ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်စပ် နမ့်ခမ်းမြို့နယ်ရှိ ကချင်စစ်ဘေးရှောင် နေဝန်းနီ ပလောင်ဒုက္ခသည်စခန်းမှ ကလေးငယ်များသည် စာမေးပွဲအောင်သော်လည်း အတန်းတက်ရန် အခက်အခဲရှိနေကြောင်း သတင်းရရှိသည်။
ဒုက္ခသည်စခန်းတွင် ကျောင်းနေအရွယ်ကလေး ၃၄ ယောက်ရှိပြီး နမ့်ခမ်းမြို့နယ်ရှိ ကျောင်းများ၌ ၂၀၁၂-၂၀၁၃ စာသင်နှစ် တဝက် တက်ရောက်၍ စာမေးပွဲ ဖြေဆိုခဲ့ကြသူများ ဖြစ်သည်။
ထိုကလေးများသည် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် နောက်အတန်း တတန်း တက်ရောက်ရန် စာမေးပွဲ အောင်မြင်သော် လည်း ကျောင်းပြောင်း လက်မှတ် မပါရှိသောကြောင့် ကျောင်းမှလက်မခံသေးကြောင်း ပလောင် အမျိုးသမီး အစည်းအရုံးမှ ဒေါ်လွင်မိုခမ်း က ပြောပြသည်။
နေဝန်းနီ ဒုက္ခသည်စခန်းတွင် ကူညီနေသူ ပလောင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ မှ ဦးဘသန်း ကလည်း“မနှစ်က စာသင်နှစ် ဝက် လက်ခံတာက ကျောင်းက ယာယီပဲတက်မှာဆိုပြီး လက်ခံထားတာလို့ ပြောတယ်။ ဒါပေမယ့် အခုတက်မယ်ဆိုရင် ကျောင်းမှာစာရင်းသွင်းဖို့ ကျောင်းပြောင်းလက်မှတ် ပါမှ တက်လို့ရမယ်တဲ့”ဟု ပြောသည်။
ကလေးမိဘများ အနေဖြင့် ခရီးဝေးခြင်း၊ ကုန်ကျစရိတ်မတတ်နိုင်ခြင်း တို့ကြောင့် မူလကျောင်းများသို့ ပြန်၍ ကျောင်းပြောင်း လက်မှတ် ယူရန် အခက်အခဲဖြစ်နေကြကြောင်းလည်း သိရသည်။
ဦးဘသန်း က ဆက်လက်ပြီး မြို့နယ်ပညာရေးမှူးနှင့် ဆွေးနွေး၍ ကျောင်းပြောင်းလက်မှတ်ရယူရန် ကူညီသွားမှာဖြစ်ကြောင်းနှင့် ကလေးများ ယခု ပညာသင်နှစ်တွင် ကျောင်းတက်ခွင့် ရရန် အတတ်နိုင်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။
နေဝန်းနီ ဒုက္ခသည်စခန်းမှ တာဝန်ခံ ဦးကျော်ဆွေကလည်း“အစက ကလေးတွေ အောင်စာရင်းမှာ နာမည် မပါလာလို့ စိတ်ပူသွားတယ်။ အတန်း တက်ဖို့ စာရင်းသွင်းရမှာပါ။ ကျောင်းပြောင်းလက်မှတ်ရရင် အဆင်ပြေပါပြီ”ဟု ဆိုသည်။
နေဝန်းနီဒုက္ခသည်စခန်းတွင် မိသားစုပေါင်း ၉၇ စုရှိပြီး ကလေးအများစုမှာ ၅ နှစ်အောက် ကလေးများဖြစ်ကြောင်း၊ တချို့ကျောင်း နေအရွယ် ကလေးများမှာ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းမျာသိ့ု ပို့ထားကြောင်း သိရသည်။
နေဝန်းနီဒုက္ခသည်စခန်းတွင် စစ်ဘေးရှောင် ဒုက္ခသည်များအား ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ပြီး ထားရှိခဲ့ခြင်း ဖြစ်သည်။
ယခုမိုးရာသီဝင်ရောက်ပြီ ဖြစ်သောကြောင့် ဒုက္ခသည်စခန်းများရှိ ကလေးငယ်များ ဝမ်းပျက် ဝမ်းလျှော ဖြစ်ပွားမည်ကို စိုးရိမ်ရကြောင်းနှင့် ဆေးဝါးမလုံလောက်မှုလည်း ရှိကြောင်း ဒုက္ခသည်စခန်း တာဝန်ရှိသူများက ပြောသည်။
လက်ရှိတွင် ဒုက္ခသည်စခန်း၏ စားရေးသောက်ရေးအတွက် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်မှ လစဉ် ဆန်ထောက်ပံ့မှုရှိပြီး ဒုက္ခသည်များကို ကူညီနေသည့် ကရုဏာ အဖွဲ့က တရက်လျှင် ဒုက္ခသည် တဦးအတွက် ကျပ်၂၀၀ ထောက်ပံ့ကြောင်း သိရသည်။
“ဒုက္ခသည်တွေအတွက် အိမ်ဆောက်ပေးဖို့ ရှိတယ်။ ပစ္စည်းမစုံသေးလို့ မဆောက်ဖြစ်သေးတာ။ အခုမိုးရာသီအတွက်တော့ နေ စရာ နေရာ အဓိကပဲ”ဟု ဦးကျော်ဆွေ က ဆိုသည်။
ဒုက္ခသည် အများစုမှာ ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မန်စီမြို့နယ် အူလံဘာ ကျေးရွာအုပ်စုရှှိ အထက် မန်လွယ်ရွာ၊ အောက် မန်လွယ်ရွာနှင့် ကျူဝိုင်း ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာကြသူများ ဖြစ်သည်။
နမ့်ခမ်းမြို့နယ်တွင် ဒုက္ခသည်စခန်းပေါင်း ၄ ခုရှိပြီး မိသားစုဝင်ပေါင်း ၃၀၀ ကျော် ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံ ကချင်ပြည်သူ သောင်းချီ၍ စစ်ပြေးဒုက္ခသည်များအဖြစ် ဒုက္ခသည် စခန်းများတွင် နေထိုင်ကြရဆဲ ဖြစ်သည်။