မြန်မာနိုင်ငံ နယ်စပ်အနီး ဘင်္ဂလာဒေ့ရှ် နိုင်ငံတွင်းမှ ဒုက္ခသည် စခန်းများတွင် ပြီးခဲ့သည့် မဟာဆင် မုန်တိုင်းကာလမှ စပြီး ယနေ့အထိ မိုးဆက်တိုက် ရွာသွန်းနေမှုကြောင့် အမိုးအကာ အခက်အခဲများ ကြုံတွေ့နေရကြောင်း ကြားသိရသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရက အမိုးအကာများ ပြင်ခွင့် မပေးခြင်းကြောင့် လည်းကောင်း၊ ပြင်ဆင်ရန် စရိတ်မရှိသောကြောင့် လည်းကောင်း အမိုးအကာ အခက်အခဲ ဖြစ်နေပြီး စခန်းအတွင်းရှိ အဆောင် ၁၀၀ နီးပါး ပျက်စီးယိုယွင်း နေကြောင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘာဇာ ခရိုင် တက္ကနာမြို့နယ် လေဒါကျေးရွာအနီးရှိ လေဒါ ဒုက္ခသည် စခန်းမှ ဒုက္ခသည်ရေးရာ ကော်မတီ အဖွဲဝင် ဇော်ဖော့က ဧရာဝတီသို့ ပြောသည်။
“ဆောက်ထားတဲ့ နှစ်ကလည်း ၁၀ နှစ်နီးပါး ဖြစ်နေပြီဆိုတော့ အပျက်အစီးတွေက များတယ်။ အလုပ်အကိုင် ရှိနေတဲ့ လူတွေကျတော့ ကိုယ့်ဘာသာကိုယ် ရှာကြံပြီး ပြင်ဆင်တာတွေ ရှိတယ်။ အဆိုးဆုံးက အလုပ်လုပ်မယ့်သူ မရှိတဲ့ မုဆိုးမ အဆောင်တွေပေါ့။ အခု အစိုးရက အဆောင်တွေကို ပြင်ဆင် ဆောက်လုပ်ခွင့် မပေးတာရယ်၊ နိုင်ငံတကာ အကူအညီ မရတာရယ်ကြောင့် မပြင်နိုင်တာ” ဟု ဇော်ဖော့က ဆိုသည်။
လေဒါ ဒုက္ခသည် စခန်းကို ၂၀၀၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး အိမ်ထောင်စု ၂၀၀၀ ကျော်ကို Muslim Aid နှင့် NGO Forum for Public Health အဖွဲ့ ၂ ဖွဲ့က ရေနှင့် ဆေးဝါးကုသမှု အကူအညီများ ပေးခဲ့သည်။
ထို့အပြင် ကော့စ်ဘာဇာ ခရိုင် ဦကီယာမြို့နယ် ကူတူပါလန် ကျေးရွာအနီးရှိ ဒုက္ခသည် စခန်းတွင် မိသားစု ၈၀၀၀ ခန့် ရှိနေပြီး ဗလီ တချို့နှင့် လူနေအိမ် တချို့ကို Action Contrela Faim (ACF) က ကူညီမှု အနည်းငယ် ရှိသော်လည်း ဒုက္ခသည် အများစုမှာ ကိုယ်ထူကိုယ်ထသာ လုပ်ကိုင်နေကြရကြောင်း စခန်းကြီးကြပ်ရေး ကော်မတီဝင် နူဒူဟောက်က ပြောသည်။
“မိသားစုတွေကလည်း များတယ်။ ကိုယ့်ဘာသာကိုယ် တတ်နိုင်သူတွေက တဲလေးတွေပြင်တယ်။ လုံးဝ မတတ်နိုင်တဲ့ သူတွေကျတော့ စုပေါင်းပြီး ကူညီပေးရတာတွေ ရှိတယ်။ ဒါတောင် ပလတ်စတစ် အစုတ်အပြဲတွေ၊ မြက်ပင်တွေ၊ ကောက်ရိုးတွေနဲ့ ဖာထေးပြီး အမိုးအကာ လုပ်နေကြရတဲ့ မိသားစုတွေလည်း မနည်းပါဘူး။ သူတို့ တကယ့် တကယ် မိုးကြီးလာရင် မလုံနိုင်ဘူး” ဟု နူဒူဟောက်က ဆိုသည်။
