မြန်မာနိုင်ငံရဲ့ အဓိက သယ်ယူ ပို့ဆောင် ဆက်သွယ်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ပြုပြင်မွမ်းမံဖို့ အမေရိကန် ပြည်ထောင်စုက ကူညီလုပ်ဆောင်ပေးတော့မှာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန် ခရီးစဉ်အတွင်း သမ္မတ ဘားရက် အိုဘားမား ဆွေးနွေးမှုတွေထဲက ရလဒ်အဖြစ် အမေရိကန်က ပေးမယ့် မြန်မာနိုင်ငံဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီတွေအနက် သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးလည်း ပါဝင်လာတာ ဖြစ်ပါတယ်။
ဒီအထဲမှာ အဓိကအားဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ပြန်လည် မွမ်းမံပြင်ဆင်ဖို့လည်း ပါဝင်ပါတယ်။
အိမ်ဖြူတော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ မေလ ၂၀ ရက်နေ့က တွေ့ဆုံအပြီး အမေရိကန် သမ္မတ မစ္စတာ အိုဘားမားက “ရန်ကုန်-မန္တလေး လမ်းမကြီး ပြုပြင်ဖို့ကိစ္စလည်း ကျနော်တို့ လုပ်ကိုင်ဆောင်ရွက်နေပါတယ်” လို့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
၁၉၇၀ ဝန်းကျင်လောက်က စစ်အေးခေတ် ကာလအတွင်း မြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီ ဥက္ကဌ ဦးနေဝင်းထံ အရှေ့တောင်နဲ့ တောင်အာရှမှာ အလွန် မဟာဗျူဟာကျတဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ပြုပြင် မွမ်းမံပေးဖို့ အမေရိကန်ရဲ့ ကမ်းလှမ်းချက်ကို မြန်မာဘက်က ပယ်ချခဲ့ဖူးပါတယ်။ အခု ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး ပြုပြင်မွမ်းမံရေးကိစ္စ အသစ်ပြန်စတင်လာတာ ဖြစ်ပါတယ်။
“ဒီ ရန်ကုန်-မန္တလေး လမ်းမကြီးက လေယာဉ်ပျံတွေ ဘာတွေ ဆင်းလို့ရတယ်လို့ ဗိုလ်နေဝင်းက ယူဆပြီး ပယ်ချတာလည်း ပါမယ်။ အဲဒီတုန်းက အဲဒီလို ပြောကြတယ်ပေါ့။ နောက်တခုက တရုတ်ဘက်က မနှစ်သက်ခဲ့လို့ ပယ်ချတာလည်း ပါမယ်။ ပြောရရင် ဒီလမ်းမကြီးက ပထဝီ နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံရေး အရေရော မဟာဗျူဟာ ကျတယ်” လို့ မန္တလေးတက္ကသိုလ် ရူပဗေဒ ပါမောက္ခဟောင်း ဦးလှမြင့်က ဧရာဝတီကို ပြောပါတယ်။
ထိုစဉ်က ဦးနေဝင်းက တရုတ်၊ အမေရိကန်၊ ရုရှား စတဲ့ နိုင်ငံကြီးတွေကြားမှာ ဘာပဲပြောပြော သတ္တိရှိရှိ ကစားနိုင်ခဲ့ပေမယ့် အခု မြန်မာခေါင်းဆောင်တွေဟာ တရုတ်လွှမ်းမိုးမှုကို အမှန်တကယ် လွန်ဆန်နိုင်မယ် မထင်ဘူးလို့လည်း ဦးလှမြင့်က ဆက်ပြောပါတယ်။
အမေရိကန် အကူအညီရရင် ရန်ကုန်-မန္တလေး လမ်းမကြီးဟာ အလွန်ကောင်းသွားမယ်လို့ သူက ဆိုပါတယ်။
ရန်ကုန်-မန္တလေး လမ်းမကြီးဟာ အာရှ လီဒို လမ်းမကြီးကို ချိတ်ဆက်နိုင်ပြီး တရုတ်-အိန္ဒိယ-တောင်အာရှ နိုင်ငံတွေ အတွက်လည်း အဓိကကျတဲ့ လမ်းမကြီး ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးအတွင်း Trade and Investment Frame work Agreement (TIFA) လို့ ခေါ်တဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင် သဘောတူညီချက်တခုကို မြန်မာ ကုန်သွယ်ရေး ဒုဝန်ကြီး ဒေါက်တာ ပွင့်စန်းနဲ့ အမေရိကန် ကုန်သွယ်ရေး အထူးကိုယ်စားလှယ်တဦးဖြစ်တဲ့ မစ္စတာ ဒမီထရတ်စ် မရန်းတတ်စ်တို့ ယမန်နေ့က လက်မှတ်ရေး ထိုးကြပါသေးတယ်။
The Foreign Policy မဂ္ဂဇင်းကြီးရဲ့ သတင်းတပုဒ်မှာလည်း မြန်မာ့ သယ်ယူပို့ဆောင် ဆက်သွယ်ရေးမှာ နောက်ထပ် အရေးပါတဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည်မွမ်းမံ ပြင်ဆင်မှုဆိုင်ရာ လုပ်ငန်းလုပ်ပိုင်ခွင့်နဲ့ ပတ်သက်တာလည်း အမေရိကန်တွေ လုပ်ခွင့် ရနိုင်ခြေရှိတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာ-အမေရိကန် ကုန်သွယ်ရေး စာချုပ် လက်မှတ်ရေးထိုးမှုတွေထဲမှာ ရန်ကုန် လေဆိပ် ပြုပြင်ထိန်းသိမ်းမှု လုပ်ပိုင်ခွင့် အပါအဝင် အခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိတဲ့ နှစ် ၃၀ လုပ်ပိုင်ခွင့် စာချုပ်လည်း ပါဝင်မယ်လို့ အဆိုပါ မဂ္ဂဇင်းက ဆိုပါတယ်။
