သတင်း

KIO ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကချင်ပြည်သူများ ကြိုဆိုမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်လပ်ရေး အဖွဲ့(KIO)တို့ လာမည့် မေ ၂၈ ရက်တွင် ကျင်းပမည့် တွေ့ဆုံဆွေးနွေးပွဲကို မြစ်ကြီးနား မြို့သူမြို့သား ၁၀၀၀ ကျော်က ကြိုဆိုရန် စီစဉ်နေကြပြီး ရလဒ်ကောင်းများ ရရှိရန် မျှော်လင့်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် အမျိုးသမီးအင်အား ၁၀၀ ခန့်နှင့် မြစ်ကြီးနားမြို့ စီတာပူ လမ်းတလျှောက် ဗလ မင်းထင် တံတားအထိ ပြည်သူများက ကြိုဆိုကြမည်ဟု သိရသည်။

တွေ့ဆုံ ဆွေးနွေးပွဲကို မေ ၂၈ ရက်နေ့တွင် ပဏာမ တွေ့ဆုံရန် စီစဉ်ထားကြောင်း၊ ၂၉ ရက်နေ့တွင် KIOက ရပ်မိရပ်ဘများ၊ ခရစ်ယာန် သာသနာပြု အဖွဲ့များနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း၊ ၃၀ နှင့် ၃၁ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီနှင့် ထပ်မံ တွေ့ဆုံမည် ဖြစ်ကြောင်း၊ အကြမ်းဖျင်း အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မတီနှင့် ၃ ရက်၊ ရပ်မိရပ်ဘ များ နှင့် ၁ ရက် တွေ့ဆုံရန် စီစဉ်ထားကြောင်း၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်(UNDP) မှ ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြား ထားကြောင်း KIOက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဦးလှမောင်ရွှေကမူ“ကြိုဆိုရေး အစီအစဉ်နဲ့ပတ်သက်ပြီး သေသေချာချာတော့ မသိပါဘူး။ လတ်တလောမှာ ဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး အဖွဲ့က မေ၂၆ မှာ ခရစ်ယာန် ခေါင်းဆောင် ၆ ဦးအပါအဝင် ရပ်မိရပ်ဘ ၁၄ ဦးနဲ့ တွေ့ပါတယ်။ မေ ၂၇ မှာ KIOဘက်ကို ကြိုဆိုပါမယ်”ဟု ဧရာဝတီ သို့ ပြောဆိုသည်။

ဤဆွေးနွေးပွဲအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက ပြင်ပဧည့်သည် အနေဖြင့် တက်ရောက်ရန် ဖိတ်ကြားထားမှု မရှိကြောင်း၊ KIO ဘက်က ဖိတ်ကြားထားသူများ ရှိနေပြီး ထိုသူတို့ကို တက်ရောက်ခွင့်ပေးမည် ဖြစ်ကြောင်း၊  ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ဗီဂျေ နမ်ဘီယာ တက်ရောက်မည်ဆိုသည့် သတင်းနှင့် ပတ်သက်၍ မသိသေးကြောင်း၊ ၎င်းမှာ ယခုအချိန်အထိ ရန်ကုန်သို့ မရောက်သေးကြောင်း သူက ဆက်ပြောသည်။

ရပ်မိရပ်ဘများနှင့် တွေ့ဆုံရာတွင် ဦးအောင်မင်းနှင့်အတူ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ မြောက် ပိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒု ဗိုလ်ချုပ်ကြီး မြင့်စိုး တို့အပြင် ဒုဝန်ကြီးများ ပါဝင်ခဲ့ကြောင်း ဦးလှမောင်ရွှေက ပြောသည်။

ကချင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ဝပြည် သွေးစည်းညီညွတ်ရေး ပါတီ(UWSP)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSA/SSPP)၊ ချင်းအမျိုးသား တပ်ဦး(CNF) တို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်မည်ဟု သိရသည်။

ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး မြစ်ကြီးနားမြို့ ဆွတ်ငိုင်တောင် စီတာပူ နှစ်ခြင်း ဒုက္ခသည်စခန်းမှ တာဝန်ရှိသူ ဦးနော်အောင်က “ငြိမ်းချမ်းရေးပွဲနဲ့ပတ်သက်ပြီးတော့ အရမ်းကြီး မမျှော်လင့်ရဲပါဘူး။ ဒီက လူတွေကော ကိုယ်တိုင်ကော စစ်ရဲ့အနိဌာရုံတွေ ကြုံတွေ့ခဲ့ရပြီးပြီ။ ထပ် မခံစားချင်တော့ဘူး။ အကောင်းဆုံး ဖြစ်စေချင်ပါတယ်”ဟု ဆိုသည်။

အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်မည့် ကချင်အမျိုးသမီး အရေး လှုပ်ရှားသူ တဦးဖြစ်သည့် ဒေါ်ဂျာစမ်းခေါင် ကလည်း ဆွေးနွေးပွဲကို အကောင်းဆုံးဖြစ်ရန် မျှော်လင့်ထားကြောင်း၊ ဖြစ်လာလိမ့်မယ်ဟုလည်း ယုံကြည်ထားကြောင်း ပြော ဆို သည်။

ဆွေးနွေးပွဲကို ကြိုဆိုမည့် စီတာပူမြို့နယ် အမှတ် ၂ ရပ်ကွက်တွင် နေထိုင်သူ ကိုလဂွန်းစံ ကမူ“ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းကြသူ တွေကို ကြိုဆိုတာပါ။ ဘယ်သူရယ်မှ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံ ကောင်းဖို့ စဉ်းစားကြပြီး လုပ်သူတိုင်းကို ကြိုဆိုတဲ့ သဘောပါ။ ရှေ့ဆက်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်လာဖို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

စစ်ဘေးဒဏ်ခံခဲ့ရသူ ဂါရာယန်ရွာသူတဦးက“အိမ်ပြန်ချင်ပြီ၊ စစ်ပွဲတွေကို မတွေ့ချင်တော့ဘူး။ မောင်နှမတွေလည်း သေကုန်ပြီ။ ဘာပဲ ပြောပြော သူတို့တွေကို နားလည်စေချင်တာ ငါတို့ အိမ်ပြန်နေချင်ပြီ။ ဒီမှာမနေချင်ဘူး။ ကျန်တာ ငါမသိဘူး”ဟု ပြော သည်။

KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှာ မိုင်ဂျာယန်တွင် ၂ ကြိမ်၊ ထိုင်းနိုင်ငံ ချင်းဆန်တွင် တကြိမ်၊ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ၂ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ယခုအကြိမ်မှာ သတ္တမ အကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်သည်။

ကချင်ပြည်နယ်အတွင်း အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) တို့အကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက် နေ့မှ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံ ကချင်ပြည်သူ သောင်းချီ၍ စစ်ပြေးဒုက္ခသည်များအဖြစ် ဒုက္ခသည် စခန်း များတွင် ခိုလှုံနေထိုင်ကြရဆဲ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading