သတင်း

ထားဝယ် စီမံကိန်း၌ ထိုင်း စီးပွားရေး လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ထိုင်းအစိုးရက မြန်နိုင်ငံ တနင်္သာရီတိုင်းရှိ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းများတွင် စီးပွားရေး လုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

ယင်းဆုံးဖြတ်ချက်ကို အင်္ဂါနေ့ကကျင်းပသည့် ထိုင်း ကက်ဘိနက် အစည်းအဝေးတွင်အတည်ပြု၍ ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ် သည်ဟု ထိုင်း သတင်းအေဂျင်စီ (TNA)တွင် ဖော်ပြထားသည်။

ထို အတည်ပြုချက်တွင် ထိုင်းနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများနှင့် စီးပွားရေး ဖွံ့ဖြိုးရန် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Neighbouring Countries Economic Development Cooperation Agency-NEDA) အနေနှင့် ထားဝယ် အထူးစီးပွားရေး ဇုန် ဖွံ့ဖြိုးရေး ကုမ္ပဏီ ထောင်၍ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အတွက် ထိုင်းအစိုးရ ဘဏ္ဍာရေး ဝန်ကြီး ဌာန ၏ ဆုံးဖြတ်ချက်လည်း ပါဝင် ကြောင်း သိရသည်။

NEDA သည် ထိုင်း စီးပွားရေးဖွံ့ဖြိုးရန် နှင့် အိမ်နီးချင်းနိုင်ငံများကို စီးပွားရေးနှင့်ပတ်သက်ပြီး အကူအညီများ ပေးနိုင်ရန် အတွက် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ဘဏ္ဍာရေးမူဝါဒ ဆိုင်ရာရုံး လက်အောက်တွင် ဖွဲ့စည်းထားသည့် အများပြည်သူဆိုင်ရာ အဖွဲ့အစည်း ဖြစ် သည်။

ထိုင်းအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ တဦး ဖြစ်သည့် Chalitrat Chantarubeksa ကလည်း ဘဏ္ဍာရေး ဝန်ကြီးဌာန အနေနှင့် ထားဝယ် ဆိပ်ကမ်း၌ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ပြီး အတည်ပြု ဆုံးဖြတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတွင်းက စက်သုံးဆီ ထုတ်လုပ်သည့် စီးပွားရေး လုပ်ငန်းရှင်များအတွက် အခွန်အခ များကိုလည်း လာမည့် ဇွန်လကုန်အထိ လျှော့ပေါ့ပေး သွားမည် ဖြစ်ကြောင်း၊ ထိုနည်းဖြင့် လူနေမှုစရိတ်ကြီးမြင့်မှုကိုလည်း လျော့ကျစေရန် ကူညီသွားမည် ဖြစ်ကြောင်း ပြောကြားထား သည်။

ထိုင်း ကက်ဘိနက်ကလည်း ထိုင်းပို့ကုန် လုပ်ငန်းရှင်များ၏ အခွန်အခများ နှင့် ပတ်သက်ပြီး ဘဏ္ဍာရေး ဝန်ကြီး ဌာနသို့ တင်ပြ ထားကြောင်း သိရသည်။

၂၀၀၈ ခုနှစ် မေလတွင် ပြုလုပ်သော နှစ်နိုင်ငံအစိုးရများအကြား နားလည်မှုစာချွန်လွှာအရ ပထမဆုံး သဘောတူခဲ့သည့် ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းကို အဓိကလုပ်ကိုင်ခွင့်ရသူမှာ ဘန်ကောက် အခြေစိုက် အီတာလျံ-ထိုင်း ကုမ္ပဏီ (Italian-Thai Development  – ITD) ဖြစ်သည်။ အီတာလျံ-ထိုင်းက အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ တန် စီမံကိန်းကြီးများ လုပ်ဆောင်သွားရန်ရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် PTT ကဲ့သို့သော ထိုင်းအစိုးရပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ ကြီးများ အပါအဝင် ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံများမှပါ လာရောက်ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်သွားရန် စီစဉ်နေကြောင်းလည်း သိရသည်။

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းသည် စတုရန်းမိုင် ၁၀၀ ခန့်(၂၅၀ စတုရန်း ကီလိုမီတာ) အကျယ်အဝန်း ရှိကြောင်း ITD ကုမ္ပဏီ ၏ မှတ်တမ်းများ၌ ပါရှိသည်။

မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေးဌာနမှ ထုတ်ပြန်ထားချက်များအရ ထားဝယ် ရေနက်ဆိပ်ကမ်း ပြီးစီးပါက ကုန်တင် သင်္ဘောကြီး ၂၅ စင်း တပြိုင်တည်း ဆိုက်ကပ်နိုင်ပြီး တနှစ်လျှင် ကုန်ပစ္စည်း မက်ထရစ် တန်ချိန် သန်း ၁၀၀ နီးပါး အတင် အချ ပြုလုပ်နိုင်မည်ဟု သိရသည်။
စီမံကိန်းအတွက် ရေဖြူမြို့နယ်ရှိ ရွာ ၉ ရွာ၊ မင်းဒပ်ရွာ ရေနက်ကွင်း ဧရိယာ နဘုလယ် ဒေသရှိ ရွာ ၅ ရွာတို့အား ပြောင်းရွှေ့နေရာ ချရန် ရွာသစ်များ ဆောက်လုပ်လျက် ရှိကြောင်း ဒေသခံများထံမှ သိရသော်လည်း အစိုးရပိုင်းက ၎င်းနှင့်ပတ်သက်၍ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်ကမူ“ရွာသားတွေနဲ့ပတ်သက်ပြီးရော သဘာ၀ ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးရော ကျနော်တို့ အနေနဲ့ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး အကောင်းဆုံးလုပ်မှာပါ၊ သိမ်း ယူမယ့် ဥယျာဉ်ခြံမြေတွေကို လျော်ကြေးငွေ ဘယ်လိုပေးမလဲ ဆိုတာကိုလည်း တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေနဲ့ဆွေးနွေးမှာပါ”ဟု ၂၀၁၂ နှစ်ကုန်ပိုင်းက IBC(International Business Centre) တွင် ကျင်းပသော ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားထားသည်။

အဆိုပါစီမံကိန်းအတွက် ခန့်မှန်းတွက်ချက် ကုန်ကျငွေ အမေရိကန် ဒေါ်လာ ၁၀ ဒဿမ ၇ ဘီလီယံအထိ ကုန်ကျမည်ဟု ထိုင်း မီဒီယာများတွင် ဖော်ပြထားသည်။

မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လတ် ရှင်နာဝပ် တို့ ယင်း စီမံကိန်းအတွက် ၂ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အပြီးအကောင်အထည် ဖော်ရန် သဘောတူညီထားကြောင်း သိရသည်။

“ကိုယ့်နိုင်ငံမှာတိုးတက်ဖို့ စီမံကိန်းတွေဆောက်တာကို မျက်စိစုံမှိတ် မလုပ်ရဘူးလို့ ပြောနေမယ်ဆိုလည်း နိုင်ငံနစ်နာမယ်။ လုပ်ပြီ ဆိုရင်လည်း ပြောင်းရွှေ့ရမယ့် ရွာတွေနဲ့ ပျက်စီးမယ့် သဘာဝပတ်ဝန်းကျင်အတွက် ဘာတွေလုပ်မလဲဆိုတဲ့ ကုစားချက်က ရှိဖို့လိုတယ်။ အရင်က ဒါတွေမရှိခဲ့ဘူး။ ဒီစီမံကိန်းမှာ ဒါတွေထည့်စဉ်းစားမယ်လို့ အစိုးရကပြောတာ အမှန်ဖြစ်ပါစေလို့ပဲ ဆုတောင်း တယ်”ဟု သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တဦးက ဧရာဝတီသို့ ပြောသည်။

ထိုင်းနိုင်ငံရှိ Map Ta Phut(မက်တာဖု) စက်မှုဇုန်များတွင် သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့လာရခြင်းကြောင့် ထိုင်းနိုင်ငံမှ တာဝန်ယူတည်ဆောက်မည့် ထားဝယ် ရေနက်စီမံကိန်းတွင် အဆိုပါပြဿနာများ ကြုံတွေ့လာနိုင် ကြောင်း သဘာ၀ ပတ်ဝန်းကျင်ပညာရှင်များက ထောက်ပြပြောကြားထားသည်။ သို့သော် အစိုးရပိုင်းက ယနေ့ အထိ ကျန်းမာရေး ဆိုင်ရာ ပြဿနာများ၊ လူမှုရေးဆိုင်ရာ ပြဿနာများကို မည်သို့ဖြေရှင်းပေးမည်ကို ပြောကြားနိုင်ခြင်း မရှိသေးချေ။

စီမံကိန်းတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ၊ သံမဏိ စက်ရုံ၊ ဓာတ်မြေသြဇာ စက်ရုံ၊ သင်္ဘောကျင်း၊ ရေနက်ဆိပ်ကမ်း၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ရေနံဓာတု စက်ရုံများ ပါဝင်သော အကြီးစား စက်မှုဇုန် နှစ်ခု၊ အလတ်စား စက်မှုဇုန် နှစ်ခု၊ အသေးစား စက်မှုလုပ်ငန်းများနှင့် မြို့ပြအတွက် စက်မှုဇုံ နှစ်ခု ပေါင်း ၆ ခု ပါဝင်မည်ဖြစ်သည်။

ထိုင်းနိုင်ငံ ကန်ချနဘူရီ – ထားဝယ် အဝေးပြေးလမ်း၊ မီးရထားလမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၊ Transmission Line များ ပါဝင်မည်ဖြစ်ကြောင်း နှစ်နိုင်ငံ ထုတ်ပြန်ချက်များအရ သိရပြီး စီမံကိန်းကို ၁၀ နှစ် စီမံကိန်းချ၍ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading