လွှတ်တော်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ ထိခိုက်စေသည့် ဝေဖန်မှုများ လုပ်ဆောင်ခဲ့သည် ဆိုသော ဒေါက်တာ ဆိတ်ဖွားဆိုသူအား ဖော်ထုတ်နိုင်ပြီ ဖြစ်ပြီး စုံစမ်းမှု ရလဒ်ကို လာမည့် လွှတ်တော်တွင် တင်ပြမည်ဖြစ်ကြောင်း သိရသည်။
ဒေါက်တာ ဆိတ်ဖွား ဆိုသူသည် “ဥပဒေရဲ့ အထက်မှာ လွှတ်တော် ရှိသလား” ခေါင်းစဉ်ဖြင့် အွန်လိုင်း ဘလော့ဂ် စာမျက်နှာတခုတွင် ရေးသားခဲ့သောကြောင့် ပြည်ထောင်စု လွှတ်တော်က ဆိတ်ဖွား စုံစမ်းရေးကော်မရှင် ဖွဲ့၍ ဌာနဆိုင်ရာ အရာရှိများနှင့် ပြည်တွင်း မီဒီယာတချို့ကို ခေါ်ယူစစ်ဆေးပြီးနောက် ဒေါက်တာ ဆိတ်ဖွား မည်သူ မည်ဝါဆိုသည်ကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက“စုံစမ်းမေးမြန်းမှု အကုန်ပြီးသွားပြီ၊ ဘယ်သူဘယ်ဝါ ဆိုတာကိုလည်း နာယကကြီးကို တင်ပြပြီးပြီဆိုတော့ ဇွန်လ ၂၅ ရက်နေ့မှ လွှတ်တော်တွေ ပြန်စမယ်ဆိုတော့ အဲဒီအခါ ကျရင်တော့ ကျနော်တို့ ကော်မရှင် ဥက္ကဋ္ဌ ဦးမြငြိမ်းက ဖတ်ကြားနိုင်ပါတယ်။ ပြီးမှသာ ရှေ့ဆက် အရေးယူ မယူဆိုတာကို သိရမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုစုံစမ်းရေး ကော်မရှင်သည် ဌာနဆိုင်ရာဘက်မှ ဆက်သွယ်ရေး ဒု ဝန်ကြီး ဦးသောင်းတင်၊ တပ်မတော် ဆက်သွယ်ရေးမှ တာဝန်ရှိသူတချို့နှင့် ပြန်ကြားရေး ဝန်ကြီးဌာနမှ အရာရှိ တချို့ စသည်ဖြင့် ၇ ဦးကို ခေါ်ယူ မေးမြန်းမှုများ ပြုလုပ်ခဲ့ကာ၊ အလဲဗင်း မီဒီယာမှ ဒေါက်တာ သိန်းမြင့်နှင့် အဖွဲ့ဝင်တချို့၊ ဦးခင်မောင်ညို (ဘောဂဗေဒ)၊ The Voice Weekly ဂျာနယ် စသည့် မီဒီယာများမှ လူပုဂ္ဂိုလ် ၆ ဦးကိုလည်း ခေါ်ယူမေးမြန်းခဲ့ကြောင်း သိရသည်။
“ဌာနဆိုင်ရာ ပုဂ္ဂိုလ် ၇ ဦးနဲ့ မီဒီယာက ၆ ဦးကို ကျနော်တို့ ကော်မရှင်က ခေါ်ယူမေးမြန်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ အထဲက တယောက်က ဒေါက်တာ ဆိတ်ဖွား နာမည်နဲ့ရေးတဲ့ ဆောင်းပါးအတွက် သူတာဝန်ယူပါတယ်လို့ ပြောပါတယ်။ ကျနော်တို့ သုံးသပ်တာကလည်းပဲ သူပဲဖြစ်လိမ့်မယ်လို့ ယူဆထားပါတယ်” ဟု ဦးလှဆွေက ပြောသည်။
ခေါ်ယူ မေးမြန်းခံရသူ ၁၃ ဦး စလုံးသည် အမျိုးသားများ ဖြစ်ကြောင်း ဦးလှဆွေက ပြောဆိုသော်လည်း ဒေါက်တာ ဆိတ်ဖွား ဆိုသူသည် ဌာနဆိုင်ရာ သို့မဟုတ် မီဒီယာဘက်မှ ပုဂ္ဂိုလ်တဦးဦး ဖြစ်သည် ဆိုသည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ဒေါက်တာ ဆိတ်ဖွား၏ “ဥပဒေရဲ့ အထက်မှာ လွှတ်တော် ရှိသလား” ဆောင်းပါးသည် လွှတ်တော်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ဆိုကာ ဒေါက်တာ ဆိတ်ဖွားအား စုံစမ်းဖော်ထုတ်ရန် အရေးကြီး အဆိုတရပ်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးရင်က ဇန်နဝါရီလဆန်းတွင် တင်သွင်းခဲ့ပြီးနောက် အဖွဲ့ဝင် ၁၇ ဦး ပါဝင်သော စုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။
ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါး၌ သမ္မတ၊ အစိုးရအဖွဲ့နှင့် လွှတ်တော်အကြား တင်းမာမှုဖြစ်ခဲ့ရသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကိစ္စနှင့် ပတ်သက်၍ လွှတ်တော်အပေါ် ဝေဖန်ရေးသားထားသည်။ ၎င်း၏ ဆောင်းပါး၌ “အခြေခံ ဥပဒေက မည်သို့ပင် ဆိုစေကာမူ လွှတ်တော်ဥက္ကဋ္ဌများနှင့် အပေါင်းပါများက လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်” ဟု ဖော်ပြထားသည်။
လွှတ်တော် ဥက္ကဋ္ဌများနှင့် အပေါင်းပါများ ဟူသော စကားလုံးသည် လွှတ်တော်နှင့် ကိုယ်စားလှယ်များ ထင်ရာစိုင်း လုပ်ဆောင်နေသည်ဟူသော သဘောထားအသွင်ကို ဆောင်စေသည့်အတွက် ကိုယ်စားလှယ်အများစုက ဆိတ်ဖွား အပေါ် ပြင်းထန်သည့် ဝေဖန်မှုများ ရှိခဲ့သည်။
ထို့အတူ အင်တာနက်ပေါ်၌ မည်သူမည်ဝါ ရေးသားမှန်း မသိသည့် အရေးမကြီးသည့် ဒေါက်တာ ဆိတ်ဖွား ကိစ္စကို လွှတ်တော်၌ အရေးကြီး အဆိုတင်သွင်း၍ စုံစမ်းရေး ကော်မရှင်ဖွဲ့ စစ်ဆေးမှု လုပ်ဆောင်သည့် အပေါ်တွင်လည်း လူအများက လွှတ်တော်အပေါ် ဝေဖန်ခဲ့ကြသည်။
ဒေါက်တာ ဆိတ်ဖွားဟု စွပ်စွဲပြောဆိုမှုများနှင့် ပတ်သက်၍ ပြန်ကြားရေး ဒု ဝန်ကြီး ဦးရဲထွဋ် ကိုလည်း မီဒီယာများက မေးမြန်းကြကြောင်း၊ ထို့ကြောင့် ၎င်းမှာ ဒေါက်တာ ဆိတ်ဖွား မဟုတ်ဟု ဖြေကြားနေရကြောင်း ဦးရဲထွဋ်က သူ၏ လူမှုကွန်ရက် ဖေ့စ်ဘုတ် စာနှာမျက်နှာ၌ ရှင်းလင်းရေးသားမှုများ ရှိခဲ့သည်။
ဒေါက်တာ ဆိတ်ဖွား စုံစမ်းရေးကော်မရှင်၏ ခေါ်ယူမေးမြန်းမှုခံရသူ ဦးခင်မောင်ညို (ဘောဂဗေဒ ) ကလည်း ဒေါက်တာ ဆိတ်ဖွား ဆိုသူအား ၎င်းမသိဟု ပြောဆိုကြောင်း ဒီမိုကရက်တစ် မြန်မာ့အသံ (DVB ) ၌ ဧပြီလ ၂၆ ရက်နေ့တွင် ဖော်ပြခဲ့သည်။