလဒ်များပေါ်တွင် ခုတိုင် ခြိမ်းချောက်နေဆဲဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်း အရိပ်ဆိုး၏ လွှမ်း မိုးမှု အောက်တွင်သာ ရှိနေလိမ့်ဦးမည် ဟုလည်း HRW က သတိပေးလိုက်သည်။
“အစိုးရနဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေမှာ မြန်မာနိုင်ငံကို လွတ်လပ်တဲ့ အင်တာနက်စနစ် ပေးဖို့အတွက် အခွင့်အရေးတွေ တွေရှိနေပါတယ်။ ဒါမှလည်း မြန်မာပြည်သူတွေဟာ သူတို့စိတ်ထဲမှာ ရှိတာကို အကြောက်အရွံ့ကင်းမဲ့စွာနဲ့ အွန်လိုင်း ပေါ်မှာ ထုတ်ဖေါ်ပြောဆိုခွင့်ရလာပါမယ်။ ဒါပေမယ့် အစိုးရဖက်က အမှန်တကယ် ပြောင်းလဲလိုစိတ်နဲ့ အဓိပ္ပါယ်ရှိစွာ တာဝန်ယူ ပူးပေါင်းလိုစိတ် မရှိဘဲနဲ့တော့ ဖြစ်လာမှာမဟုတ်ပါဘူး” ဟု စင်သီယာဝေါင်းက ဆိုသည်။