ရခိုင်ပြည်နယ်တွင် ယမန်နှစ်က ဖြစ်ပွားခဲ့သော အကြမ်းဖက် မီးရှို့ လူသတ်မှုများ ဖြစ်ပွားစေခဲ့သည့် ပဋိပက္ခဖြစ်စဉ် များကြောင့် ရခိုင်ဒေသသို့ ကမ္ဘာလှည့်ခရီးသည် လာရောက်မှု မရှိတော့ဘဲ ခရီးသွားလုပ်ငန်းများ နာလန်မထူ ဖြစ်နေကြောင်း သတင်း ရရှိသည်။
ယမန်နှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ် များကြောင့် ရခိုင်ဒေသသို့ ကမ္ဘာလှည့် ခရီးသည်များ လာရောက် လည်ပတ်ခွင့်ကို ပိတ်ပင်ခဲ့ရာမှ အစိုးရက ၂၀၁၃ ခုနှစ် ဧပြီလတွင် နိုင်ငံခြားသား ခရီးသွားများ ရခိုင်ဒေသသို့ ပြန်လည် ဝင်ရောက်ခွင့် ပြုခဲ့ကြောင်း၊ သို့ရာတွင် ပဋိပက္ခ အရှိန်ကြောင့် ကမ္ဘာလှည့်ခရီးသည် များမှာ ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ရှေးဟောင်း သမိုင်းဝင်ဘုရား စေတီပုထိုးများ တည်ရှိရာ မြောက်ဦးဒေသများသို့ လာရောက်လည်ပတ်ရန် တွန့်ဆုတ်လျှက် ရှိကြောင်း စစ်တွေမြို့မှ ရွှေသဇင် ဟိုတယ်ပိုင်ရှင် ဦးသန်းရွှေက ဧရာဝတီသို့ ပြောသည်။
“မနှစ် ဇွန်လကစပြီး ဒီနေ့အချိန်ထိ စစ်တွေကို ကမ္ဘာလှည့်နိုင်ငံခြားသား ခရီးသည်တွေ မလာတော့ဘူး။ ကျနော်တို့ဆီကို ၂၀၁၂ ခုနှစ် သြဂုတ်လပိုင်း လောက်ကစပြီး လာရောက်လည်ပတ်ဖို့ စာရင်းပေးထားတဲ့ နိုင်ငံခြားသား ခရီးသည်တွေကို ပဋိပက္ခတွေ ဖြစ်နေတာမို့ အစိုးရက လာရောက်ခွင့်မပေးဘဲ ပိတ်လိုက်တယ်။ အဲဒါကြောင့် ကျနော်တို့ တော်တော်ကို နစ်နာသွားတာပေါ့” ဟု ဦးသန်းရွှေက ဆိုသည်။
ရခိုင်ပြည်နယ်တွင် အကြမ်းဖက် ပဋိပက္ခများ မဖြစ်ပွားမီက စစ်တွေမြို့ရှိ ဟိုတယ်များ၌ နိုင်ငံခြားသား ဧည့်သည်များဖြင့် ပြည့်နှက်နေပြီး ယခုအခါ ကမ္ဘာလှည့်ခရီးသည် လာရောက်မှု အနည်းငယ်သာ ရှိတော့ကြောင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများတွင် တာဝန်ထမ်းနေသော နိုင်ငံခြားသား အရာရှိနှင့် ဝန်ထမ်းများသာ ဟိုတယ် တချို့တွင် ရက်ရှည် နေထိုင်မှု ပြုလုပ်ကြကြောင်း စစ်တွေမြို့ ဟိုတယ်လုပ်ငန်း တာဝန်ခံများက ပြောသည်။
“အရင်တုန်းက ဟိုတယ်တွေမှာ တည်းတဲ့ ဧည့်သည် ၇၀ ရာခိုင်နှုန်းက ကမ္ဘာလှည့် ခရီးသည်တွေ။ အခု ၁၀ ရာခိုင်နှုန်း လောက်တောင် မရှိတော့ဘူး။ ကမ္ဘာလှည့် ခရီးသည် လာတဲ့အရေအတွက်က လက်ချိုးရေလို့ရတယ်” ဟု ဦးသန်းရွှေက ဆိုသည်။
စစ်တွေမြို့တွင် ကမ္ဘာလှည့် ခရီးသည်များအတွက် လည်ပတ်စရာ နေရာအနည်းငယ်သာရှိပြီး ကမ္ဘာလှည့်ခရီးသည်များသည် ရှေးဟောင်း သမိုင်းဝင် ဘုရားစေတီပုထိုးများ တည်ရှိရာ မြောက်ဦးမြို့သို့ သွားရောက်လည်ပတ်ရန် စစ်တွေမြို့တွင် ခရီးတထောက် နားခိုလေ့ရှိကြောင်း သိရှိရသည်။
“စစ်တွေမှာ တရက်ပဲ တည်းပြီး မြောက်ဦးကို ဆက်သွားကြတယ်။ မြောက်ဦးက ပြန်လာရင် စစ်တွေမှာ တရက် ထပ်နေတယ်။ အဲဒီ အချိန်လေးမှာ နိုင်ငံခြားသား ခရီးသည်တွေ မြို့ထဲ လည်ပတ် ဈေးဝယ်တာမျိုး လုပ်ကြတယ်။ ဈေးသည်တွေလည်း ဈေးရောင်း ရတယ်၊ ကားငှားရတယ်၊ ဆိုင်ကယ်ငှားရတယ်။ အခု အဲဒီခရီးသွားတွေ အပေါ်မှာ မှီခိုနေရတဲ့ လုပ်ငန်းတွေ၊ ဈေးသည်တွေလည်း အတော်ကို ထိခိုက်ကုန်တယ်” ဟု စစ်တွေမြို့ နိုဘယ်လ် ဟိုတယ်မှ တာဝန်ရှိသူ တဦးက ပြောသည်။
ကမ္ဘာလှည့် ခရီးသည်များနှင့် စည်ကားခဲ့သော ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၏ အခြေအနေမှာလည်း ကမ္ဘာလှည့် ခရီးသည် လုံးဝမရှိတော့ဘဲ ခြောက်ကပ်နေကြောင်း မြောက်ဦးဒေသခံများ ထံမှ သိရှိရသည်။
အစိုးရက ကမ္ဘာလှည့် ခရီးသည်များကို ရခိုင်ဒေသသို့ ခရီးသွားလာခွင့် ပြန်လည် ခွင့်ပြုထား သော်လည်း စစ်တွေမြို့တွင် လုံခြုံရေးအရ လုံး၀ သွားရောက် လည်ပတ်ခွင့် မပြုသည့် ကန့်သတ်နယ်မြေများ ရှိနေပြီး ယင်းကန့်သတ် နယ်မြေများသို့ နိုင်ငံခြားသားများ အပါအဝင် မည်သူ့ကိုမျှ ဝင်ရောက်ခွင့် မပေးပေ။
လတ်တလော စစ်တွေမြို့ ဟိုတယ်များတွင် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂမှ နိုင်ငံခြားသား ဝန်ထမ်းတချို့လာရောက် တည်းခိုမှုရှိပြီး တည်းခိုခမှာ နိုင်ငံခြားသား တဦးလျှင် အမေရိကန်ဒေါ်လာ ၃၀ အနည်းဆုံး ဈေးပေါက်လျှက်ရှိသည်။
ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ကျဆင်းသော်လည်း စစ်တွေမြို့တွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ လာရောက် အခြေစိုက်ပြီး ပြန်လည် နေရာချထားရေးနှင့် အကူအညီပေးရေး လုပ်ငန်းစဉ်များ လုပ်ဆောင်နေသောကြောင့် ဒေသခံများ အတွက် အလုပ်အကိုင်အခွင့်အလမ်း အသစ်တချို့ ပေါ်ပေါက်လာကြောင်း သိရှိရသည်။
“ဒီမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဝန်ထမ်းတွေရှိတယ်။ သူတို့သုံးတဲ့ ငွေတွေဟာ ဒေသခံတွေ ဆီရောက်သွားတာပဲ။ ဘာသာပြန်တဲ့သူက အစ သန့်ရှင်းရေး လုပ်တဲ့သူအထိ အလုပ်ရကြတယ်” ဟု ဒေသခံတဦးက ဆိုသည်။
ရခိုင်ပြည်နယ်တွင် ယမန်နှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူပေါင်း ၁၉၂ ဦးသေဆုံးခဲ့ပြီး လူဦးရေ ၁ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဒုက္ခသည်များဖြစ်ခဲ့ရကြောင်း ရခိုင်ပဋိက္ခ စုံစမ်းရေး ကော်မရှင်က ထုတ်ပြန်သော အစီရင်ခံစာ ဖော်ပြချက်အရ သိရသည်။