ကလေးစစ်သား စုဆောင်းမှု အဆုံးသတ်ရန် ဘန်ကီမွန်း တိုက်တွန်း
This article has been converted from Zawgyi One to Unicode
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံတွင် ကလေးစစ်သား စုဆောင်းမှုများ လုံး၀ အဆုံးသတ်ရန် သမ္မတ ဦးသိန်းစိန်၏ အမေရိကန် သမိုင်းဝင် ခရီးစဉ်အတွင်း တိုက်တွန်း ပြောကြားလိုက်သည်။ ၁၈ နှစ်အောက် ကလေးများကို စစ်သားအဖြစ် စုဆောင်းခြင်း မပြုရန် မြန်မာအစိုးရသစ်နှင့် ကုလသမဂ္ဂတို့ ပြီးခဲ့နှစ် ဇွန်လက သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ သို့ရာတွင် ကုလသမဂ္ဂ၏ ၂၀၀၉ ခုနှစ် ဧပြီ ၁ မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၃၁ အတွင်း အစီရင်ခံစာအရ နိုင်ငံတကာအလုပ်သမား အဖွဲ့ချုပ် (ILO) တွင် ကလေးစစ်သား စုဆောင်းခံရမှု တိုင်ကြားစာပေါင်း ၈၀၂ စောင် လက်ခံရရှိခဲ့ကြောင်း၊ တိုင်ကြား စာ ၇၇၀ သည် အမှန်တကယ် ကလေးစစ်သား စုဆောင်းခံရမှု ထင်ရှားကြောင်း၊ ကလေးစစ်သား စုဆောင်းခံရသည့် အရွယ်မှာ အသက် ၁၄ နှစ် မှ ၁၇ နှစ်ကြား အရွယ်များဖြစ်ကြောင်း အေပီ သတင်းက ဆိုသည်။ ထို့အပြင် အသက် ၁၆ နှစ်အရွယ် ၁၀ တန်းအောင်ကလေးများကို တပ်မတော်တွင် တာဝန်ထမ်းဆောင်ရန် တရားဝင် ခေါ်ယူနေခြင်း မပြုလုပ်ရန်လည်း ဘန်ကီမွန်းက ပြောသည်။ ၂၀၁၂ ခုနှစ် အစီရင် ခံစာအရ ကလေးစစ်သား စုဆောင်းမှု ၁၆၇ ဦး ရှိခဲ့ကြောင်းလည်း သိရသည်။