ရန်ကုန် လေဆိပ် လုပ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဝါရှင်တန်နဲ့ စင်ကာပူတို့မှာ အခြေစိုက်တဲ့ Asia Group နဲ့အတူ ACO ရင်းနှီးမြှုပ်နှံမှု အုပ်စုတို့ ပေါင်းပြီး လုပ်ဆောင်ဖို့ အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။
Asia Group အကြံပေးအဖွဲ့ကိုတော့ မြန်မာပြည်နဲ့ မစိမ်းတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကာ့ဒ် ကမ်းဘဲလ်က ထူထောင်ထားတာပါ။
ACO ရင်းနှီးမြှုပ်နှံမှု အုပ်စုကတော့ မြန်မာနိုင်ငံမှာ အမေရိကန် ဒေါ်လာ သန်း ၇၀၀ လောက် ရင်းနှီးဖို့ အစီအစဉ်ရှိပြီး ဒီအထဲကမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြန်လည် မွန်းမံပြင်ဆင်ဖို့အတွက် အမေရိကန် ဒေါ်လာ သန်း ၂၀၀ လောက်ပါဝင်မှာ ဖြစ်ပါတယ်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြန်လည် မွမ်းမံပြင်ဆင်မှု လုပ်ငန်းတွေကို Asia Group နဲ့ ACO တို့နဲ့ ဘယ်လို လုပ်ဆောင်မယ်ဆိုတာကိုတော့ ဇွန်လ ၂၅ ရက်နေ့မှာပဲ မြန်မာအစိုးရက ကြေညာမှာဖြစ်တယ်လို့ ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ ခရီးစဉ်အတွင်းမှာ သမ္မတ အိုဘားမားအပြင် အမေရိကန် ကွန်ဂရက် လွှတ်တော်အမတ်တွေ၊ အမေရိကန် စီးပွားရေးသမားတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံပြီး မြန်မာ့ ပြုပြင်ပြောင်းလဲရေးကို ရှင်းပြကာ အမေရိကန်တွေ မြန်မာမှာ လာရောက်ရင်းနှီးမြှုပ်နံှဖို့ ဆွဲဆောင်ခဲ့ပါတယ်။
ကွန်ဂရက် လွှတ်တော်က ပါတီ ၂ ရပ် ခေါင်းဆောင်တွေနဲ့ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံအပြီးမှာ မြန်မာ့အရေး အလွန်တက်ကြွတဲ့ အထက် လွှတ်တော်အမတ် မစ္စတာ မစ်ချ် မက္ကောနယ်ကတော့ အမေရိကန်အနေနဲ့ မြန်မာကို ပိတ်ဆို့ဒဏ်ခတ်မှု လုံးဝ အဆုံးသတ်ဖို့ အချိန်တန်ပြီလို့တောင် ပြောလိုက်ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန် ခရီးစဉ်အပြီးမှာ အမေရိကန်ဘက်က စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ ကျန်ရှိနေသေးတာတွေလည်း အဆုံးသတ်ဖို့ ပြင်ဆင်နေကြပါပြီ။
ဒီလို အပြန်အလှန် ဆက်ဆံရေး ကောင်းမွန်မှုတွေနဲ့အတူ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပြုပြင်ရေးအပြင် ရန်ကုန် လေဆိပ်ကို ပြန်လည် မွမ်းမံပြင်ဆင်မှုတွေ အမေရိကန်က လုပ်ပိုင်ခွင့် ရမယ်ဆိုရင်တော့ မြန်မာအတွက်လည်း နိုင်ငံတကာ အဆင့်မီ လေဆိပ်တခု ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်း ပါမောက္ခဟောင်း ဦးလှမြင့်က မှတ်ချက်ပေးပါတယ်။
“အခုလို အရေးပါတဲ့ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတွေမှာ အမေရိကန် အကူအညီရတာတော့ ပိုကောင်းတယ်။ ဒါပေမယ့် တရုတ် လွှမ်းမိုးမှုက မြန်မာပြည်မှာ တော်တော်ရှိနေတယ်။ ပြောရရင် တရုတ်က မြန်မာကို ဒုက္ခပေးလို့ ရနေတယ်။ တကယ်ဆိုရင် မြန်မာ-အမေရိကန် အရှည်သဖြင့် ဆက်ဆံရေး ချောမွေ့ ကောင်းမွန်နေအောင် ထိန်းသိမ်းဖို့ လုပ်နိုင်ပါ့မလား စိုးရိမ်မိတယ်” လို့ သူက ဆိုပါတယ်။
တဖက်မှာလည်း အမေရိကန် Asia Group နဲ့ ACO ရင်းနှီးမြှုပ်နံှမှု အုပ်စုတွေက အနေနဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံး ကုမ္ပဏီကြီးလည်းဖြစ်တဲ့ Asia World ကို ပြိုင်ဆိုင်ရဖို့ ရှိနေတယ်လို့လည်း The Foreign Policy မဂ္ဂဇင်းက ဆိုပါတယ်။
Asia World ကုမ္ပဏီဟာ တချိန်က မူးယစ်ရာဇာ လော်စစ်ဟန်ရဲ့ သားဖြစ်သူ စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် တည်ထောင်ထားတာဖြစ်ပြီး အမေရိကန် ပြည်ထောင်စုက အခုထိ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းမှာ ထိပ်ဆုံးက ဖော်ပြထားဆဲဖြစ်ပါတယ်။