ပြည်သူများ မျှော်လင့် တောင့်တနေသည့် ၂၄ နာရီ လျှပ်စစ်မီးပေးရေးအတွက် ၂၀၁၅ – ၂၀၁၆ တွင် အကောင်အထည် ဖော်နိုင်ရန် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံ ဆွေးနွေးလျှက် ရှိကြောင်း လျှပ်စစ်ဝန်ကြီး ဌာနမှ သိရသည်။
သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက အစိုးရအနေဖြင့် လက်ရှိ လျှပ်စစ်မီး ရရှိရေးကိုမဆောင်ရွက်နိုင် သေးကြောင်း၊ ပြည်သူ့လိုအင် ဖြည့်ဆည်း နိုင်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်နေကြောင်း၊ အဆိုပါ ညှိနှိုင်းမှုပြီးစီးပါက ရန်ကုန် စက်မှုဇုန်များ ၂၄ နာရီ မီးရလာနိုင်မည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“အခု လတ်တလော စက်မှုလုပ်ငန်းတွေ မဖွံ့ဖြိုးနိုင်တာက လျှပ်စစ်မီး မရနိုင်တာကြောင့်လည်း ပါတယ်။ ဒီအပိုင်းကိုတော့ ဦးတင်နိုင်သိန်းနဲ့ ဆွေးနွေးနေတယ်။ အမြန်ဆုံးဖြစ်အောင်တော့ ဆောင်ရွက်မှာပါ” ဟု ဦးစိုးသိန်းက ဆိုသည်။
လက်ရှိတွင် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းတချို့မှာ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးသည်ကို ပညာရှင်တချို့က အားနည်းချက်များ ထောက်ပြရာတွင် ၂၄ နာရီ လျှပ်စစ်မီး မရခြင်းသည်လည်း အဓိက အချက်ဖြစ်သည်ဟု ပြောဆိုနေ ကြကြောင်း ဦးစိုးသိန်း ထံမှသိရသည်။
၂၀၁၅ တွင် ၂၄ နာရီ မီးရရေးအတွက် ရေတို၊ ရေရှည် စီမံကိန်းများကို ရေးဆွဲထားကြောင်း၊ ၂၀၁၅ – ၂၀၁၆ တွင် ၂၄ နာရီ မီးပေးနိုင်ရန် အတွက် လျှပ်စစ်မဂ္ဂါဝပ် ၃၀၀၀ ခန့် လိုအပ်ကြောင်း၊ ၂၀၁၅ – ၂၀၁၆ တွင် လက်ရှိ ထုတ်လွှတ်နေသည့် လျှပ်စစ်မဂ္ဂါဝပ်၏ နှစ်ဆကျော်ကို ထုတ်လွှတ် နိုင်မှသာ ၂၄ နာရီ မီးပေးနိုင်မှာ ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ အင်ဂျင်နီယာချုပ် ဦးခင်မောင်ဝင်းက ပြောသည်။
“စီမံကိန်းတွေက အများကြီးပဲ။ ရေတိုကတော့ ၂၀၁၁ ကနေ ၂၀၁၅ အတွင်း အကောင်အထည် ဖော်မှာပါ။ ရေရှည်ကတော့ ၂၀၃၀ အထိပါ။ လိုအပ်လာတဲ့ လျှပ်စစ်ဓာတ်အားနဲ့ပတ်သက်လို့ ဘယ်လိုဖြန့်ဖြူးမလဲ၊ စက်ရုံတွေ ဘယ်လိုဆောက်မလဲ။ ဒါတွေပါတယ်။ ဒါတွေကို အမြန်ဆုံး ဖော်ထုတ်မှာပါ” ဟု ၎င်းက ဆိုသည်။
လက်ရှိ ဓာတ်အားဖြန့်ဖြူးရာတွင် ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းရှင် ၆ ဦးနှင့် အစိုးရမှ ပူးပေါင်း လုပ်ဆောင်လျှက် ရှိပြီး နိုင်ငံ တကာမှ နေ၍လည်း ရင်းနှီးမြှုပ်နှံရန် လာရောက်ညှိနှိုင်း ဆွေးနွေးမှုများ ရှိကြောင်း သိရသည်။
“လာပြီး လေ့လာနေတာတွေ ရှိတယ်။ ရင်းနှီးမှာက များပေမယ့် ဒီမှာ ဓာတ်အားခ ရောင်းတဲ့ဈေးက သူတို့ရင်းနှီးတဲ့ ပမာဏ ကုန်ကျငွေနဲ့ဆို မကိုက်ဘူးဖြစ်နေတယ်။ ဈေးနှုန်း ထပ်မြင့်ဖို့ကလည်း ဒီနိုင်ငံက မသုံးနိုင်မှာ စိုးတယ် ဆိုတော့ ချိန်နေတာပေါ့” ဟု ဦးခင်မောင်ဝင်းက ဆက်ပြောသည်။
နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံရန်အတွက် ၁၉၈၄ ခုနှစ် လျှပ်စစ်ဥပဒေကို ပြန်လည် ပြင်ဆင် ရေးဆွဲနေကြောင်း၊ အဆိုပါဥပဒေကို ရေးဆွဲရာတွင် အဓိကအားဖြင့် ဈေးနှုန်းပြင်ဆင် သတ်မှတ်ရေးအပေါ် ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး နေကြောင်း သိရပြီး နိုင်ငံတကာသို့ ရင်းနှီးမြှုပ်နှံခွင့်ပြုပါက လျှပ်စစ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးအပိုင်း နှစ်ခုစလုံးကို ခွင့်ပြုပေးမည် ဖြစ်ကြောင်း သိရသည်။
“နောက်ပိုင်း နိုင်ငံတကာကနေ ရင်းနှီးလာပြီ ဆိုရင်တော့ အစိုးရထုတ်တဲ့ အပိုင်းနဲ့ သူတို့ထုတ်တဲ့ အပိုင်းဆိုပြီးတော့ ကွဲသွားမှာပေါ့။ ဈေးနှုန်းကလည်း အခု ဈေးနှုန်း ဖြစ်ချင်မှဖြစ်မယ်” ဟု လျှပ်စစ်ဝန်ကြီးဌာန အင်ဂျင်နီယာချုပ်က ပြောသည်။
လျှပ်စစ်ဝန်ကြီးဌာနသည် ၂၀၁၃ တွင် ၂၄ နာရီ မီးလင်းစေရမည်ဟု ကတိပေး ပြောဆိုခဲ့ဖူးသော်လည်း ယခုအခါ ၂၄ နာရီ လျှပ်စစ်မီးလင်းရေးကို ၂၀၁၅ – ၂၀၁၆ တွင်မှ အကောင်အထည် ဖော်နိုင်မည်ဟူ၍ ထပ်မံပြောဆိုသောကြောင့် ပြည်သူများက အယုံအကြည် ကင်းမဲ့နေကြသည်။
“လျှပ်စစ်မီးက ၂၀၁၃ မှာ ၂၄ နာရီရမယ်လို့ ပြောဖူးတယ်။ အခုလည်း ၂၀၁၅ ရမယ်ဆိုတာက အိပ်မက်လား၊ တကယ်လား မသိတော့ ယုံရ ခက်ခက်ပါ။ ရရင်တော့ ကောင်းတာပေါ့။ အလုပ်က မလုပ်ရသေးဘူး မီးကပျက်နေပြီ။ ငွေကြေးတိုး ကောက်ဖို့က သူတို့ ဝန်ဆောင်မှု ကောင်းရင်ပေးကြမှာပါ။ အခုက ဓာတ်အားခတော့ ကောက်ပါရဲ့၊ မီတာပုံးတောင် လာပြီး စစ်ဆေးတာ မရှိဘူး။ မီတာလာ ဖတ်တာပဲ ရှိတယ်။ ကိုယ့်အိမ်လုံခြုံရေးအတွက် ကိုယ်က စစ်ချင်ရင် ပိုက်ဆံ ပြန်ပေးပြီး စစ်ခိုင်းနေရတယ်” ဟု ဦးကောင်း တွင်ခုံ လုပ်ငန်းရှင် ဦးခန့်ဇော်က ပြောသည်။
လတ်တလော နွေရာသီတွင် ရန်ကုန်မြို့လျှပ်စစ်မီး မပျက်တောက်စေရေး အတွက် မီးစက် ၁၃ လုံးပေးကာ ကူညီမည် ဖြစ်ကြောင်း၊ အဆိုပါ မီးစက် များကို ရန်ကုန်တိုင်းဒေသကြီး တခုတည်း အတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီး ဌာနမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောကြားခဲ့ဖူးသော်လည်း လက်တွေ့တွင် လျှပ်စစ်မီး ပြတ်တောက်မှုများ ကြုံတွေ့နေရဆဲ ဖြစ်သည်။လက်ရှိတွင် အစိုးရမှ ပုဂ္ဂလိကသုံး မီတာကို တယူနစ်လျှင် ၃၅ ကျပ်နှုန်း၊ လုပ်ငန်းသုံး တယူနစ် ၇၅ ကျပ်နှုန်းဖြင့် ကောက်ခံလျှက် ရှိပြီး နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုလာပါက ရင်းနှီးသည့် ကုမ္ပဏီမှ ၎င်းအပေါ် သတ်မှတ်ပေးသွားမည် ဖြစ်ကြောင်း၊ ယင်းသတ်မှတ်မှုကို အစိုးရမှ ဥပဒေဖြင့် ထိန်းကြောင်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိ အသုံးပြုနေသော လျှပ်စစ်ဓာတ်အားများကို ရေအားလျှပ်စစ် စက်ရုံပေါင်း ၂၀၊ ကျောက်မီးသွေး စက်ရုံ ၁ ရုံ၊ သဘာဝဓာတ်ငွေ့ စက်ရုံ ၁၀ ရုံတို့မှ ထုတ်လွှတ်နေခြင်း ဖြစ်ကြောင်း သိရသည်။