ကူတူပါလန် Register ဒုက္ခသည်စခန်းနှင့် နော်ယာပါရာ ဒုက္ခသည် စခန်းနှစ်ခုကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ထားသည့်အတွက် လိုအပ်ချက် အပြည့်အစုံမဟုတ်သည့် တိုင် ထိုက်သင့်သလောက် ကူညီပံ့ပိုးများ ရရှိကြောင်း၊ ယခု မိုးရာသီ ရောက်ရှိချိန် မတိုင်မီ ကတည်းက အမိုးအကာ တချို့ကို ကြိုတင် ပြင်ဆင်ပေးထားကြောင်း ဒုက္ခသည် တဦးဖြစ်သူ ဦးမောင်သိန်းက ပြောသည်။
မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ် နိုင်ငံအတွင်း ကူတူပါလန် Register ဒုက္ခသည်စခန်းနှင့် နော်ယာပါရာ ဒုက္ခသည် စခန်းနှစ်ခုကို UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုကာ ကူညီပံ့ပိုးမှုများ ပြုလုပ်နေသော်လည်း ကူတူပါလန် Unregister ဒုက္ခသည် စခန်းနှင့် လေဒါ ဒုက္ခသည်စခန်း နှစ်ခုကို UNHCR က ဒုက္ခသည်အဖြစ် အသိမှတ် မပြုသည့်အတွက် NGO တချို့ကသာ ထောက်ပံ့မှု အနည်းအကျဉ်း ပေးနေရကြောင်း သိရသည်။
ဘင်္ဂလာဒေ့ရှ်နယ်စပ်ရှိ ဒုက္ခသည် စခန်းများအနက် UNHCR က အသိအမှတ်ပြုထားသည် ဒုက္ခသည် စခန်း ၂ ခုမှ ဒုက္ခသည် သုံးသောင်းကျော်ကိုသာ UNHCR က ကူညီနေပြီး ကျန်ဒုက္ခသည် စခန်းနှစ်ခုမှ ဒုက္ခသည် တသိန်း နီးပါးကို UNHCR က ကူညီခွင့်မရကြောင်း၊ ထိုသို့ ကူညီခွင့်မရခြင်းသည် ဘင်္ဂလာဒေ့ရှ် အစိုးရ အနေဖြင့် ယင်းဒုက္ခသည်များကို မြန်မာဘက်ကို ပြန်ပို့လိုခြင်းနှင့် မြန်မာဘက်မှ ဒုက္ခသည်များ ဘင်္ဂလာဒေ့ရှ်တွင် ဆက်လက် မတိုးပွားစေလိုသောကြောင့် ဖြစ်နိုင်ကြောင်း ကော့စ်ဘာဇာ မြို့ထုတ် Thedathbedath သတင်းစာ၏ လက်ထောက် အယ်ဒီတာ အာလန်က ထောက်ပြဖူးသည်။
“ကျနော်တို့ မိုးရာသီကို ကြောက်ဆုံးပဲ။ အလုပ်လည်း ထွက်လုပ်လို့ မရဘူး။ ထင်းရှာ ရောင်းလို့လည်း မရဘူး။ UNHCR ကလည်း မကူညီဘူးဆိုတော့ မိုးတွင်းရောက်ရင် နေရေး၊ ထိုင်ရေး၊ စားရေး၊ ကျန်းမာရေးက အစ လိုအပ်ချက်တွေ ပိုများလာတာပေါ့” ဟု ကူတူပါလန် Unregister ဒုက္ခသည် စခန်းမှ ဒုက္ခသည်တဦးဖြစ်သူ ဆိုးရွတ်က ပြောသည်။