ရှမ်းပြည်နယ် မူဆယ်မြို့တွင် မကြာခဏ ဗုံးပေါက်ကွဲမှုနှင့် ဓားပြတိုက် လုယက်မှုများဖြစ်ပွားပြီး နယ်မြေ အေးချမ်း လုံခြုံမှု မရှိသည့် အခြေအနေများ ဖြစ်ပေါ်လာ၍ ဒေသခံ ပြည်သူများ စိုးရိမ်ထိတ်လန့် နေကြကြောင်း သိရသည်။
မူဆယ်မြို့တွင် ယမန်နှစ် ဧပြီလမှ ယခုနှစ် မေလအထိ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ဓားပြတိုက် လုယက်မှုများ ဖြစ်ပွားသော် လည်း တရားခံများကို တကြိမ်တခါမျှ မဖမ်းမိသဖြင့် ဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့်နေမှုကြောင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာ၌ ထိခိုက်မှုများဖြစ်နေရသည်ဟု မူဆယ်မြို့ ကောင်းနောင် ရပ်ကွက်တွင် နေထိုင်သည့် ဦးစိုင်းလှိုင်ဟန်က ဧရာဝတီသို့ပြောသည်။
“အခုဆိုရင် ဈေးသည်တွေက မနက်ဆိုရင် စောစော ဈေးမဖွင့်ရဲသလို ညဆိုရင်လည်း စောစောပိတ်ရတယ်။ နာမည်ကြီးတဲ့ မူဆယ် ညဈေးတန်းက လူတွေဆိုရင် ညဈေး မဖွင့်ရဲလောက်အောင် ပါပဲ”ဟု ၎င်းက ဆိုသည်။
ဗုံးခွဲသည့် တရားခံကို တကြိမ်တခါမျှ မမိခြင်းသည် အလွန် စိတ်ဝင်စားဖွယ်ကောင်းပြီး မူဆယ်တွင် တာဝန်ကျသည့် ရဲ ဝန်ထမ်းများအနေဖြင့် လုံခြုံရေး တာဝန်ယူမှုလည်း အားနည်းကြောင်း၊ တရားခံ ဖမ်းရန်အတွက်လည်း အလွန်အားနည်းကြောင်း၊ လာဘ်ပေး လာဘ်ယူမှုများလည်း ရှိနေကြောင်း ဦးစိုင်းလှိုင်ဟန် က ပြောဆိုသည်။
မူဆယ် ဟိုမွန် ရပ်ကွက်တွင် နေထိုင်သည့့် ဦးစိုင်းအေးကလည်း“အစိုးရပိုင်းကလည်း အထင်တွေပဲ လျှောက်ပြောနေကြတယ်။ တိုင်းရင်းသာေးတွက အချင်းချင်းသွေးခွဲနေတယ်လို့ မြင်တယ်။ ပြီးတော့ ပြဿနာတွေဖြစ်လာတိုင်း ရှမ်းနဲ့တိုက်တဲ့အချိန်ဆိုရင် SSA ၊ ကချင်နဲ့တိုက်နေရင် KIO ဆိုပြီး ပြောတယ်။ တကယ့် တရားခံတော့ ဘယ်တော့မှ မမိဘူး”ဟု ပြောသည်။
မူဆယ်မြို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်းမောင် ကလည်း မူဆယ်မြို့သည် နယ်စပ်စီးပွားရေးမြို့ဖြစ်၍ လူဦးရေ တိုးမြင့်မှု ရှိကြောင်း၊ ထို့ကြောင့် လုံခြုံရေးကိုလည်း တိုးမြှင့်ရန် လိုအပ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ဗုံးပေါက်တာတွေ လုယက်တာတွေကတော့ ရှိနေတာကြာပြီ။ တရားခံကလည်း ဘယ်တော့မှ မဖမ်းမိဘူး။ လုံခြုံရေး ကတော့ လုံး၀ လျော့နည်း နေတယ်။ အခုဆိုရင် တရုတ်နဲ့ပူးပေါင်းပြီး လုံခြုံရေးတင်းကျပ်ဖို့တော့ လုပ်နေပါတယ်”ဟုလည်း ၎င်းက ဆိုသည်။
ထို့အပြင် နမ့်ခမ်းမြို့အနီးတွင် တိုက်ပွဲ ဖြစ်ပွားမှု ရှိနေသဖြင့် တိုက်ပွဲများ ကူးစက်လာမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများ က ဆိုသည်။
ပြီးခဲ့သည့် မေ ၁၆ ရက်က မူဆယ်မြို့ ဟိုမွန် ရပ်ကွက်ရှိ သစ်တော ဦးစီးဌာန ရုံးအနီးတွင် ဗုံးကွဲမှု ဖြစ်ပွားခဲ့ရာ လူတဦး သေဆုံးခဲ့ သည်။ မေ ၁၇ ရက်တွင်လည်း မူဆယ်မြို့ မိုးလုံလေလုံ အားကစားရုံရှေ့တွင်လည်း မပေါက်ကွဲသေးသည့် ဗုံးတလုံးထပ်မံတွေ့ရှိသည်။
၂၀၁၂ ခု ဇွန်လအတွင်းကလည်း မူဆယ်တွင် ဗုံး ၇ လုံးခန့် ပေါက်ကွဲခဲ့ပြီး ထိခိုက် ဒဏ်ရာရမှု မရှိခဲ့ပေ။
၂၀၁၂ ဧပြီ၂၂ ရက် နေ့ နံနက် ၅ နာရီ ခွဲခန့်ကလည်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် စစ်ဆေးရေး ဂိတ်တွင် ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ကာ တာဝန် ထမ်းဆောင်နေသည့် အမျိုးသားတဦး သေဆုံးခဲ့ပြီး ၂၀၁၂ ဧပြီ ၂၈ ရက်တွင်လည်း မူဆယ်မြို့ ရထိုက် ကုမ္ပဏီ ရှေ့တွင် ဗုံးတလုံး ပေါက်ကွဲ၍ ဆိုင်ကယ်စီးသူ တဦး သေဆုံးမှု ဖြစ်ပွားသည်။
ဗုံးကွဲမှုများအပြင် ဓားပြတိုက် လုယက်မှုများလည်း ဖြစ်ပွားခဲ့ရာ ယခုနှစ် ဇန်နဝါရီလအတွင်းက ကားမောင်းသမား တဦး နှင့် တရုတ် ငွေလဲသည့် အမျိုးသမီးတို့ ဓားပြတိုက် လုယက်ခံရမှု ဖြစ်ပွားခဲ့သည်။
ဧပြီ ၁ ရက်နေ့ မွန်းလွဲပိုင်းကလည်း မူဆယ်မြို့ စည်ပင်သာယာ အမှတ် ၁ ဈေး အပေါ်ထပ်ရှိ ရွှင်လင်းရောင် ရွှေဆိုင်ကို ဓားပြ တိုက်မှု ဖြစ်ပွားခဲ့သည်။
ယမန်နှစ် ဇန်နဝါရီလက မူဆယ်မြို့ စံပယ်ရွှေဆိုင် ပိုင်ရှင် သားအမိနှစ်ဦး ဓားပြတိုက် ခံရပြီး တဦးသေဆုံး၍ ပစ္စည်း ကာလ တန်ဖိုး ငွေ ကျပ် သိန်း ၂၀၀၀ ခန့် ဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။
ထိုသို့ မူဆယ်မြို့၌ ဖြစ်ပွားနေမှုများနှင့် ပတ်သက်ပြီး ထိန်ချန်မှုများ ရှိနေ၍ တရား ဥပဒေ စိုးမိုးရေး မရှိဟု ယူဆသောကြောင့် လွှတ် တော် သို့ တင်ပြထားသော်လည်း ထူးခြားမှု ရှိမလာသေးကြောင်း မူဆယ်မြို့ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) မှ ဦးလှဖေ က ပြောဆိုသည်။