သတင်းတို

ပြုပြင်ပြောင်းလဲရေးဟု ဆိုသော်လည်း ပြည်သူဘ၀ မတိုးတက်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံတွင် ပြုပြောင်းလဲရေး လုပ်နေပါသည်ဟု ဆိုသော်လည်း ပြည်သူများအတွက် အပြောင်းအလဲ အလွန်နည်းပါးနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။ ယနေ့မနက် ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမဆုံးသော ဗဟိုကော်မတီဝင်အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးဟု ပြောဆိုနေသည်မှာ ၃ နှစ်ခန့်ရှိလာပြီဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေး အောင်မြင်နိုင်ရင် ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေပါသည်ဆိုသော သူများအားလုံးကိုယ်တိုင် မိမိကိုယ်ကိုယ်ကိုယ်ပြုပြင်ပြောင်းလဲရန်လိုအပ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များသည် အပြောနှင့် မပြီးနိုင်ကြောင်း၊ ၃ နှစ်အတွင်း  ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေသည်ဟုဆိုသော်လည်း ပြည်သူလူထု၏ဘ၀ တိုးတက်မှု အလွန်နည်းပါးကြောင်း၊ ပြည်သူလူထုဘဝတိုးတက်မှသာလျှင် ထိရောက်သော ပြုပြင်ပြောင်းလဲရေး ဟုဆိုနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ “ကျမတို့နိုင်ငံက ပြုပြင်ပြောင်းလဲရေးလမ်းစဉ်သွားနေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒီလိုပြုပြင်ပြောင်းလဲရေး လမ်းစဉ် တကယ်သွားဖို့ဆိုတာက ပြုပြင်ပြောင်းလဲရေးလမ်းစဉ်မှာ ပါဝင်နေတဲ့သူအားလုံး က ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲနိုင်မှ အောင်မြင်နိုင်မှာပါ။ ပြုပြင်ပြောင်းလဲရေးဆိုတာ အပြောနဲ့ တင်မပြီးပါဘူး။ အခုဆိုလို့ရှိရင်  ပြုပြင်ပြောင်းလဲရေးလို့ ပြောခဲ့တာ ၃ နှစ်လောက်ရှိပါပြီ။ ၃ နှစ်အတွင်းမှာ ကျမတို့ ပြည်သူတွေအတွက် ဘယ်လောက် အပြောင်းအလဲရှိလဲဆိုတာ သေချာစဉ်းစားကြည့်ရင် စမ်းသပ်ကြည့်ရင် အင်မတန်မှ နည်းတယ်လို့ ပြောရမှာပါ။ တကယ်ပြုပြင်ပြောင်းလဲရေးထိရောက်ဖို့ဆိုရင် ထိရောက်တယ်လို့ ပြောနိုင်ဖို့ဆိုရင် ကျမတို့ ပြည်သူတွေ ဘဝက တိုးတက်ရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

Loading